
ဘားအံ ဇန်နဝါရီ ၃၀
နိုင်ငံတော်အစိုးရက အကောင် အထည်ဖော် ဆောင်ရွက်သွားမည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် (၅) ရပ်ကို ကျယ် ကျယ်ပြန့်ပြန့် သိရှိနားလည် သဘောပေါက်စေပြီး ပြည်ထောင်စု စိတ်ဓာတ်များ အစဉ်ကိန်းအောင်း ရှင်သန်နေစေရေး အတွက် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲကို ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်း က ဘားအံပညာရေးဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် နိုင်ငံတော်က ချမှတ် ထားသော အမျိုးသားရေးဦးတည် ချက်များအပေါ် သက်ဝင်ယုံကြည် ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းစွမ်းတမံ ဆောင် ရွက်ပေးကြရန် တိုက်တွန်းလို ကြောင်း၊ ယခုကျပန်းစကားပြော ပြိုင်ပွဲမှ ရရှိသည့် အတွေ့အကြုံ များကို အခြေခံပြီး ကျောင်းသား သူငယ်များကို အပြောအဆို စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာ စေရန်၊ ဘာသာစကား အပြော၊ အဆိုနှင့် စာဖတ်စွမ်းရည် ကျွမ်းကျင်မှုများ ရရှိလာစေရန် လေ့ကျင့်ပျိုးထောင်ပေးကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ညီနောင်တစ်စု တည်ထောင်ပြုသည့် ပြည်ထောင်စု ခေါင်းစဉ်ဖြင့် ပြိုင်ပွဲကို ကျင်းပ ရာ ဘားအံပညာရေး ဒီဂရီ ကောလိပ်မှ သင်တန်းသား၊ သင်တန်းသူ ကိုးဦး ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဒုတိယကျောင်းအုပ် ကြီးနှင့် ပါမောက္ခ၊ ကထိက၊ ဌာနမှူးများ၊ သင်တန်းသား၊ သင်တန်းသူများက ကြည့်ရှု အားပေးသည်။
ပြိုင်ပွဲအပြီးတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ဘားအံပညာ ရေး ဒီဂရီကောလိပ် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်း နှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး တရားမျှတ၊ ပြည်ထောင်စု အလှခေါင်းစဉ် ဖြင့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပနေမှုကို ကြည့်ရှုအားပေးသည်။
အလားတူ ဘားအံပညာရေး ဒီဂရီကောလိပ်တွင် (၇၅) နှစ် မြောက် စိန်ရတုပြည်ထောင်စု နေ့ အထိမ်းအမှတ်အနေဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ ဆောင်းပါးပြိုင်ပွဲများ ကျင်းပပြီး ဆုရရှိသူများအား ပြည်ထောင်စု နေ့ အခမ်းအနားတွင် ဆုချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)