အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုများအပေါ် ကြိုတင်စီမံပြင်ဆင်ခြင်း

Type

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာထမ်းများ

မခေါ်ဘဲလာနေတဲ့ အယ်လ်နီညို


“အယ်လ်နီညို” ဆိုတာ  ယေဘုယျအနေနဲ့ပြောရရင် မိုးရွာသွန်းမှု ပုံစံပြောင်းလဲလို့ ပြင်းထန်တဲ့ အပူလှိုင်းတွေ၊ မိုးခေါင်မှုတွေ ဖြစ်ပေါ် စေတာလို့    နားလည်မှတ်သားမိပါတယ်။    အယ်လ်နီညိုကြောင့် အချို့ဒေသတွေမှာ မိုးခေါင်ပေမယ့် အချို့ဒေသတွေမှာတော့ မိုးများပြီး  ရေလွှမ်းမိုးမှုတွေလည်း    ကြုံတွေ့ရတာမျိုးတွေရှိပါတယ်။    ဒီတော့ အယ်လ်နီညိုလို့ဆိုလာရင် မိုးရွာသွန်းမှုပုံစံမူမမှန်တာ၊ အပူချိန်မြင့်မား တာ၊ မုန်တိုင်းတွေ ပုံမှန်မဟုတ်ဘဲ ဖြစ်ပေါ်တတ်ပြီး အလွယ်အနေနဲ့ ပြောရရင်တော့ ကမ္ဘာ့ရာသီဥတုက   ပုံမှန်မဟုတ်ဘဲ   ဖောက်ပြန်တဲ့ ဖြစ်စဉ်လို့ပြောရမှာဖြစ်ပါတယ်။   အယ်လ်နီညိုက   သာမန်အားဖြင့် နှစ်နှစ်ကနေ ခုနစ်နှစ်အတွင်း တစ်ကြိမ်ဖြစ်ပေါ်တတ်ပြီး  တစ်ကြိမ် ဖြစ်ရင် တစ်နှစ်လောက်အထိ  ကြာတတ်တာမျိုးပါ။   အယ်လ်နီညို ဖြစ်စဉ်က ပုံသေတော့မရှိဘဲ မတူကွဲပြားတတ်ပါတယ်။


ကမ္ဘာမှာ   အယ်လ်နီညိုဖြစ်စဉ်    နောက်ဆုံးဖြစ်ခဲ့တာကတော့ ၂၀၁၆ ခုနှစ်ကဖြစ်ပြီး   အပူပြင်းဆုံးနှစ်အဖြစ်   စံချိန်တင်ခဲ့ပါတယ်။ လတ်တလောမှာ  အယ်လ်နီညိုနဲ့ပတ်သက်ပြီး ခန့်မှန်းချက်တွေကို တွေ့လာရပါတယ်။ မိုးလေဝသပညာရှင်တွေကတော့ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ အယ်လ်နီညိုဖြစ်လာမယ်လို့ တွက်ချက်ထားပါ တယ်။ ကာလအပိုင်းအခြားအနေနဲ့ တိတိကျကျခန့်မှန်းထားတာက တော့ ၂၀၂၃ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၄ ခုနှစ် မတ်လအတွင်းမှာ  အယ်လ်နီညိုဟာ  အားအကောင်းဆုံးကာလဖြစ်လာမယ်လို့    ဆိုပါ တယ်။


ကမ္ဘာနဲ့အဝန်းတွေ့ကြုံရမယ့် အယ်လ်နီညို


အယ်လ်နီညိုကြောင့်     အမေရိကန်ပြည်ထောင်စုတောင်ပိုင်း၊ အရှေ့မြောက်   အာဖရိကနဲ့   ဆိုမားလီးယားကျွန်းဆွယ်၊   အာရှ အလယ်ပိုင်းဒေသတွေမှာ  ရေလွှမ်းမိုးပြီး    ဩစတြေးလျအရှေ့ပိုင်း၊ အင်ဒိုနီးရှား၊    တောင်အာရှနဲ့    အမေရိကအလယ်ပိုင်းဒေတွေမှာ မိုးခေါင်မှုနဲ့ အပူလှိုင်းကျရောက်နိုင်တယ်လို့ ကုလသမဂ္ဂက ကြေညာ  ချက်ထုတ်ပြန်ထားပါတယ်။ ၂၀၂၃-၂၀၂၄ ခုနှစ်ကို အယ်လ်နီညိုနှစ်လို့ တရားဝင်သတ်မှတ်နိုင်တယ်လို့တောင် ဆိုထားပြန်ပါတယ်။ 


အယ်လ်နီညိုဖြစ်စဉ်က  တစ်ကြိမ်နဲ့တစ်ကြိမ်  သက်ရောက်မှု မတူပေမယ့် တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသတွေမှာ မိုးခေါင် ရေရှားတာတွေ၊ ပိုမိုပူနွေးတာတွေ တွေ့ကြုံရလေ့ရှိပါတယ်။ စံချိန်သစ်  တင်နိုင်တဲ့ အပူလှိုင်းဒဏ်ကိုလည်း အရှေ့တောင်အာရှဒေသအနေနဲ့    ရင်ဆိုင်ရနိုင်ပါတယ်။ မိုးခေါင်ရေရှားဖြစ်လို့၊ မြေဆီလွှာတွေခြောက်သွေ့ လို့ စိုက်ပျိုးရေးအတွက် အခက်အခဲတွေ့ရတတ်ပါတယ်။ အထူးသဖြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအပေါ် ကြီးမားတဲ့  သက်ရောက်မှုတွေ အရှေ့တောင်အာရှဒေသမှာ တွေ့ကြုံလာနိုင်ပါတယ်။ 


အတိတ်က ကြုံတွေ့ခဲ့ဖူးတဲ့ဖြစ်စဉ်တွေကို ပြန်ကြည့်ရင်တော့ ၂၀၁၅-၂၀၁၆ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အယ်လ်နီညိုကြောင့် ကမ္ဘာတစ်ဝန်းရှိ လူဦးရေ သန်း ၆၀ ဟာ ထိခိုက်ဆုံးရှုံးမှုတွေ ခံစားခဲ့ရပါတယ်။ အထူး သဖြင့် စားရေရိက္ခာပြတ်လပ်မှုဒဏ်ကို အများအပြား ခံစားခဲ့ရတာပါ။ အဲဒီအချိန်က အရှေ့တောင်အာရှရဲ့ ဆန်ထုတ်လုပ်မှုဟာ အယ်လ်နီညို မဖြစ်ခင် နှစ်နှစ်က ထုတ်လုပ်နိုင်မှုထက် တန်ချိန် ၁၅ သန်း လျော့နည်း  သွားခဲ့ပါတယ်။   အကျိုးဆက်အနေနဲ့   ကမ္ဘာ့ဆန်ဈေးနှုန်းက ၁၆ ရာခိုင်နှုန်းအထိ မြင့်တက်သွားစေခဲ့ပါတယ်။ 


မြန်မာနိုင်ငံနဲ့လည်း မစိမ်းတဲ့အယ်လ်နီညို


၁၉၉၇-၁၉၉၈ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရှိ  မြို့ကြီး ၁၈ မြို့မှာ အပူချိန်အမြင့်ဆုံး စံချိန်သစ်များ တင်ခဲ့သလို မြို့ကြီး ၁၅ မြို့တွင် မိုးရေချိန်အနည်းဆုံးစံချိန်သစ်များ တင်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်ကန ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ အယ်လ်နီညိုရာသီဥတုကို   ခုနစ်နှစ်ကြုံတွေ့ခဲ့ရာမှာ   လေးနှစ်က မိုးခေါင်ရေရှားမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ၂၀၁၅-၂၀၁၆ ခုနှစ်မှာ ကြုံခဲ့  ရတဲ့ အားကောင်းတဲ့အယ်လ်နီညိုကြောင့် စံချိန်တင်ပူပြင်းခြောက်  သွေ့မှုမျိုး ကြုံတွေ့ခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ်ထဲမှာ စံချိန်တင်မီးလောင် ကျွမ်းမှုတွေ    ကြုံခဲ့ရသလို   ပူပြင်းခြောက်သွေ့လွန်းတာကြောင့်  သောက်သုံးရေရှားပါမှုတွေလည်း   ရင်ဆိုင်ခဲ့ရပါတယ်။   တစ်ဆက် တည်းမှာပဲ  စိုက်ပျိုးရေးကဏ္ဍမှာ  ပျက်စီးဆုံးရှုံးမှုတွေ   ကြုံတွေ့ ခဲ့ရပါတယ်။ 
မြန်မာနိုင်ငံအနေနဲ့ကတော့ “အယ်လ်နီညို” ဆိုတဲ့ ရာသီဥတုပုံမှန်  မဟုတ်တဲ့ဖြစ်စဉ်က   တစ်ခါမှမကြုံဖူးတဲ့   ထူးခြားဖြစ်စဉ်   မဟုတ် တော့ဘဲ အတွေ့အကြုံရှိပြီးသားလို့ ဆိုနိုင်ပါတယ်။ အယ်လ်နီညိုကို အကြိမ်ကြိမ်ကြုံဖူးတာမို့   ပေါ့ပေါ့ဆဆနဲ့  သတိမမူဘဲနေတာမျိုး မဖြစ်စေချင်ပါဘူး။ သက်ဆိုင်ရာကဏ္ဍအလိုက်တော့ တတ်နိုင်သမျှ ကြိုတင်ပြင်ဆင်ထားဖို့လိုမှာ ဖြစ်ပါတယ်။ အဓိက သတိရှိရမှာကတော့ အယ်လ်နီညိုရဲ့သက်ရောက်လာနိုင်မှုက ၂၀၂၄ ခုနှစ် အစောပိုင်းကာလ တွေမှာ ပိုမိုလာနိုင်တာကိုပါပဲ။  အထူးသဖြင့် မိုးစပါးနဲ့ နွေစပါးထုတ် လုပ်မှုမှာ ထိခိုက်နိုင်ခြေရှိနေတဲ့ ခန့်မှန်းချက်တွေကို တွေ့နေရလို့ပါ။


အယ်လ်နီညို သက်ရောက်မှုများနိုင်တဲ့ 
စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ


အယ်လ်နီညိုဖြစ်စဉ်နဲ့အတူ မိုးခေါင်ခြင်း၊ အပူလှိုင်းကျရောက်ခြင်း၊  မိုးသည်းထန်စွာ  ရွာသွန်းခြင်းတို့ကြောင့်  စိုက်ပျိုးရေးလုပ်ငန်းများ အပေါ် ထိခိုက်မှုရှိလာနိုင်ပါတယ်။ အထူးသဖြင့် ဆန်စပါး၊ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတွေဟာ မျှတတဲ့ရာသီဥတုအပေါ် များစွာမှီခိုနေရတာမို့ အယ်လ်နီညိုလို ပြင်းထန်တဲ့ရာသီဥတုမျိုးမှာ အထွက်နှုန်းတွေ    ထိခိုက်လာနိုင်ပါတယ်။   အယ်လ်နီညိုကြောင့် အာရှတစ်ခွင်မှာ နှံစားသီးနှံနဲ့ ဆီထွက်သီးနှံများ ထုတ်လုပ်မှုကျဆင်း ပြီး ကမ္ဘာ့လူဦးရေအချို့အတွက်  အစားအစာပြတ်လပ်မှု မြင့်မားလာ နိုင်ကြောင်းကို   ၂၀၂၃ ခုနှစ်  ဇွန်လ ၁ ရက်နေ့ကထုတ်တဲ့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ အယ်လ်နီညိုကြောင့် နိုင်ငံတော်တော် များများရဲ့ စိုက်ပျိုးရေးကဏ္ဍအပေါ် ထိခိုက်နိုင်တယ်လို့  ခန့်မှန်းထား ပါတယ်။


၂၀၂၃ ခုနှစ်   မတ်လမှမေလအထိ   ဖြစ်ပေါ်ခဲ့တဲ့အပူလှိုင်းဟာ  ထိုင်း၊ လာအိုနဲ့  မြန်မာနိုင်ငံတို့မှာ  ၄၅ ဒီဂရီစင်တီဂရိတ်၊ ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံတို့မှာ ၄၀ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်မြင့်တက် ခဲ့တာကို တွေ့ရပါတယ်။ ယေဘုယျအားဖြင့် အပူချိန် ၃၀ ဒီဂရီစင်တီ ဂရိတ် ကျော်သွားရင် စပါးအထွက်နှုန်းလျော့ကျစေပါတယ်။ ဖိလစ်ပိုင် ရှိ အပြည်ပြည်ဆိုင်ရာ  ဆန်စပါးသုတေသနဌာနရဲ့   လေ့လာမှုအရ ခြောက်သွေ့ရာသီအတွင်း ညဘက်အပူချိန်က ပျမ်းမျှ ၁ ဒီဂရီ စင်တီ ဂရိတ်တိုးလာတိုင်း စပါးအထွက်နှုန်းက ပျမ်းမျှ ၁၀ ရာခိုင်နှုန်း ဆုံးရှုံး နိုင်တယ်လို့ ဆိုပါတယ်။   စံအရရှိသင့်တဲ့   အပူချိန်ထက်ကျော်လာ တာနဲ့အမျှ စပါးအထွက်နှုန်းက လျော့ကျလာတာပါ။  အပူဒဏ်ခံရရင် ကစီဓာတ်ကိုလျော့နည်းစေတဲ့အပြင် အစေ့အဆန်များမှာ မြေဩဇာ အာဟာရဓာတ်တိုးလာမှုကို  လျော့ကျစေပါတယ်။ အပူဒဏ်ကြောင့် စပါးအထွက်နှုန်းသာမက အရည်အသွေးကိုပါ ထိခိုက်စေတာမျိုးတွေ့ရ ပါတယ်။ အယ်လ်နီညိုဖြစ်တဲ့ရာသီတွေဆိုရင် အပူဒဏ် သိပ်မခံနိုင်တဲ့ ပေါ်ဆန်းမွှေးအစား  အပူဒဏ်ပိုခံနိုင်တဲ့ ဧည့်မထလို  စပါမျိုးစိုက်ရင် ထိခိုက်မှုပိုနည်းမှာဖြစ်ပါတယ်။


အယ်လ်နီညိုကြောင့် ပူပြင်းခြောက်သွေ့ကာ ရေရှားမှုဖြစ်ပေါ် နိုင်ပြီး တိရစ္ဆာန်အစာရေစာ  ရှားပါးလာနိုင်ပါတယ်။ ကူးစက်ရောဂါနဲ့ အခြားရောဂါဖြစ်ပွားမှုလည်း ပိုများကာ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်း များလည်း ထိခိုက်နိုင်ခြေပိုများနိုင်ပါတယ်။ အခြားတစ်ဖက်မှာတော့ ရေကြီးရေလျှံမှုများလည်း   ဖြစ်ပွားလာနိုင်ပါတယ်။   တွေ့ကြုံရမယ့် အနေအထားအရ ငါးမွေးမြူရေးနဲ့ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းတွေမှာ အောက်မှာဖော်ပြထားတဲ့   စိန်ခေါ်မှုတွေ    ကြုံတွေ့လာနိုင်တာမို့ စီးပွားရေးအရ   ထိခိုက်နစ်နာမှုတွေ    ဖြစ်ပေါ်လာနိုင်တာကိုလည်း သတိပြုရမှာဖြစ်ပါတယ်-


    (က)    ရေရှားပါးမှုကြောင့် တိရစ္ဆာန်အစာရေစာ ရှားပါးလာခြင်း နှင့် တိရစ္ဆာန်အစာများ ဈေးနှုန်းကြီးမြင့်လာခြင်း၊
    ( ခ )    ပူပြင်းခြောက်သွေ့မှုပြင်းထန်ကာ ရေချိုရရှိမှု ခက်ခဲလာ နိုင်ခြင်း၊
    ( ဂ )    အပူချိန်မြင့်တက်မှုကြောင့်   အောက်ဆီဂျင်လိုအပ်ချက် များပြားလာခြင်း၊
    (ဃ)    ရောဂါနှင့် အဆိပ်အတောက်ဖြစ်မှုများ မကြာခဏဖြစ်ပွား ခြင်း၊
    ( င )    ဇီဝကမ္မဗေဒဆိုင်ရာ ဆိုးကျိုးထိခိုက်မှုများ ဖြစ်လာနိုင်ခြင်း၊ 
    ( စ )    မျိုးပွားထုတ်လုပ်မှု    ကျဆင်းခြင်းနှင့်    အစာမှအသား ပြောင်းနှုန်း ညံ့ဖျင်းလာခြင်း၊
    (ဆ)    ဒေသရင်းမဟုတ်သော  ရေနေသတ္တဝါများ ဝင်ရောက်လာမှု ကြောင့် ဘေးဖြစ်နိုင်သောရေညှိရေမှော်များ  အလွန်အကျွံ ပေါများလာခြင်း၊

    ( ဇ )    ရေလွှမ်းမိုးမှုများဖြစ်လာပါက  တိရစ္ဆာန်များ၏  အသက်  ဆုံးရှုံးမှုများကြုံရနိုင်ခြင်း။
၂၀၁၅-၂၀၁၆    ခုနှစ်က  ကြုံတွေ့ခဲ့ရတဲ့ အယ်လ်နီညိုကြောင့် ဗီယက်နမ်နိုင်ငံမှာ ဆန်စပါးထုတ်လုပ်မှု ထိခိုက်ခဲ့တဲ့အပြင် မွေမြူရေး တိရစ္ဆာန်ပေါင်း ၆၀၀၀ ကျော်သေဆုံးပြီး  ငါးပုစွန်မွေးမြူရေးလုပ်ကွက် ပေါင်း ၇၀၀၀၀၀ ဟက်တာကျော်   ပျက်စီးခဲ့ပါတယ်။   အလားတူပဲ  ဖိလစ်ပိုင်နိုင်ငံရဲ့    အလယ်ပိုင်းနဲ့  တောင်ပိုင်းဒေသများမှာ   မိုးခေါင် ရေရှားဖြစ်စဉ်ကြုံတွေ့ခဲ့ပြီး ငါးထုတ်လုပ်မှုကဏ္ဍမှာ   ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ လူဦးရေ ၂ ဒသမ ၅ သန်းခန့်ဟာ   မိုခေါင်ရေရှားမှုကို   ကြုံတွေ့ခဲ့ရပြီး    စိုက်ပျိုးမြေနဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။


ဆန်စပါးထုတ်လုပ်မှုအပေါ် အယ်လ်နီညိုရဲ့ သက်ရောက်နိုင်မှု


ယခုနှစ်အတွင်း ကမ္ဘာ့သမုဒ္ဒရာများမှာ စံချိန်တင်အပူချိန်မြင့်တက် လာမှုကြောင့် အပြင်းစားအယ်လ်နီညိုက နှစ်ကုန်ပိုင်းမှာ ဖြစ်ပေါ်လာ နိုင်ပါတယ်။      အဲဒီအယ်လ်နီညိုကြောင့်    ထိုင်း၊  လာအို၊    မြန်မာနဲ့  ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသတွေမှာ ရာသီဥတုပိုမိုပူနွေးလာပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊  မလေးရှား၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံ တောင်ပိုင်းဒေသတွေတော့   ပူနွေးပြီး  ခြောက်သွေ့တဲ့ရာသီဥတုမျိုး ဖြစ်ပေါ်လာနိုင်ပါတယ်။ အယ်လ်နီညိုဟာ အဓိကဆန်ပါးစိုက်ပျိုးရေး ဇုန်တွေပေါ်မှာ သက်ရောက်မှုတွေရှိလာမှာဖြစ်သလို မိုးစပါးရိတ်သိမ်း ချိန်နဲ့ နွေစပါးစိုက်ပျိုးမယ့် အချိန်ကာလတွေမှာ ပိုမိုသက်ရောက်လာ နိုင်တာဖြစ်ပါတယ်။ အယ်လ်နီညိုကြောင့် အရှေ့တောင်အာရှဒေသရဲ့ မိုးနဲ့နွေစပါးထုတ်လုပ်မှုတွေ  လျော့ကျသွားနိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။ 


အယ်လ်နီညိုကြောင့်    ပုံမှန်ထက်ရာသီဥတုဟာ    စောစီးစွာ ခြောက်သွေ့လာနိုင်တာမို့ အထူးသဖြင့် ကမ္ဘာ့ဆန်စပါးစိုက်ပျိုးမှုနဲ့ စားသုံးမှုရဲ့ ၉၀ ရာခိုင်နှုန်းရှိတဲ့ အာရှတိုက်၏ ဆန်စပါးထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေနိုင်ဖွယ်ရှိနေတာပါ။  လက်ရှိအချိန်မှာတောင် ကမ္ဘာ့ ဆန်စပါးထုတ်လုပ်နိုင်မှု အနေအထားကြည့်ရင် အားရဖွယ်မရှိ တာကို တွေ့ရမှာဖြစ်ပါတယ်။  ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာ့ ဆန်စပါးအများဆုံးထုတ်လုပ်တဲ့  တရုတ်နဲ့အိန္ဒိယနိုင်ငံတို့မှာ  စပါး ရိတ်သိမ်းရာတွင် ဆုံးရှုံးမှုများခဲ့ပြီး ထုတ်လုပ်မှုကျဆင်းခဲ့ရပါတယ်။ ဆန်စပါးလေလွင့်မှုဟာ    ကြမ်းတမ်းတဲ့   ရာသီဥတုအခြေအနေနဲ့ သိုလှောင်သိမ်းဆည်းတဲ့ အခြေခံအဆောက်အအုံတွေရဲ့ အရည်အသွေး မပြည့်မီမှုတွေကြောင့် ပိုမိုဆိုးရွားစွာ ပျက်စီးဆုံးရှုံးလာနိုင်တာကို သတိပြုမိဖို့ လိုပါတယ်။ ပြင်းထန်တဲ့ရာသီဥတုအောက်မှာ အထွက် နှုန်းကျဆင်းမှုနဲ့ လေလွင့်ဆုံးရှုံးမှုတွေကြောင့်  ဆန်စပါးထုတ်လုပ်မှု    ကျဆင်းစေပါတယ်။   ဆန်စပါးထုတ်လုပ်မှုကျဆင်းခြင်းဟာ     ကမ္ဘာ တစ်ဝန်းမှာရှိတဲ့      ဆန်စပါးရောင်းလိုအားအပေါ်    ကြီးမားတဲ့ သက်ရောက်မှု ဖြစ်ပေါ်လာနိုင်ပါတယ်။


အယ်လ်နီညိုအတွက် ကြိုတင်ပြင်ဆင်ထားရမယ့် အစီအမံများ


အယ်လ်နီညိုကြောင့် သက်ရောက်မှုများ ကြုံတွေ့လာနိုင်ပေမယ့် အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ရင်ဆိုင်ဖြေရှင်းဖို့   အတိတ်ကာလ တွေမှာဖြစ်ခဲ့တဲ့   အယ်လ်နီညိုဖြစ်စဉ်တွေကနေ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ ရရှိထားပြီးဖြစ်ပါတယ်။ သင်ခန်းစာတွေ ရရှိခဲ့ပြီး ဖြစ်တာမို့ ကြိုတင်ကာကွယ်မှုလုပ်ငန်းစဉ်တွေ၊ အယ်လ်နီညိုကြောင့် ထိခိုက်ဆုံးရှုံးမှုအပေါ် လျော့နည်းသက်သာစေရေး လုပ်ငန်းစဉ်တွေနဲ့ သဘာဝဘေး  လျှော့ချရေးလုပ်ငန်းစဉ်တွေမှာ အစီအမံတွေချမှတ်ဆောင်ရွက်ထားဖို့လိုပါတယ်။အယ်လ်နီညိုဆိုတာ ပြင်းထန်တဲ့မုန်တိုင်း ကြီးတွေလို သဘာဝဘေးအန္တရာယ်မျိုးမဟုတ်ဘဲ အယ်လ်နီ ညိုရဲ့ သက်ရောက်မှုကို အလျင်စလိုမလိုဘဲ ဖြေရှင်းရမယ့်ကိစ္စသာ ဖြစ်ပါတယ်။ 


ဆန်စပါးစိုက်ပျိုးရေးလို    အဓိကကျတဲ့   ကဏ္ဍအတွက်တော့ ကြိုတင်ပြင်ဆင်ထားရမယ့် အစီအမံအနေနဲ့ ကာလတို၊ ကာလလတ်၊ ကာလရှည်စသဖြင့် ပြည်နယ်နဲ့   တိုင်းဒေသကြီးကနေ  နိုင်ငံတော် အဆင့်ထိ ထိရောက်တဲ့အစီအမံတွေ   ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍအတွက် ကာလ တို၊ ကာလလတ်အနေနဲ့ ကြိုတင်ဆောင်ရွက်သင့်တဲ့ အစီအမံတွေကို အောက်မှာဖော်ပြထားပါတယ်-


    (က)    ရေလိုအပ်ချက်နည်းသော သက်တမ်းတိုအထွက်ကောင်း စပါးမျိုးအသုံးပြုခြင်း၊
    ( ခ )    ရာသီဥတုနှင့်သင့်လျော်သော စိုက်ပျိုးရေးနည်းစနစ်များ အတွက် တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ 
    ( ဂ )    စိုက်ပျိုးရေအလေအလွင့်မရှိစေရေး သက်ဆိုင်ရာဌာနများမှ သတိပေးနှိုးဆော်ချက်များထုတ်ပြန်ခြင်း၊
    (ဃ)    အခြားသင့်တော်သော ရေနည်းလိုသီးနှံများနှင့် ဈေးကွက် လိုအပ်ချက်ရှိသော   သီးနှံများကို   အစားထိုးစိုက်ပျိုး ထုတ်လုပ်ခြင်း၊
    ( င )    အစိုတစ်လှည့်၊ အခြောက်တစ်လှည့် ရေသွင်းစနစ် ကျင့်သုံး ခြင်း၊
    ( စ )    မြေဆီလွှာကောင်းမွန်ရေးအတွက် တစ်ဝက်တစ်ပျက် မီးရှို့ ထားသော စပါးခွံထည့်သွင်းခြင်း၊
    (ဆ)    သီးနှံအာမခံစနစ်များ ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း။


ကာလလတ်နဲ့ကာလရှည်အနေနဲ့ ဆောင်ရွက်သင့်တာကတော့ ဒေသအလိုက်သင့်တော်ပြီး မိုးခေါင်ရေရှားမှုဒဏ်အပေါ် ခံနိုင်ရည်ရှိတဲ့ စပါးမျိုးစေ့အသစ်တွေ ထုတ်လုပ်ပံ့ပိုးတာတွေ၊  စပါးမျိုးစေ့ဆိုင်ရာ သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ နိုင်ငံအနှံ့ရေစီမံခန့်ခွဲမှု စီမံကိန်း များ  ချမှတ်အကောင်အထည်ဖော်တာတွေ၊ စားနပ်ရိက္ခာအတွက်  နိုင်ငံတော်   အရန်ဆန်သိုလှောင်တာတွေလို  မဟာဗျူဟာမြောက် အစီအမံတွေကို   လိုအပ်သလို   စီမံဖော်ဆောင်ပေးရမှာဖြစ်ပါတယ်။ မိုးရေရရှိမှုလျော့နည်းပြီး ဆည်ရေအဝင်နည်းနိုင်တာကြောင့် စိုက်ပျိုး ရေးကဏ္ဍမှာ    ရေကို    ထိထိရောက်ရောက်သုံးစွဲကြဖို့   မလိုအပ်ဘဲ  ရေအသုံးပြုရတဲ့လုပ်ဆောင်မှုတွေကို ဆင်ခြင်ဖို့၊ လျှော့ချဖို့၊ တားမြစ်ဖို့  လိုပါတယ်။ ရနိုင်တဲ့နည်းလမ်းနဲ့ စိုက်ပျိုးရေ၊ သောက်သုံးရေကြိုတင် စုဆောင်းထားဖို့လည်း လိုအပ်ပါတယ်။ အထူးသဖြင့် ရေကို အဓိက အသုံးပြုရတဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ ရေရရှိနိုင်မှုလျော့နည်းနိုင် တာကို ကြိုတင်တွက်ဆပြီး လိုအပ်တာတွေ ပြင်ဆင်ထားကြဖို့လည်း လိုပါတယ်။


ဒါ့အပြင် ထိရောက်ထက်မြက်တဲ့ စုပေါင်းသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအစီအစဉ်တွေ၊  သတင်းအချက်အလက်တွေကို အချိန်မီ ထုတ်ပြန်ပေးနိုင်တဲ့    နည်းလမ်းတွေ၊   ပြန်ကြားဆက်သွယ်ရေး နည်းလမ်းတွေ၊ စားသုံးသူ   အသိပညာပေးခြင်းတွေကိုလည်း စနစ် တကျ သရုပ်ပြလေ့ကျင့် စီစဉ်ဖော်ဆောင်ထားရမှာ ဖြစ်ပါတယ်။


အစီအမံတွေနဲ့ လိုအပ်တဲ့မူဝါဒတွေ ချမှတ်ကျင့်သုံးတဲ့အခါမှာ လည်း ပို့ကုန်ဆိုင်ရာဆောင်ရွက်မှုတွေကို  ချိန်ဆလုပ်ကိုင်ဖို့လည်း လိုပါတယ်။   ကမ္ဘာ့အစားအသောက်နှင့်  စားနပ်ရိက္ခာအဖွဲ့ (FAO) ကတော့ ပို့ကုန်ဆိုင်ရာတင်းကျပ်မှုတွေဟာ လယ်သမားတွေအတွက် ဝင်ငွေနည်းစေတာ၊  ထုတ်လုပ်မှုလျော့ကျစေတာ၊  ရင်းနှီးမြှုပ်နှံမှု ကျဆင်းစေတာ၊ ဈေးကွက်ဝေစုဆုံးရှုံးတာအပြင် နိုင်ငံခြားငွေလျော့ ကျစေနိုင်တဲ့ ဆိုးကျိုးတွေကို ပေါ်ပေါက်စေနိုင်ကြောင်း သတိပေး ထားတာ တွေ့ရပါတယ်။ 


နိဂုံး


အယ်လ်နီညိုဖြစ်စဉ်ဟာ မလွဲမသွေရင်ဆိုင်ရမယ့် အခြေအနေ မှာရှိနေတာပါ။    အယ်လ်နီညိုဖြစ်စဉ်ကြောင့်  အကျပ်အတည်းနဲ့ စိန်ခေါ်မှုတွေရှိနေပေမယ့်  အခြားတစ်ဖက်မှာလည်း အခွင့်အလမ်း အဖြစ် ပြောင်းလဲလို့ရနိုင်တဲ့  အနေအထားတွေကိုလည်း ကြိုးပမ်း ဖော်ဆောင်လို့    ရနိုင်တယ်လို့    သုံးသပ်မိပါတယ်။   အကယ်၍ မြန်မာနိုင်ငံအနေနဲ့ ဆန်စပါး၊ ပဲအမျိုးမျိုးနဲ့  ဆီထွက်သီးနှံလို အရေး ကြီး စိုက်ပျိုးရေးထုတ်ကုန်တွေရဲ့ ထုတ်လုပ်မှုကို ကျဆင်းမသွားစေဘဲ  ထိန်းထားနိုင်မယ်ဆိုရင်  ဈေးကောင်းကောင်းနဲ့  ကမ္ဘာ့ဈေးကွက် အသစ်တွေမှာ တင်ပို့နိုင်ခွင့်ကလည်း လက်တစ်ကမ်းမှာပဲရှိနေပါတယ်။ အယ်လ်နီညိုကြောင့် ကမ္ဘာနဲ့အဝန်း သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပေါ်လာနိုင်ချိန်မှာ ဆိုးကျိုးသက်ရောက်မှုတွေကို  လျော့နည်း အောင်၊ ခံနိုင်ရည်ရှိအောင်၊ အကျပ်အတည်းကို အခွင့်အလမ်းအနေနဲ့ ပြောင်းလဲသွားအောင် အစိုးရနဲ့ပုဂ္ဂလိက   အပါအဝင်   အားလုံးက လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားရမှာပဲဖြစ်ပါတယ်။ ပူးပေါင်း ဆောင်ရွက်မှုတွေ ခိုင်မာအားကောင်းသွားမယ်ဆိုရင် အယ်လ်နီညို ဖြစ်စဉ်အပေါ် ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှာဖြစ်သလို  အခွင့်အလမ်းတွေကို လည်း တတ်နိုင်သမျှ အမိအရဆုပ်ကိုင်သွားနိုင်လိမ့်မယ်လို့ ယုံကြည် ပါကြောင်း ရေးသားဖော်ပြအပ်ပါတယ်။


ကိုးကားသည့်ရင်းမြစ်များ


ISEAS, Rice Production and Food Security in Southeast Asia under Threat from El Nino, 12 July 2023
www.theguardian.com
https://en.antaranews.com/news/288687/rice-stock-secure-in-facing-el-ni%C3%B1o-peak-agriculture-minister
https://www.reuters.com/markets/commodities/india-prohibits-export-non-basmati-white-rice-notice -2023-07-20/