
ရန်ကုန် နိုဝင်ဘာ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ ဒွါဒသမအစည်းအဝေး ပထမ နေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင် ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင် ဆရာတော် ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွား ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေး မှူးချုပ်များနှင့် အရာထမ်း/ အမှု ထမ်းများ၊ တိုင်းဒေသကြီး/ ပြည် နယ် သာသနာရေးမှူးများ တက် ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ က သဘာပတိအဖြစ် ဆောင်ရွက် တော်မူပြီး တွဲဖက်အကျိုးတော် ဆောင် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာ ဓဇက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။
အစည်းအဝေးအထမြောက်
ဦးစွာ အခမ်းအနားမှူးဆရာ တော်က အစည်းအဝေး စတင် ကြောင်းနှင့် ကြွရောက်တော်မူ လာကြသော နိုင်ငံတော်သံဃ မဟာနာယကဆရာတော်ကြီးများ ၏ အရေအတွက်ကို ဖတ်ကြား လျှောက်ထားပြီး အစည်းအဝေး အထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
သြဝါဒကထာကိုမြွက်ကြား
ဆက်လက်၍ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာ ရာဘိဝံသက အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာကို မြွက်ကြားတော်မူသည်။
(သာရဏီယ သြဝါဒကထာကို စာမျက်နှာ ၇ တွင် သီးခြားဖော်ပြ ထားပါသည်)
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက သာသနာ ရေးဆိုင်ရာများ လျှောက်ထား သည်။
ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၊ ပထမအဖွဲ့ခွဲ၏ စတုတ္ထ အကြိမ် တာဝန်ကျရာကာလ အတွင်း ဆောင်ရွက်ချက် အစီရင် ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ ၏ကိုယ်စား တွဲဖက်အကျိုးတော် ဆောင်ဆရာတော်၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တဣန္ဒာစရိယ က တင်သွင်းလျှောက်ထားပြီး အဋ္ဌမအကြိမ် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ ၏စတုတ္ထအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာကို အဖွဲ့ဝင်ဆရာတော် များက ကဏ္ဍအလိုက် တင်သွင်း လျှောက်ထားသည်။
ဝေဖန်ဆွေးနွေးဆုံးဖြတ်
ဆက်လက်၍ ဝိနိစ္ဆယဆိုင်ရာ ကိစ္စများ၊ သာသနာရေးရာ ကိစ္စ များကို တင်ပြလျှောက်ထားရာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများက ဝေဖန် ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို နံနက် ၉ နာရီခွဲ တွင် ရပ်နားသည်။
ထို့နောက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အဋ္ဌမ အကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ ဒွါဒသမ အစည်းအဝေး၊ ပထမနေ့၊ ဒုတိယ ပိုင်းကို မွန်းလွဲ ၁ နာရီတွင် ဆက် လက်ကျင်းပပြီး သာသနာရေးရာ ကိစ္စများကို တင်ပြလျှောက်ထား ရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက ဝေဖန် ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားသည်။
ယနေ့ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား အရုဏ် ဆွမ်းအလှူရှင်အဖြစ် ဒေါ်ပြုံးဝေ သီ (သဒ္ဓမ္မဇောတိကဓဇ) ၏ မွေးနေ့ကုသိုလ်အထိမ်းအမှတ်နှင့် နေ့ဆွမ်းအလှူရှင်အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)၊ ဇနီး ဒေါ်ကြိုင်ကြိုင် အမှူးပြုသည့် ဓမ္မမိတ်ဆွေများက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်