
ဇာမဏီ
(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံကို မကြာမီကျင်းပတော့မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ကိုယ်စားပြုမှုနှင့် စပ်လျဉ်း၍ ပြည်ပဩဇာခံအဖွဲ့အစည်းအသီးသီးမှ NUG အကြမ်းဖက်အဖွဲ့ကို အသိအမှတ်ပြုရေး ဝိုင်းဝန်း လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည်။ ပြဿနာ၏ အစမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာ မှုများ ဖြစ်ပေါ်ခဲ့သည့်ကိစ္စကြောင့် တပ်မတော်က နိုင်ငံတော်တာဝန်ရယူခဲ့သည့်အပေါ် အချို့သော ဝန်ထမ်းများနည်းတူ နယူးယောက်မြို့ရှိ အမြဲတမ်း ကိုယ်စားလှယ်တာဝန်ယူထားခဲ့သူ ကျော်မိုးထွန်းက နိုင်ငံတော်ကို သစ္စာဖောက်ဖျက်၍ ရာထူးကို အလွဲသုံးစားပြုခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ၎င်းသည် မြန်မာနိုင်ငံကို ကိုယ်စားပြုခြင်းမရှိတော့ဘဲ နိုင်ငံတော် သစ္စာဖောက်ဖျက်မှုနှင့်တရားစွဲဆိုထားပြီး နိုင်ငံသား အဖြစ်မှလည်း ပယ်ဖျက်ထားပါသည်။ ထို့ကြောင့် မြန်မာအမြဲတမ်း ကိုယ်စားလှယ်နေရာကို လည်းကောင်း၊ ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က သီးသန့်တာဝန်ပေးအပ်ပြီး ဖြစ်ပါသည်။ သို့ရာ တွင် ပြီးခဲ့သည့်နှစ်က (၇၆)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြု မှုအပေါ် ဆုံးဖြတ်ရန် ရွှေ့ဆိုင်းခဲ့ပါသည်။
ကုလသမဂ္ဂအထွေထွေညီလာခံ၏ လုပ်ထုံး လုပ်နည်း Rule 29 အရ ကိုယ်စားပြုမှုနှင့် စပ်လျဉ်း ၍ အထွေထွေညီလာခံက ဆုံးဖြတ်ချက် မချမှတ်ရ သေးမီ လက်ရှိ ရှိနေသည့် အမြဲတမ်းကိုယ်စားလှယ် ကို ဆက်လက်ထားရှိရန် ပါရှိသည်။ ယင်းစည်းမျဉ်း ကို အကြောင်းပြု၍ ကျော်မိုးထွန်းကို ဆက်လက် ထားရှိနေခြင်းဖြစ်ပြီး ယင်းမှာ NUG အကြမ်းဖက် အဖွဲ့ကို ကုလသမဂ္ဂက အသိအမှတ်ပြုထားခြင်း မဟုတ်ပေ။
သခွပ်ပင်ကမီးတကျည်ကျည်
သို့ရာတွင် ကျော်မိုးထွန်းသည် NUG အကြမ်းဖက် အဖွဲ့ကိုကိုယ်စားပြုကြောင်း ကိုယ်တိုင်ပြောကြား ခဲ့သလို ၎င်းအဖွဲ့ကထုတ်ပြန်သော ဝါဒဖြန့်စာစောင် များနှင့် လက်ရှိလှုပ်ရှားနေသော ကမ်ပိန်းများအရ တွေ့ရှိရသည်။ ယင်းမှာ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ရွှေ့ဆိုင်းမှုကို လက်တစ်လုံးခြားပြုကာ ကုလသမဂ္ဂမျက်နှာစာ အစည်းအဝေးများတွင် အစည်းအဝေးခေါင်းစဉ်နှင့် သက်ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ မြေပြင်တွင်မရှိသော NUG အကြမ်းဖက်အဖွဲ့၏ လိုလားချက်များကို ကျော်မိုးထွန်း က သခွပ်ပင်က မီးတကျည်ကျည်ပြုနေခြင်းသာ ဖြစ်သည်။
အမှန်စင်စစ်တွင် ကုလသမဂ္ဂသည် ကမ္ဘာ့နိုင်ငံ များ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများက အားကိုး အားထားပြုရသည့် အတွင်းရေးမှူးချုပ်ဦးသန့်ခေတ် ကဲ့သို့ ဘက်မလိုက်သော၊ သမာသမတ်ကျသော ကုလသမဂ္ဂ၏ခေတ်သည် ကုန်ဆုံးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကုလသမဂ္ဂ၏ လုပ်ထုံး လုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုသလိုအဓိပ္ပာယ်ဖွင့်ခြင်း၊ ကုလသမဂ္ဂ၏ ဆုံးဖြတ် ချက်များကို အင်အားကြီးနိုင်ငံများကသာလွှမ်းမိုးခြင်းနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ကျော်လွန် သော R2P ကဲ့သို့ နည်းလမ်းများကို အသုံးပြုခြင်း တို့ဖြင့် ကုလသမဂ္ဂသည် ဩဇာခံအဖွဲ့ကြီးအဖြစ် အသွင်ပြောင်းလာသည်မှာ အများအသိပင်ဖြစ်သည်။
အမျိုးသားသစ္စာဖောက်များ
NUG အကြမ်းဖက်အဖွဲ့ကို လိုလားသူ ကျော်မိုးထွန်းသည် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂမှ စစ်ရေးအရအင်အားသုံးဖြေရှင်းရေး၊ R2P ဝင်ရေး နှင့် No-fly zone သတ်မှတ်ရေးစသည်တို့ကို လမ်းကြောင်းခဲ့သော နိုင်ငံတော်ကို သစ္စာဖောက်ဖျက် သူသက်သက်သာဖြစ်သည်။ နိုင်ငံအပေါ် သစ္စာ စောင့်သိသော မည်သည့်နိုင်ငံမှ ပညာရှင်သံတမန် မျိုးမှ မပြုလုပ်မည့် မပြုအပ်သော ကျင့်ဝတ် ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။ အကြောင်းမှာ ယင်းသို့ သော R2P အကြောင်းပြချက်ဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ခွင့်ပြုချက်မပါဘဲ NATO မှ လစ်ဗျားနိုင်ငံကို ၂၀၁၁ ခုနှစ်တွင် စစ်ရေးအရ တိုက်ခိုက်ခဲ့ခြင်းကြောင့် တစ်ချိန်ကကြွယ်ဝခဲ့သော လစ်ဗျားနိုင်ငံသည် ပဋိပက္ခများဖြင့် နစ်မျောလျက် ရှိသည်။ အကျိုးစီးပွားချင်းမတူသော ဒေသတွင်း နိုင်ငံများနှင့် အင်အားကြီးနိုင်ငံများက နိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့အမျိုးမျိုးကို ကျောထောက်နောက်ခံပြုထားခြင်းဖြင့် ငြိမ်းချမ်းရေးလမ်းစ ပျောက်လျက်ရှိသည်။ အလားတူ အဖျက်စွမ်းအား ကြီးမားသောလက်နက်များရှိသည်ဟု အကြောင်းပြ ၍ အမေရိကန်တို့ဆင်နွှဲခဲ့သော အီရတ်ကျူးကျော် စစ်ကြောင့် ယနေ့တိုင် လစဉ် အရပ်သားပြည်သူ ရာဂဏန်း သေဆုံးနေရဆဲဖြစ်သည်။ ကုလသမဂ္ဂ ၏ ငြိမ်းချမ်းရေးတပ်ဖွဲ့များနှင့် အထူးနိုင်ငံရေး မစ်ရှင်များ စေလွှတ်ခြင်းခံရသော နိုင်ငံများတွင် လည်း ယင်းတပ်ဖွဲ့များကို ဆယ်စုနှစ်များစွာ လက်ခံ ထားသည့်တိုင် အခြေအနေများ ထူးခြားကောင်းမွန် လာခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းသို့ မည်သည့်နိုင်ငံတွင်မျှ အောင်မြင်ခြင်းမရှိသည့်အပြင် နောင် မျိုးဆက်ပေါင်းများစွာကို ပဋိပက္ခဒုက္ခပေါင်း မျိုးစုံနှင့် ချန်ရစ်ရသည့် ကမ္ဘာ့နိုင်ငံအသီးသီး၏ နမူနာများရှိသည့်တိုင်အောင် မြန်မာနိုင်ငံကို စစ်ရေး အရ ဝင်ရောက်ရန်ဖိတ်ခေါ်သူအပေါင်းမှာ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားထက်ပုဂ္ဂိုလ်ရေးကိုးကွယ် မှုဖြင့် အလုံးစုံပျက်သုဉ်းရေးကို လိုလားသူ အမျိုးသား သစ္စာဖောက်များသာဖြစ်သည်။
ယင်းသို့သောအတ္တမှာ တစ်စတစ်စပိုမိုထင်ရှား ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ သမိုင်းတွင် မည်သည့် အခါကမျှ မရှိခဲ့သော “ရိုဟင်ဂျာ” ဆိုသည်ကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု၍ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ဖျက်သိမ်းရန် ပြောင်ပြောင် တင်းတင်းပြောကြားခဲ့သည့် NUG အကြမ်းဖက် အဖွဲ့၏ နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာဖောက်မှု၊ မထောက်ထားမှုမှာလည်း ဘွင်းဘွင်းကြီးပေါ်ခဲ့ပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံ ရှိ မွတ်ဆလင်များဟု ခေါ်ဆိုရေးအမိန့်၏နောက်တွင် “ရိုဟင်ဂျာ”အဖြစ် အသိအမှတ်ပြုရေး အာဂျင်ဒါမှာ ဖုံးဖိမရ ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။
တစ်နည်းအားဖြင့် တပ်မတော်ကို ဖိအားပေးမည့်အကြောင်းအရာနှင့် အဖွဲ့အစည်းမှန်သမျှနှင့်ပေါင်း၍ ပြည်တွင်းတွင် တပ်မတော်အင်အား ချည့်နဲ့စေရေးနှင့် ပြည်ပနိုင်ငံ များ၏ဩဇာခံ၍ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်ဂုဏ်သိက္ခာကျဆင်းပြီး ဖြိုခွဲခံရရေး ကိုသာ ဦးတည်ခဲ့သည်မှာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားစေခဲ့ပြီ ဖြစ်သည်။
ကျွံခဲ့သော လွန်ခဲ့သော စကားနှင့်ကတိကဝတ် များအတွက် မြန်မာနိုင်ငံနှင့် ပြည်သူလူထုက မြေဇာပင်ဖြစ်ရသည့်တိုင် အနောက်နိုင်ငံများမှ ပေးအပ်သော အထောက်အပံ့မျိုးစုံတို့နှင့်အတူ ပါရှိ လာသည့် ဩဇာနှင့်ထိန်းချုပ်မှုတို့မှ ရုန်းထွက်၍ မရစကောင်း။ ယခုရက်ပိုင်းအတွင်း Special Advisory Council for Myanmar (SAC-M) ဆိုသည့် အဖွဲ့က မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုနှင့် ဆက်နွှယ် ပြီး NUG အကြမ်းဖက်အဖွဲ့သည် မြန်မာနိုင်ငံ၌ Effective Control ရှိသဖြင့် ၎င်းကို ကုလသမဂ္ဂက အသိအမှတ်ပြုရေး ရေလာမြောင်းပေး စာတမ်းဖြစ် သည်။ အကြောင်းမှာ နိုင်ငံတစ်နိုင်ငံ၏ ကိုယ်စားပြု မှုကို စဉ်းစားရာ၌ ယင်းနိုင်ငံကိုထိန်းချုပ်နိုင်စွမ်း ရှိသည့်အစိုးရကို အသိအမှတ်ပြုကြောင်း ပညာ ရပ်ပိုင်းဆိုင်ရာစာတမ်းများကဆိုသည်။ သို့ဖြစ်ရာ SAC-M အမည်ရှိ အဖွဲ့က NUG အကြမ်းဖက်အဖွဲ့ သည် Effective Control ရှိကြောင်း ဝါဒဖြန့်စာတမ်း ထွက်ရှိလာခြင်းဖြစ်သည်။ စင်စစ်တွင် တစ်ခုတည်း သောမေးခွန်းကို ဖြေနိုင်လျှင်ပင် အဖြေသိပြီဖြစ် သည်။ ယင်းမှာ ၎င်းတို့က အစိုးရဟုခေါ်သော NUG အကြမ်းဖက်အဖွဲ့သည် မည်သည့်နေရာတွင် အခြေစိုက်သလဲဟူသည့် မေးခွန်း၏အဖြေပင်ဖြစ်သည်။
လူစိတ်ကင်းမဲ့သူတစ်စု၏ အတ္တ
နိုင်ငံတစ်နိုင်ငံကို Effective control လုပ် နိုင်သည့် အစိုးရမြို့တော်ကို ထိန်းချုပ်နိုင်သည့် အစိုးရသည် တရားဝင်အစိုးရဖြစ်ကြောင်း တိုင်းတာ သည့်သတ်မှတ်ချက်များဖြင့် တိုင်းတာပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရား စီရင်ရေးမဏ္ဍိုင်သုံးရပ်လုံးကို ထိရောက်စွာကိုင်တွယ် ဆောင်ရွက်နေသည့် အစိုးရဖြစ်ကြောင်း အငြင်းပွား ဖွယ်မရှိပေ။ SAC-M ဆိုသည့်အဖွဲ့၏အဆိုအရ နိုင်ငံ့နေရာအနှံ့အပြားတွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသဖြင့် အစိုးရက ထိန်းချုပ်နိုင်စွမ်းမရှိ ကြောင်း လိုရာစွဲရေးသားနေခြင်းဖြစ်သည်။ NUG အကြမ်းဖက်အဖွဲ့အနေဖြင့် ကုလသမဂ္ဂတွင် အသိအမှတ်ပြုခံရရေးအတွက် နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများကျုးလွန်နေကြောင်း သက်သေ ပြသကဲ့သို့ဖြစ်ပြီး ယင်းအဖွဲ့၏အတ္တကို လှစ်ဟပြရာ ရောက်ပေသည်။ လက်တွေ့မြေပြင်တွင် အစိုးရကထိန်းချုပ်နိုင်စွမ်းမရှိခြင်း မဟုတ်သကဲ့သို့ နယ်မြေ များလက်လွှတ်ရခြင်းမဟုတ်ဘဲ အကြမ်းဖက်သမား များက လက်နက်မဲ့အရပ်သားပြည်သူများကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်သည့် ရာဇဝတ်မှုများ နှင့် အကြမ်းဖက်မှုများဖြစ်ပွားနေခြင်းသာ ဖြစ်သည်။ နယ်မြေလက်လွှတ်ရသည့် လက်နက်ကိုင်တိုက်ပွဲ များမဟုတ်ဘဲ လက်နက်မဲ့အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်၍ အစိုးရကထိန်းချုပ်နိုင်စွမ်းမရှိ ကြောင်း လူပြိန်းကြိုက်သက်သေပြလိုသည့် လူစိတ် ကင်းမဲ့သူတစ်စု၏ အတ္တသာဖြစ်သည်။
လက်တွေ့၌ နိုင်ငံတစ်နိုင်ငံတွင်အစိုးရတစ်ရပ် ၏ တရားဝင်မှုဆိုသည်မှာ ကုလသမဂ္ဂက သော်လည်း ကောင်း၊ အဖွဲ့ဝင်နိုင်ငံများက သော်လည်းကောင်း ပေးအပ်၍ရသည့် အရာမဟုတ်သကဲ့သို့ မည်သို့သော အစိုးရက တရားဝင်သည်ဆိုသည့် ပုံသေနည်းမှာ နိုင်ငံတကာဥပဒေတွင် လည်း မပါရှိ ချေ။ သို့ရာတွင် အများအားဖြင့် တိုင်းတာသည်မှာ SAC-M ဆိုသည့်အဖွဲ့က ပြောကြားသည့် Effective Control အယူအဆဖြစ်ကြောင်း တွေ့ရှိရသည်။ သို့ဖြစ်ရာ မည်သည့်နေရာ၌ရှိမှန်း မသိရသော လေလှိုင်းအစိုးရ NUG အကြမ်းဖက်အဖွဲ့တွင် Effective Control မည်သို့ရှိမည်ကို စာဖတ်သူ များ ကိုယ်တိုင်အဖြေထုတ်နိုင်မည်ဖြစ်သည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ အမှန်တကယ် ကိုယ်စားပြုမှုကို နယူးယောက်မြို့တွင် မျက်စိမှိတ် ငြင်းပယ်နိုင်သည့်တိုင် မြန်မာ့မြေပြင်တွင်တော့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံထက် လျှော့၍ ဆက်ဆံ၍မရကြောင်း မကြာသေးမီက ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များက တရားဝင် ခန့်အပ်လွှာပေးခြင်းများက ပြသနေ သည်။ စင်စစ်တွင် ကမ္ဘာဦးမှရှိခဲ့သော ကြီးနိုင်ငယ်ညှဉ်း ဝါဒ (The law of the jungle) သည် ကုလသမဂ္ဂတွင် ကွယ်ဝှက်၍မရသော အရှိတရားဖြစ်သည်။ နိုင်ငံ များ၏ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေး၊ အချုပ်အခြာအာဏာနှင့် နိုင်ငံတိုင်း အရွယ်အစားကို ပမာမထား တန်းတူရည်တူရှိရေး စသော ကုလသမဂ္ဂ ၏ မူနှင့်တန်ဖိုးများသည် အာဖဂန်နစ္စတန်၊ အီရတ်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်စသောနိုင်ငံများ၏ ဖြစ်စဉ်များနှင့်အတူ ကွယ်ပျောက်ခဲ့ပြီးဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်ကပင် စစ်နိုင်နိုင်ငံများက ပြဋ္ဌာန်း သော ကုလသမဂ္ဂပဋိညာဉ်စာတမ်း ကိုယ်၌တွင် ဟာကွက်များဖြင့် အားကြီးသူ အနိုင်ယူစတမ်း စီမံထားခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ကုလသမဂ္ဂ၌ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုကိစ္စမှာ အစိုးရကို ဖိအားပေးသည့် နည်းလမ်းများအနက်မှ တစ်ခုဖြစ်ပြီး နိုင်ငံတကာက အသိအမှတ်မပြုခြင်း ဆိုသည်ထက် နိုင်ငံကြီးများက နိုင်ငံငယ်များကို အနိုင်ကျင့်စိုးမိုးသော ဥပမာတစ်ခုဖြစ်ပါသည်။ သို့သော် အနီးစပ်ဆုံးသော ဖြစ်စဉ်များအဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ တွင် စက်တင်ဘာလ ၇ ရက်နေ့၌ ကျင်းပပြုလုပ် ခဲ့သော (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံ၏အစိုးရအကြီးအကဲအဖြစ် ပါဝင်တက်ရောက် ဆွေးနွေးခဲ့သည့်အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတ မစ္စတာပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ကို ကမ္ဘာ့မီဒီယာစာမျက်နှာများထက်တွင် အထင် အရှား တွေ့ရမည်ဖြစ်သည်။
ကုလသမဂ္ဂကို အသုံးချမှုတစ်ရပ်သာဖြစ်
၎င်းအပြင် Uzbekisten နိုင်ငံ Samarkand မြို့၌ စက်တင်ဘာလ ၁၅ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(Shanhai Cooperation Organization-SCO)၏ (၂၂) ကြိမ်မြောက် နိုင်ငံ့အကြီးအကဲများ ကောင်စီ (Council of Heads of State) အစည်းအဝေးတွင် မြန်မာနိုင်ငံအား ဆွေးနွေးဖက် နိုင်ငံ (Dialogue Partner)အဖြစ် ဝင်ရောက်ခွင့်ပြုရေး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အထူးကိုယ်စားလှယ်မှ တင်သွင်းနိုင်ရေး စီမံဆောင်ရွက်နေမှုများမှာ နိုင်ငံ၏ ကိုယ်စားပြုမှုကို ထင်ရှားသည့် သက်သေများပင် ဖြစ်ပါသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တာဝန်ယူထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ၏ တရားဝင်မှုမှာ ဥပဒေအရရော လက်တွေ့မြေပြင်မှာပင် အငြင်းပွားရန်မရှိဘဲ ဩဇာ ပေးချင်သူ နိုင်ငံတစ်စုနှင့် ဩဇာခံအကြမ်းဖက် အဖွဲ့တို့က နိုင်ငံဂုဏ်သိက္ခာ ကျဆင်းစေရန် ကုလသမဂ္ဂကို အသုံးချမှုတစ်ရပ်သာဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။
- Log in to post comments