
အားကစားဝါသနာရှင်တစ်ဦး
တပို့တွဲမှာ တပေါင်းရာသီပြောင်းသော်လည်း နံနက်ခင်းလေနုအေးက သန့်ရှင်းလတ်ဆတ်အေးမြဆဲ။ ကုန်းမို့တစ်ခု၊ ခုံးကျော်တံတားတစ်ခုတွေ့လျှင် စက်ဘီးကို တွန်းမသွားဘဲ ရအောင်နင်းတက်မည်ဟူသောစိတ်ဖြင့် စက်ဘီးကိုခပ်သွက်သွက်အားစိုက်နင်းခဲ့မှုကြောင့် စို့ထွက်လာသောချွေးများသည်ပင် နံနက်ခင်း တိုက်ခတ်လာသည့် လေပြည်လေညှင်းတို့ကြောင့် တစ်မုဟုတ်ချင်းအေးမြသွားကာ အမောပြေသွားသည်။
“လေကောင်းတွေ ရှူရှိုက်ကြ၊ သဘာဝကိုမှီဝဲကြ၊ ဒီနေ့သစ်ဟာ၊ တို့ကိုအောင်မြင်မှုအသစ်တွေ၊ ပေးလာမယ်” နိုင်ငံကျော်တေးသံရှင် စိုင်းထီးဆိုင်၏ “နေ့သစ်”သီချင်းကို ဖျတ်ခနဲသတိရလိုက်သည်။ နံနက်ခင်းလေကောင်းလေသန့်တွေကို ရှူရှိုက်ခြင်း၊ ရန်ကုန်မြို့ကြီးမနိုးထခင်၊ ကားသံ၊ လူသံများကင်း ဆိတ်ချိန်၊ ကျေးငှက်တို့ တေးဆိုချိန်အတွင်း ပင်ကို ပြကတော့ သဘာဝကို သူ့သဘာဝအတိုင်း ရှုမြင်ခံစားလိုက်ရသည့်အခိုက်တွင် နေ့သစ်သည် ကျွန်တော်တို့ကို အောင်မြင်မှုအသစ်များ မွေးဖွား ပေးခဲ့ပါသည်။
အောင်မြင်မှုအသစ်ဟူသည်ကား ရခဲလှသည့် လူ့ဘဝတွင် အသက်ရှည်စွာ အနာမဲ့ရေးပင် ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ ဓမ္မစာပေကျမ်းဂန်ထဲတွင် လည်း “အာရောဂျ ပရမာ လာဘာ” (အရပ်အခေါ် အာရောဂျံ ပရမံ လာဘံ) လာဘာ - လာဘ်တကာ လာဘ်တို့တွင်၊ ပရမာ- အနာကင်းမဲ့မှုက သာလွန် သည်ဟု ဖွင့်ဆိုဖော်ပြခဲ့ပါသည်။ မှန်ပေသည်။ အနာကင်းခြင်းသည် လာဘ်ကြီးတစ်ခု၊ ကျန်းမာခြင်း သည်လာဘ်ကြီးတစ်ခုဖြစ်သည်။ ကျန်းမာခြင်းသည် လောကတွင် ချမ်းသာခြင်းတစ်မျိုးဖြစ်သည်။ ကျန်းမာမှ စားချင်ရာ စားနိုင်သည်။ ဝတ်ချင်ရာ ဝတ်နိုင်သည်။ စိတ်သွားတိုင်း ကိုယ်ပါသည်။ သွားချင်ရာသွားနိုင်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ ပန်းတိုင်မြတ်နိဗ္ဗာန်ကို ဆိုက်ရောက်ရေးအတွက် မဂ္ဂင်ရှစ်ရပ်အကျင့်မြတ်ကို ကျင့်ကြံပွားများ အားထုတ်ရာတွင်ပင် ကျန်းမာဖို့လိုသည်။
ဝမ်းမီးကောင်းစွာ ကိုယ်ကျန်းမာရမည်
မြတ်စွာဘုရားရှင်က လောကုတ္တရာတရားထူး ကို လွယ်လင့်တကူ သိမြင်နိုင်ရေးအတွက် လိုအပ် သည့်အရည်အချင်းများအဖြစ် ဟောကြားတော် မူခဲ့သော ပဓာနိယင်္ဂတရား ငါးပါးတွင် ကျန်းမာရေး နှင့်ပတ်သက်၍ “ဝမ်းမီးကောင်းစွာ ကိုယ်ကျန်းမာရ မည်”ဟု ထည့်သွင်းဟောကြားတော်မူခဲ့ပါသည်။
မကြာသေးမီ ရက်ပိုင်းအတွင်းက အသိမိတ်ဆွေ တစ်ဦး လေဖြန်းသွား၍ ရန်ကုန် ပြည်သူ့ဆေးရုံကြီး သို့ သတင်းမေးရောက်ခဲ့သည်။ သူ့တွင် သွေးတိုး၊ ဆီးချိုရောဂါရှိသည်။ အစားအသောက်မဆင်ခြင်၊ စားချင်ရာစားပြီးမှ ဆေးသောက်လေ့ရှိသည်။ ကိုယ်လက်လှုပ်ရှားမှုနည်းသည်။ လမ်းလျှောက် လျှင် မောပန်း၍လမ်းမလျှောက်ချင်၊ ဟိုနား ဒီနား အငှားယာဉ်ဖြင့်သာ သွားတတ်သည်။ လမ်းလျှောက် ပျင်းသူ သက်လတ်ပိုင်းအမျိုးသမီး အသိမိတ်ဆွေ တစ်ဦးလည်း ရှိသေးသည်။ သူကား ရံဖန်ရံခါ သွေးတိုးသည်မှလွဲ၍ မောခြင်းပန်းခြင်းမရှိ။ လမ်းလျှောက်ပျင်းရိခြင်း သက်သက်သာဖြစ်သည်။ ဗိုလ်ချုပ်လမ်းထိပ်နှင့် ပုဇွန်တောင်ဈေးသို့ပင်လျှင် ဈေးသွားဈေးပြန်ဆိုက်ကားစီးလေ့ရှိသည်။
ယခုလတ်တလော လေဖြတ်လူနာများ များနေ သည်။ သက်ကြီးပိုင်းသာမက သက်ငယ် လူငယ်ပိုင်း ပါ လေဖြတ်ကြကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် အဖြစ်များနေသော ရောဂါများတွင် လေဖြတ်ခြင်း သည် တစ်ခုအပါအဝင်ဖြစ်ပြီး ဒုတိယသေဆုံးမှုနှုန်း အများဆုံး ရောဂါတစ်ခုလည်းဖြစ်လာသည်။ ကမ္ဘာ့ လေဖြတ်ရောဂါအဖွဲ့အစည်း (World Stroke Organization)၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် နှစ်စဉ်လေဖြတ်လူနာအသစ် ၁၃ သန်းခန့်ရှိပြီး နှစ်စဉ်လူဦးရေငါးသန်းခွဲခန့်သည် လေဖြတ်ရောဂါ ကြောင့် အသက်ဆုံးရှုံးလျက်ရှိကြောင်း သိရသည်။ လေဖြတ်စေသည့်အဓိကအကြောင်းရင်းများတွင် သွေးတိုးရောဂါသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး သွေးတိုးရောဂါကိုသေသေချာချာ ကုသမှု မခံယူပါ က လေဖြတ်နိုင်ခြေ ပုံမှန်ထက် ခုနစ်ဆပိုများ ကြောင်း ဆေးပညာရှင်များကဆိုသည်။
လေမဖြတ်အောင် ကြိုတင်ကာကွယ်
လေမဖြတ်အောင် ကြိုတင်ကာကွယ်သည့် အနေဖြင့် ကျန်းမာရေးနှင့်အညီ လတ်ဆတ်သော အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ ပုံမှန်စားခြင်း၊ အသင့်အစားအစာ၊ ဆီကြော်စာ၊ အချို၊ အငန် ပါဝင်မှုများသော အစာများကို ရှောင်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ညဘက်အိပ်ရေး ဝအောင် အိပ်စက်ခြင်း၊ စိတ်ဖိစီးမှုနည်းအောင်နေ ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ အရက်လျော့သောက်ခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ သွေးပေါင်ချိန်ပုံမှန်တိုင်း ခြင်းတို့ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်ကြောင်း သိရ သည်။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများအနက် စက်ဘီးစီးခြင်းနှင့် လမ်းလျှောက်ခြင်းသည် ကျန်းမာရေးအတွက် အဖိုးနည်းဝန်ပါသည့် လေ့ကျင့်ခန်းများဖြစ်သည်။ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါ၊ နှလုံးနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများဖြစ်နိုင်ခြေကို ပုံမှန်စက်ဘီးစီးခြင်းဖြင့် လျှော့ချပေးနိုင်ကြောင်း သုတေသနလေ့လာ ဆန်းစစ်ချက်များအရ သိရသည်။ ထို့ပြင် သွေးလည်ပတ်မှုကောင်းစေပြီး ကိုလက်စထရော များခြင်း၊ အဝလွန်ခြင်းများ မဖြစ်အောင် ထိန်းညှိ ပေးသည်ဟုလည်းဆိုသည်။
သုတေသန လေ့လာတွေ့ရှိချက်များအရ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် တစ်ပတ်ကို အနည်းဆုံး ကယ်လိုရီ ၂၀၀၀ လောင်ကျွမ်းအောင်လုပ်နိုင်သည် ဟု သိရသည်။ တစ်နာရီခန့် စက်ဘီးစီးခြင်းဖြင့် ကယ်လိုရီ ၃၀၀ ခန့် လောင်ကျွမ်းအောင်လုပ်နိုင်ပြီး တစ်နေ့လျှင် နှစ်ကြိမ်ခန့် စက်ဘီးစီးခြင်းဖြင့် ကယ်လိုရီများကို မြန်မြန်ဆန်ဆန် လောင်ကျွမ်းစေ သည်ဟု ဆိုသည်။ စက်ဘီးစီးခြင်းသည် ကိုယ် အလေးချိန်ချရန်နှင့် ကိုယ်အလေးချိန်ထိန်းရန် အထိ ရောက်ဆုံး နည်းအဖြစ်ယူဆကြသည်။
ထို့အတူ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ သွေးတိုး နှင့်ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း၊ ခွန်အားမြှင့်တင်ပေးခြင်း၊ ကြွက်သားတည်ဆောက် ပေးခြင်း၊ အဆုတ်ကျန်းမာရေးပိုကောင်းစေခြင်း၊ ဦးနှောက်စွမ်းအားတိုးမြှင့်ပေးခြင်းစသည့် ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာရေးသာမက စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျမှုပမာဏများကို လျှော့ချပေးသည့်အတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ များစွာအထောက်အကူပြုနိုင် ကြောင်း သိရသည်။ နံနက်ခင်းပိုင်း စက်ဘီးစီးခြင်း သည် အကျိုးကျေးဇူးများကို ပိုရရှိနိုင်စေသည်ဟု ဆိုသည်။ အဆီကျခြင်းနှင့် ကိုယ်အလေးချိန် ထိန်းခြင်းကို စွမ်းဆောင်ကူညီပေးနိုင်သည်ဟု ဆိုသည်။
လူ့သက်တမ်းကို ခုနစ်နှစ်တိုးစေ
နေ့စဉ်တစ်နေ့ နာရီဝက်၊ တစ်နာရီခန့် လမ်းလျှောက်ခြင်းကလည်း လူ့သက်တမ်းကို ခုနစ် နှစ် တိုးစေသည်ဟု ဆေးပညာရှင်များကဆိုသည်။ နေ့စဉ်လမ်းလျှောက်ခြင်းဖြင့် အသည်းအဆီဖုံးခြင်း၊ သွေးတွင်းအဆီများနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ဖယ်ရှားပေးခြင်း၊ အဆစ်အမျက် ရောင်ခြင်း၊ အဝလွန်ခြင်းတို့ကို ပျောက်ကင်းစေ နိုင်ခြင်း၊ ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုးပွရောဂါနှင့် အိပ်မပျော်သည့်ရောဂါတို့ကို ပျောက်ကင်းစေနိုင် သည်။ သွေးတွင်းရှိမကောင်းသည့် အဆီများကို ကျစေခြင်းဖြင့် သွေးတိုး၊ နှလုံးရောဂါ၊ လေဖြတ်၊ လေငန်းရောဂါဖြစ်နှုန်းကို လျော့ကျစေသည်။
နယ်သာလန်နှင့် ကနေဒါနိုင်ငံတို့မှ အသစ် လေ့လာတွေ့ရှိချက်အရ ဆယ်ကျော်သက် အရွယ် ကတည်းက ကာယလှုပ်ရှားမှု၊ အားကစားပုံမှန် ပြုလုပ်သူများသည် အသက်ကြီးလာချိန်တွင်လည်း မှတ်ဉာဏ် ချို့ယွင်းမှုအန္တရာယ်ဖြစ်နိုင်ခြေ နည်းပါး သည်ဟု ဆိုသည်။ ကိုယ်လက်လှုပ်ရှားမှုဟုဆိုရာတွင် ရေကူးခြင်း၊ ပြေးခြင်း၊ လမ်းလျှောက်ခြင်းနှင့် ကခုန်ခြင်းတို့ပါဝင်သည်။ ပုံမှန်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်း ဖြင့် ရရှိနိုင်သည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး များက များပြားလှပေသည်။
မျက်မှောက်ကာလတွင် ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်သူ အရေအတွက် များပြားလာသည်။ ရန်ကုန်မြို့ရှိ အထင်ကရ ကန်တော်ကြီး၊ အင်းလျားကန်စောင်း အပါအဝင် မြို့နယ်အသီးသီးရှိ အပန်းဖြေဥယျာဉ် များ၊ ပန်းခြံများတွင် လမ်းလျှောက်သူ၊ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းဆောင်ရွက်သူ၊ စက်ဘီး စီးသူ အများအပြားကို တွေ့မြင်လာရသည်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကလည်း နေပြည်တော် တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနခွဲများမှ ဝန်ထမ်းများအချင်းချင်း စည်းလုံး ညီညွတ်မှုရှိစေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး အညောင်းအညာပြေစေရန်အတွက် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း (Fitness Dance) ကစားမှု များကို ဝန်ထမ်းများ လုပ်ငန်းတာဝန်များ ဆောင်ရွက်ပြီးစီးချိန် ညနေ ၄ နာရီမှ ၄ နာရီခွဲအထိ မိနစ် ၃၀ ခန့် စုပေါင်းကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရသည်။
သို့ဆိုလင့်ကစား ကမ္ဘာ့နိုင်ငံများနှင့် နှိုင်းယှဉ် လျှင်မူ တစ်နိုင်ငံလုံးအတိုင်းအတာအရ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှား ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်သူ အချိုးအစားနည်းပါးနေသေးသည်။ အချို့က အချိန်မပေးနိုင်ကြ၊ စားဝတ်နေရေးကို အကြောင်းပြကြသည်။ အချို့ကား တလွဲဆံပင် ကောင်း လူမြင်ကွင်းတွင် သွေးပူလေ့ကျင့်ခန်း လုပ်ရမည်ကို ရှက်ကြသည်။ တချို့က ငါကျန်းမာသားပဲဟူသည့် အာရောဂျမာန်ဖြင့် မေ့လျော့နေကြသည်။ နေချင်သလိုနေ၊ စားချင် သလိုစားပြီး သွေးတိုး၊ ဆီးချို၊ နှလုံး၊ လေဖြတ် စသည့် ရောဂါဝေဒနာများ ဝင်ရောက်လာပြီဆိုပါမှ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကြရသည်။ မိုးလွန် မှ ထွန်ချ ထိုအခါမှ ကိုယ်လက်လှုပ်ရှားအားကစားကို လုပ်ရကောင်းမှန်း သိလာသည်။ အချို့လေဖြတ် ဝေဒနာရှင်များဆိုပါက ပုံမှန်အခြေအနေပြန်ရရှိရေး အတွက် တုတ်ကောက်အကူအညီဖြင့် ခြေလေး တယမ်းယမ်း၊ လက်ကလေးတယမ်းယမ်းနှင့် လမ်းလျှောက်လေ့ကျင့်ခန်း ယူနေကြသည်ကို စိတ်မကောင်းစွာ တွေ့မြင်ခဲ့ရသည်။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ ထိရောက်ပါသည်။ အထူးသဖြင့် သက်လတ်ပိုင်း၊ သက်ကြီးပိုင်းအရွယ်များသည် ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်ပြီး အညောင်းအညာပြေစေရန်၊ သွေးလေ လည်ပတ်မှုကောင်းစေရန် အသက်အရွယ်နှင့် လိုက်ဖက်သည့် ကိုယ်လက်လှုပ်ရှား ကျန်းမာရေး လေ့ကျင့်ခန်းများကို ပုံမှန်အချိန်ပေးဆောင်ရွက်သင့် ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြို့တော် ပေကျင်း၊ ကျန်းစူးပြည်နယ်၏မြို့တော် နန်ကျင်း၊ ယူနန်ပြည်နယ်၏မြို့တော် ကူမင်းတို့တွင် သက်လတ်ပိုင်းနှင့် သက်ကြီးရွယ်အို ဘိုးဘွားများ အုပ်စုလိုက် တေးသီချင်းများဖွင့်၍ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်၊ ထိုက်ကျိ၊ ဝူရှူး စသည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ဆောင်နေမှု များကို ပြန်လည်မြင်ယောင်လာသည်။ အထူးသဖြင့် နံနက်ခင်းစက်ဘီးစီးခိုက် ပေကျင်းမြို့ လမ်းဘေးပလက်ဖောင်းများတွင် မြို့တော်သူ မြို့တော်သားများ ဝီချက်၊ ဝီဘိုတို့မှတစ်ဆင့် အခပေးပြီး အရန်သင့်စီးနင်းနိုင်ရန် ထားရှိ ပေးထားသော အဝါရောင်စက်ဘီးလှလှလေးများ၊ နန်းကျင်းမြို့လယ်တွင် ကားလမ်းနှင့်အပြိုင် သီးသန့်ထားရှိပေးထားသော စက်ဘီးလမ်းကလေး များကို ပြန်လည်အမှတ်ရနေမိပါတော့သည်။ ။
- Log in to post comments