အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပ

နေပြည်တော်    မတ်   ၂၃


ဘေးအန္တရာယ်ကျရောက်ပြီးနောက် ထိခိုက် သွားသော  အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရန်နှင့်    ထိခိုက်သူများကို စိတ်ဓာတ်     ပြန်လည်မြှင့်တင်ပေးရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ    ပြန်လည် ထူထောင်ရေးလုပ်ငန်းကော်မတီ၏   ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမ နှင့်    ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌   ကျင်းပ သည်။


တက်ရောက်


အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ သက်ဆိုင်ရာဝန်ကြီးဌာန ၁၀ ခုမှ ကော်မတီအဖွဲ့ဝင်       အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်း ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင်         ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက        မိမိတို့ကော်မတီမှ ဆောင်ရွက်ရမည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း များ  ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်(၁၄)ရပ်ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ချမှတ်ပေးထားပြီး အဓိက အပိုင်း နှစ်ပိုင်းဖြင့်   ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊   ပထမအပိုင်းတွင်   ကြိုတင်ပြင်ဆင်ခြင်း အပိုင်းနှင့် ဒုတိယအပိုင်းတွင် ပြန်လည်ထူထောင်ရေးအပိုင်းဖြစ်ပါကြောင်း၊   သဘာဝဘေးဒဏ်သင့် ဒေသများရှိ  ပျက်စီးဆုံးရှုံးမှု  အနည်းအများအပေါ် အခြေခံပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်၍ ပြန်လည်ထူထောင်ရေး အပိုင်းမှာလည်း   အစောပိုင်းကာလ   ပြန်လည် ထူထောင်ရေးနှင့် ရေရှည်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို    ပိုင်းခြားသတ်မှတ်၍    ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း။


ထိုကဲ့သို့     ဆောင်ရွက်ရာတွင်   အသက်မွေး ဝမ်းကျောင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလျင်အမြန်ပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့်နေရာများတွင်  ပုံမှန် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပြင် စိုက်ပျိုး ရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အခြားအသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ၊   အသိပညာပေးလုပ်ငန်း များ၊    နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုများ၊    ရင်းနှီး မတည်မှုနှင့် သွင်းအားစုပိုင်းဆိုင်ရာ  ကူညီထောက်ပံ့ မှုများ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအားပေးမြှင့်တင်မှုများကို အဓိကထားဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ် ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ယခင်ရရှိပြီး သား အတွေ့အကြုံများအပေါ်အခြေခံပြီး ဘေးဒဏ် သင့်ပြည်သူများ၏   လိုအပ်ချက်များကို  အချိန်နှင့် တစ်ပြေးညီ     ဖြည့်ဆည်းပေးနိုင်မည့်    ပိုမိုပြည့်စုံ ကောင်းမွန်သည့်နည်းလမ်းများ၊ အစီအစဉ်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှသာ   အချိန်တို အတွင်း  ထိရောက်အောင်မြင်စေမည်ဖြစ်ကြောင်း ပြောကြားသည်။


ရှင်းလင်းတင်ပြ


ထို့နောက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ အတွင်း ရေးမှူးက အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင် ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဌာနအလိုက် တာဝန် ခွဲဝေဆောင်ရွက်မည့်အခြေအနေများ၊ ကော်မတီဝင် ဝန်ကြီးဌာနနှင့် ဦးစီးဌာနများအလိုက် သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သောဒေသများတွင်   ပြန်လည် ထူထောင်ရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဆောင်ရွက်ပေးနိုင်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်ရန်စီစဉ်ထားရှိမှုများကို ရှင်းလင်းတင်ပြ ခဲ့ပြီး တက်ရောက်လာသောကော်မတီဝင်အသီးသီးက မိမိတို့နှင့်သက်ဆိုင်သည့် အခန်းကဏ္ဍများအလိုက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ    ပြန်လည် ထူထောင်ရေးဆိုင်ရာ   လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။


ကြိုတင်ပြင်ဆင်ဆောင်ရွက်


တင်ပြချက်များနှင့်စပ်လျဉ်း၍ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် သဘာဝ ဘေးအများဆုံးကျရောက်နိုင်မှုနှင့် ထိခိုက်လွယ်မှု အများဆုံးနိုင်ငံများထဲတွင် ပါဝင်ခြင်းကြောင့် ပုံမှန် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေရေး၊   သဘာဝဘေးဒဏ် ခံနိုင်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူ ပြုဆိုင်ရာ အခြေခံအဆောက်အအုံများ ဖြစ်ပေါ်ရေး၊ သဘာဝဘေးဒဏ်ကို တုံ့ပြန်နိုင်စွမ်းအား ကောင်း သော လူသားအရင်းအမြစ်များ ဖြစ်ပေါ်ရေးတို့အတွက် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ကော်မတီဝင်ဌာနများအားလုံးက     အကောင်းဆုံး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်      လိုအပ်ပါ ကြောင်း။ 


အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင် ရေး လုပ်ငန်းကော်မတီအနေဖြင့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှချမှတ် သည့်မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက်   အကောင်အထည်ဖော် ဆောင်ရွက်ရန်  အသက်မွေးဝမ်းကျောင်း   ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို      အကောင်းဆုံး ကြိုတင်ပြင်ဆင်ပြီး    စနစ်တကျစီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်   မှာကြားခဲ့ ကြောင်း သိရသည်။                        

 

 သတင်းစဉ်