
နောင်တရား ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ် အတွင်းရှိ ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်း ကို နောင်တရားမြို့ အ.ထ.ကကျောင်း၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
“ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊မူလတန်းကျောင်းများ၌ ကာကွယ်ဆေးမထိုးရသေး သည့် ကျောင်းသား ကျောင်းသူများ၊ ပထမအကြိမ် ထိုးနှံပြီးသည့် ကျောင်းသား ကျောင်းသူများကို ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်း၊ ပညာရေးဌာနမှ ဝန်ထမ်း၊ Volunteer များက စာရင်းမှတ်တမ်းကောက်ယူခြင်း၊ ကိုယ်ပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)