အသိနှင့်ယှဉ်သည့် အလေ့အကျင့်မှတစ်ဆင့် . . .

Type
1

 

ဒေါက်တာ မြတ်မိုး

လူတွေသက်တမ်းမစေ့မီ သေဆုံးကြရတဲ့အခြေအနေတွေကို လျော့ပါးအောင် နေ့စဉ်လမ်းလျှောက်ခြင်းဆိုတဲ့ အလေ့အထကောင်းတစ်ခုက ဘယ်လိုလုပ်နိုင်ပါသလဲ။ ကျန်းမာရေးဆိုင်ရာသုတေသနပြုချက်တွေက မကြာမကြာဖော်ပြပေးနေပါတယ်။ လမ်းလျှောက်ခြင်းနဲ့ပတ်သက်တဲ့ သုတေသနတွေ့ရှိချက်တွေဟာ ယခု လိုကာလ အပတ်စဉ်လူထုအားကစားလှုပ်ရှားမှုလမ်းလျှောက်ခြင်းမှာ တွန်းအားတစ်ခုဖြစ်စေပါလိမ့်မယ်။ အသိနဲ့ယှဉ်တဲ့လှုပ်ရှားမှု၊ ပြုမူမှုမှန်သမျှဟာ အဓိပ္ပာယ် မဲ့ဖြစ်မသွားပါဘူး၊ အလေ့အထမှသည် ဝါသနာ၊ ဝါသနာမှသည်ကောင်းမွန်တဲ့စရိုက်တွေအထိ ပြောင်းလဲသွားတယ်ဆိုတဲ့ခံယူချက်မျိုးဟာ မိမိအတွက်အရေးကြီး တဲ့ အသက်ရှည်ရာအနာမဲ့ကြောင်းမှာ များစွာအထောက်အကူပြုပါတယ်။
လူ့အသက်သက်တမ်းကို ဆွဲဆန့်နိုင်အောင်
လမ်းလျှောက်ခြင်းနဲ့ပတ်သက်တဲ့  တွေ့ရှိချက် အသစ်တချို့ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလထုတ် “Health and wellness” internet စာမျက်နှာတစ်ခု မှာ ဖတ်မိတဲ့အခါ   စိတ်ဝင်စားဖွယ်အချက်အလက် တွေကို   ပိုပြီးသိလာရပါတယ်။   တစ်နေ့တစ်နေ့  ခြေလှမ်းတစ်သောင်းလောက်လျှောက်ရုံနဲ့ သင့်ရဲ့ အသက်သက်တမ်းကို         ဆွဲဆန့်နိုင်ပါတယ်တဲ့။ လူတိုင်းအသက်ရှည်ရှည်နေချင်တာ အလိုချင်ဆုံးပဲ မဟုတ်ပါလား၊၊    စိတ်ဝင်စားစရာ ကောင်းတာက လမ်းလျှောက်ခြင်းဖြင့်  လူ့သက်တမ်းကဘယ်လို ရှည်သွားနိုင်တာလဲဆိုတဲ့အချက်၊   နေ့စဉ်ပုံမှန် လျှောက်မယ်၊ ခြေလှမ်းအကြိမ်ကို ပုံမှန်ထိန်းထား မယ်၊  ခြေလှမ်းအစိပ်အကျဲ  ပုံမှန်ဖြစ်စေရမယ်၊ ဒီအချက်တွေကို အနည်းငယ်ဂရုစိုက်ပေးပြီး ပုံမှန် လှုပ်ရှားသွားလာရုံပါပဲ။
အသက်အရွယ်ရလာရင်    အသင့်စောင့်နေပြီး ဒုက္ခပေးတတ်တဲ့ ရောဂါအမျိုးမျိုးရှိတတ်ပါတယ်။ ကြုံရဆုံရအများဆုံးက နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါများ၊ ကင်ဆာ၊ ဆီးချိုနဲ့ dementia လို့ခေါ်တဲ့ မှတ်ဉာဏ်ချို့ယွင်းသတိမေ့ရောဂါတွေနဲ့  အဓိက ဒီရောဂါတွေကြောင့်ပဲ သက်တမ်းမကုန်ခင် သေဆုံး ရခြင်း စတဲ့ပြဿနာတွေဖြစ်ကြရတာပါ။ ဒီရောဂါ တွေကြောင့် လူတွေဟာဆိုးဆိုးရွားရွား ဒုက္ခရောက် ကြရတယ်။ ငွေကုန်လူပန်းအလုပ်ပျက် ဒုက္ခိတဘဝ ရောက်သွားသလို  ခံစားကြရပါတယ်။   ဒါကြောင့် အချိန်မီသတိပေးနှိုးဆော်  ပညာပေးကျန်းမာရေး သုတတိုးပွားအောင်၊    ထိုကျန်းမာရေးအသိနဲ့ နေတတ်၊  ထိုင်တတ်၊  လှုပ်ရှားတတ်အောင်နဲ့ကိုယ့် ကိုယ်ကိုယ်  ကာကွယ်စောင့်ရှောက်တတ်အောင်၊ အသိတိုးရုံနဲ့မပြီး ဒီလိုလှုပ်ရှား ဆောင်ရွက်နိုင်မယ့် ဝန်းကျင်ကောင်းတွေ         ဖန်တီးပေးနိုင်တဲ့အထိ Health promotion ဖြစ်အောင်  ကြိုးစားဆောင်ရွက် နေရခြင်းဖြစ်ပါတယ်။
တစ်နေ့နဲ့တစ်မိနစ် ခြေလှမ်းအရေအတွက်
နေ့စဉ်လမ်းလျှောက်တဲ့ ခြေလှမ်းအရေအတွက် frequency နဲ့ တစ်မိနစ်မှာလှမ်းတဲ့ ခြေလှမ်းအရေ အတွက်   intensity ဟာ   ကျန်းမာရေးအတွက် ကောင်းကျိုးသက်ရောက်မှုမှာ   များစွာလွှမ်းမိုးပါ တယ်။ သုတေသနအများစုကတော့ တစ်နေ့ မိနစ် ၃၀၊ တစ်ပတ် မိနစ် ၁၅၀  လမ်းလျှောက်ခြင်းကို အခိုင်အမာထောက်ခံကြပါတယ်။ သို့ပေမယ့် ထိုအချိန်  အတောအတွင်းမှာ    ခြေလှမ်းကို   ခပ်စိတ်စိတ်နဲ့ မြန်မြန်လျှောက်ပေးခြင်းက  ကျန်းမာရေးကို  ပိုမို အထောက်အကူပြုတယ်လို့  ဆိုပါတယ်။ တစ်နေ့ တစ်နေ့   လျှောက်တဲ့ခြေလှမ်းကို  ၉၈၀၀ ကနေ ၁၀၀၀၀ အထိ  လှမ်းနိုင်အောင်ကြိုးစားပေးပါ။ နေ့စဉ်  ဒီနှုန်းနဲ့လျှောက်မယ်ဆိုရင် ခြေလှမ်း ၂၀၀၀ လှမ်းပြီးတိုင်းမှာ  နှလုံးရောဂါ၊   ကင်ဆာရောဂါနဲ့ အချိန်မတိုင်မီ သေဆုံးမှုနှုန်းက ၁၀ ရာခိုင်နှုန်းအထိ လျော့ကျသွားပါတယ်။  ခြေလှမ်းပေါင်း    ၉၈၀၀ လောက်ပဲလှမ်းပါဦး၊  ခုန dementia   မှတ်ဉာဏ် မေ့သတိလွတ်ရောဂါအန္တရာယ်ဟာ ၅၀ ရာခိုင်နှုန်း အထိ    လျော့ကျသွားတယ်လို့   ဆိုထားပါတယ်။ ဒီထက် လျှော့ကြည့်မယ်၊ တစ်နေ့ အလှမ်း  ၃၈၀၀ လောက်ပဲ လျှောက်နိုင်တယ်ဆိုဦးတော့ ထိုရောဂါ မျိုးဖြစ်နိုင်မှုဟာ ၂၅ ရာခိုင်နှုန်းအထိ လျော့ကျသွား ပါတယ်။  တစ်ရက်ခြေလှမ်းများများ လျှောက်တာနဲ့ နည်းနည်းလျှောက်တာတောင် မတူပါဘူး။ တစ်နေ့  ခြေလှမ်း ၈၀၀၀နဲ့ ၄၀၀၀ ကို နှိုင်းယှဉ်ရာမှာ တစ်နေ့  ခြေလှမ်း ၈၀၀၀ ဝန်းကျင်လျှောက်ခြင်းက  အချိန် မတန်မီ သေဆုံးမှုအန္တရာယ်မှာ ပိုပြီးနည်းတယ်လို့ တွေ့ရှိထားပါတယ်။
တစ်မိနစ်ခြေလှမ်းမည်ရွေ့မည်မျှဆိုတဲ့အချက် မှာလည်း ကျန်းမာရေးအပေါ်သက်ရောက်မှု တွေ့ရှိ ချက်တွေ ရရှိထားပါတယ်။ တစ်မိနစ် အလှမ်း ၄၀ ထက်ပိုရင်ကို          ရည်ရွယ်ချက်တစ်ခုခုကြောင့် လျှောက်နေတယ်လို့    သတ်မှတ်လို့ရပါတယ်။  နေ့စဉ်ပုံမှန်အလုပ်လုပ်ရင်း  သွားရင်းလာရင်းမှာ တောင်    ကျန်းမာရေးအတွက်ဆိုတဲ့  အသိလေးနဲ့ ခပ်မြန်မြန်လေးလျှောက်ဖြစ်အောင် လျှောက်ပါလို့ တိုက်တွန်းပါရစေ။   တစ်မိနစ်မှာ   အနည်းဆုံး အလှမ်း  ၈၀ လောက်  လှမ်းနိုင်ရင်ကို   နှလုံးနဲ့ သွေးကြောရောဂါ၊  ကင်ဆာ၊   မှတ်ဉာဏ်ချို့ယွင်း သတိမေ့ရောဂါများနဲ့  အချိန်မတန်မီသေဆုံးခြင်းအန္တရာယ်များက လျော့ပါးသွားပါပြီ၊ တွေ့ရှိချက်အရ တစ်မိနစ် ခြေလှမ်း ၁၁၂ လှမ်း brisk walks လှမ်း လိုက်တိုင်းမှာ အထက်ပါရောဂါများဖြစ်နိုင်ခြေမှာ ၃၈ ရာခိုင်နှုန်းအထိ လျော့ပါးသွားတယ်လို့  တွေ့ရှိ ထားပါတယ်။
ထိုတွေ့ရှိချက်တွေက       ကျန်းမာရေးကို တန်ဖိုးထားသူများအတွက်  အလွန်အဖိုးတန်လှပါ တယ်။ UK မှာ ၂၀၁၃ ကနေ ၂၀၁၅ ခုနှစ်အထိ လူပေါင်း  ၇၅၀၀၀ကို သုတေသနပြုရာမှ တွေ့ရှိချက်တွေဖြစ် ခဲ့ပြီး နောင်  ခုနစ်နှစ်အကြာ ပြန်လည်သုတေသနပြု ရာမှာလည်း  မူလတွေ့ရှိချက်   ကိန်းဂဏန်းများ နဲ့ နီးစပ်မှုရှိတာတွေ့ရတဲ့အတွက်  မိမိကျန်းမာရေး အတွက် လမ်းလျှောက်မယ်ဆိုရင် နေ့စဉ်လုပ်ငန်းခွင် အလေ့အထနဲ့ အနီးစပ်ဆုံး၊  လက်တွေ့အကျဆုံး အခြေအနေမှာ အကိုးအကားပြုပြီး လျှောက်လှမ်း နိုင်အောင်ဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းကြောင့် ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုသလဲ ဆိုတဲ့ သုတေသနပေါင်းများစွာကို ပညာရှင်အစဉ် အဆက်က ပြုလုပ်ခဲ့ကြပြီးဖြစ်ပါတယ်။ အားလုံးက အပြုသဘောဆောင်တဲ့တွေ့ရှိချက်ချည်းသာဖြစ်ပါ တယ်။
ဘယ်လိုအလေ့အကျင့်မျိုးလဲ
လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးများဟာ အထက်ပါတွေ့ရှိချက်များတင် မကပါဘူး။ အများ အပြားရှိပါတယ်။ ဆေးပညာအရတော့ အကျိုးပြုမှု အားလုံးက   တစ်ခုနဲ့တစ်ခု  ဆက်စပ်နေတာပေါ့။ အမှန်က ကျွန်တော်တို့ခန္ဓာကိုယ်ထဲကို ဝင်ဖို့ချောင်း နေတဲ့ အသံတိတ်လူသတ်သမားတွေက ရှိပြီးဖြစ်ပါ တယ်။ သွေးတိုး၊ ဆီးချို ၊ နှလုံးသွေကြောပိတ်ခြင်း၊ လေဖြတ်၊  ကင်ဆာစတဲ့  ရောဂါဆိုးကြီးတွေဟာ အသက်ကို  မြန်မြန်တိုစေတဲ့ အသံတိတ်လူသတ် သမားတွေပါပဲ။
ဒါကြောင့်လည်း    လမ်းလျှောက်ချင်စိတ်နဲ့ လမ်းလျှောက်ခြင်းအလေ့အထကို စိတ်ဝင်စားပေး ပါ၊ ဝါသနာပါပေးပါ၊ ယဉ်ကျေးမှုတစ်ခုလို တန်ဖိုး ထားပေးပါလို့ နီးစပ်သူတိုင်းကို တိုက်တွန်းရတာဖြစ် ပါတယ်။ စိတ်ဝင်စားလာအောင် ကိုယ်နဲ့ ဝါသနာ တူရာမိတ်ဆွေအပေါင်းအသင်းများနဲ့   လမ်းလျှောက် အုပ်စုလေး   ဖွဲ့ထားလို့ရပါတယ်။        မရှိရင်လည်း  အိမ်မွေးခွေး၊  နှစ်သက်ရာသီချင်း နားထောင်ရင်း နားကြပ်ကိုလည်း  အဖော်ထားနိုင်တယ်။   မနီး မဝေးလွန်း ဈေးဝယ်မယ်ဆိုရင်လည်း လမ်းလျှောက် ဖို့သာ အကြံပေးချင်တယ်။ ရုံးဝန်ထမ်း ဆိုလျှင်လည်း အိမ်နဲ့ရုံး  အသွားအပြန်အလွန်မဝေးလျှင်  လမ်း လျှောက်၊ ရုံးခန်းမှာ လှုပ်ရှားမှုမများ၊ အထိုင်မများဘဲ not sedentary lifestyle ရုံးတွင်း ဌာနအချင်းချင်း မေးလ်နဲ့ပို့ရမယ့်အစား လမ်းကြောင်း ရှည်ရှည်ကို တမင်တကာရွေး၊  လမ်းလျှောက်ပြီး လူကိုယ်တိုင်စာ ပို့၊  ကားပါကင်မှာ   ကိုယ့်ကားကို   ခပ်ဝေးဝေးရပ်၊ ဓာတ်လှေကားမသုံးဘဲ  လှေကားအတက်အဆင်း လုပ်ကြည့် စသည်ဖြင့်ပါ ။ mini walks  သဘောမျိုး ပေါ့၊ ကျန်းမာရေးအတွက် စိုးရိမ် စိတ်နဲ့ကြံဖန်ပြီး  အချိန်အနည်းငယ် ပေးကောင်းပေးရပေမယ့်ရလိုက် တဲ့   ကျန်းမာရေးအကျိုးအမြတ်နဲ့ဆို တန်ပါတယ်။  လိုအပ်ချက်အရ ခြေလှမ်းတိုင်းကိရိယာနာရီ Health watch  လေးတွေ  တပ်နိုင်လည်း ကောင်းပါတယ်။
အထူးသဖြင့်    ဖြစ်နိုင်ရင်    နံနက်ခင်းမှာ လမ်းလျှောက်ခြင်းက ပိုသင့်တော်မယ်ထင်ပါတယ်။ မိမိရဲ့   ရုပ်ပိုင်း  စိတ်ပိုင်းခွန်အားတစ်ခုကို   နံနက် စောစောအိပ်ရာထတာနဲ့ လမ်းလျှောက်ခြင်းကနေ အစပြုပေးနိုင်မယ်လို့ ယူဆပါတယ်။ အချိန်အများ ကြီးမယူရပါဘူး၊  နာရီဝက်လောက်ပါပဲ   ပေးနိုင်ရင် တော်ပါပြီ။ ကရိကထလည်း  မများပါဘူး၊   အကူ ပစ္စည်းလည်းမလို၊ အရင်းအနှီးလည်းမများပါဘူး။ အထက်ပါလမ်းလျှောက်ခြင်းအတွက် အလေ့အထ တွေဟာ   အထူးအဆန်းတွေမဟုတ်ပါဘူး။  မိမိ ပတ်ဝန်းကျင်မှာ  အသင့်ရှိနေတဲ့ အခွင့်အလမ်းတွေ ပါပဲ။ ကြံဖန်စဉ်းစားဆောင်ရွက်ပြီး မိမိကိုယ်ခန္ဓာက သွားနိုင်လာနိုင်လှုပ်ရှားနိုင်တုန်း၊ ခြေတွေ၊ လက် တွေ ၊ ဒူးတွေ၊ အကြောတွေ သန်တုန်းမြန်တုန်းမှာ အခြေအနေဖန်တီးခွင့်က   ကိုယ့်ဘက်မှာရှိနေတဲ့ အတွက်   အချိန်မနှောင်းခင်   လက်တွေ့လိုက်နာဆောင်ရွက်ကြဖို့ပါ။
အကျိုးကျေးဇူးများ
အခြားအချိန်များထက်         နံနက်စောစော လမ်းလျှောက်ဖို့ကို       ပညာရှင်တွေ   ဘာကြောင့် ရွေးချယ်ရတာပါလဲ။   လမ်းလျှောက်ခြင်းကြောင့် ဦးနှောက်ကထွက်လာတဲ့ အာရုံကြောဟော်မုန်းတစ် မျိုးဖြစ်တဲ့ အင်ဒိုဖင်  (endorphins) ကြောင့်ဖြစ်ပါ တယ်။ နံနက်ခင်းလမ်းလျှောက်ပြီး တစ်နေ့တာလုံးစိတ်ကြည်လင်လန်းဆန်းတက်ကြွပြီး  စိတ်ဖိစီးမှု ကင်းနေခြင်းဟာ အင်ဒိုဖင်ကြောင့်ပါပဲ။ ဒီဟော်မုန်း က နာကျင်မှုတစ်စုံတစ်ရာရှိရင်လည်း နာကျင်မှုက အမြန်သက်သာသွားစေပါတယ်။         ခန္ဓာကိုယ်ခုခံ စွမ်းအားကိုလည်း မြင့်တက်စေတဲ့အတွက် အသက် ရှူလမ်းကြောင်းအပါအဝင်     ကူးစက် ရောဂါပိုးတွေ   အလွယ်တကူဝင်ရောက်ဖို့လည်း   ခဲယဉ်းသွားပါ တယ်။ ထို့အပြင် ခန္ဓာမှာ  အီလက်ထရွန်ဆုံးရှုံးမှုကို ကာကွယ်ပေးတဲ့ အင်တီအောက်ဆီဒင့် (antioxi-dants) ထွက်ရှိမှုကြောင့် အရွယ် တင်နုပျိုပြီး အရေပြား ကျန်းမာရေးကို           အထောက်အကူပြုကြောင်း  တွေ့ရှိရပါတယ်။  


လမ်းလျှောက်ခြင်းကြောင့်        ခန္ဓာကိုယ်က ထွက်လာတဲ့  အခြားသော ဓာတုဟော်မုန်းတွေရှိပါ သေးတယ်။   နော်အက်ပီနက်ဖရင်   (norepine-phrine)၊  ဒိုပါမင်း  (dopamine)၊   ဆီရိုတိုနင် (serotonin ) စတဲ့  ဓာတ်ပစ္စည်းတွေပါပဲ။ သူတို့ ကြောင့် အစာစားချင်စိတ်ဖြစ်ပေါ်တယ်။ ညဘက် မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ အက်ဒရီ နလင် (adrenaline) ကြောင့်   နှလုံးညှစ်အား ကောင်း၍   သွေးညှစ်အားပါ   ကောင်းလာပြီး   သွေးစီးဆင်းမှုကောင်းကာ    အောက်ဆီဂျင်လည်း ပိုရ၊  အဆုတ်က  အားကောင်းလာတဲ့အတွက်  အသက်ရှူလို့လည်းကောင်း၊ ခန္ဓာကိုယ်အတွက်  လိုအပ်တဲ့  စွမ်းအင်လည်းပြည့်စုံ။  နှလုံးလည်း သန်မာ၊  အဆုတ်လည်း အားကောင်းလာပါတယ်။   သွေးလှည့်ပတ်မှု        အားကောင်းလာတဲ့အခါ နှလုံးခုန်မြန်လာပြီး သွေးဖိအားလည်း လျော့ကျ သွားသလို  အကျိုးပြုဆီပမာဏကို တိုးစေပြီး အကျိုးမပြုဆီပမာဏကို    ဖယ်ရှားပေးနိုင်တဲ့ အတွက်  နှလုံးသွေးကြောကျဉ်း/ ပိတ်ရောဂါနဲ့  လေဖြတ်ရောဂါအန္တရာယ်         စက်ကွင်းက  လွတ်မြောက်သွားနိုင်ပါစေ။    ခြေလှမ်းခပ်စိတ်စိတ် လေးနဲ့ တစ်မိနစ် ခြေလှမ်းစသည်ဖြင့် မြန်မြန် လေး လျှောက်စေလိုတဲ့သဘောက မြန်လေသွေး လည်ပတ်မှု   အားကောင်းလေ   ဖြစ်တာကြောင့် ဖြစ်ပါတယ်။ သွေးထဲအကျိုးပြု ဆီပမာဏတိုးလာ နိုင်သလို   အကျိုးမပြုဆီကို  ဖယ်ရှားခြင်းဖြင့်  သွေးတွင်းအဆီပမာဏကို    ထိန်းထားနိုင်ပြီး  နောက်ဆက်တွဲ   အဝလွန်၊  ဆီးချို၊  သွေးတိုး၊  လေဖြတ်ရောဂါများကိုပါ ကာကွယ်နိုင်ပါတယ်။
လမ်းလျှောက်ခြင်းရဲ့  အခြားသောအကျိုး တရားများစွာက  မပြီးဆုံးသေးပါဘူး။ အရိုးအဆစ် များကို သန်မာစေပြီး အရိုးပွနှင့် အသက်ကြီးလျှင် ပေါင်ရိုးကျိုးရောဂါများမဖြစ်အောင် ကာကွယ်နိုင် ပါတယ်။ နာတာရှည်လူနာများ နာလန်ထမြန်ပြီး သွေးကြောထုံး         လူနာများအတွက်လည်း   သင့်လျော်ကြောင်း သိရှိရပါတယ်။   လမ်းလျှောက် ခြင်းက   ကယ်လ်ဆီယမ်လျော့ပါးမှုကို   တားဆီး ပေးပြီး  အဆစ်များကြား ချောဆီကို အားဖြည့် သလိုဖြစ်စေပြီး အရိုးကို  ပိုပြီးသိပ်သည်းစေတာ ကြောင့်   ဖြစ်ပါတယ်။   ဒါ့အပြင်    ခန္ဓာကိုယ်က  အဆီထုကိုဖယ်ထုတ်ပြီး       အဝမလွန်အောင် ထိန်းပေးပါတယ်။   အင်ဆူလင်   တုံ့ပြန်မှုကို ထိန်းညှိပေးတဲ့အတွက်  ဆီးချိုအမျိုးအစား (၂)  ကို  ကာကွယ်ကုသရာမှာ အထောက်အကူပြုပါ တယ်။ ပုံမှန်သာလျှောက်ပေးပါ၊ အစာ​ခြေစနစ်ကို ပိုကောင်းလာစေပြီး အစာလည်းကြေ၊    နောက် ဆုံး ရင်သားကင်ဆာဖြစ်နိုင်​ခြေတောင် နည်းသွား နိုင်တယ်လို့ ဆိုထားပါတယ်။
အချုပ်အားဖြင့်    ယခုလို    ဒီဇင်ဘာလူထု လမ်းလျှောက်ပွဲများမှာ  ပါဝင်လှုပ်ရှားခြင်းက အစပြုပြီး ကျန်းမာရေးအတွက် စနစ်တကျပုံမှန် လမ်းလျှောက်ခြင်းကို နေ့စဉ်မိမိဘဝနေထိုင်မှုပုံစံ life style မှာ ထပ်ဖြည့်ပေးဖို့ပါပဲ။ နေ့စဉ် တစ်နေ့ မိနစ် ၃၀အချိန်ပေးပြီး  ခြေလှမ်း  ၈၀၀၀ - ၁၀၀၀၀နဲ့ ခပ်စိတ်စိတ် ခပ်မြန်မြန်ခြေလှမ်းခြင်းကို   အလေ့အကျင့်လုပ်ကြည့်ပါ။     အလေ့အကျင့် ကောင်းဆိုတာ   အချိန်နှောင်းတယ်   မရှိပါဘူး။   သို့မှသာ  လူတိုင်းလိုချင်တဲ့    ကျန်းကျန်းမာမာ   ပျော်ပျော်ရွှင်ရွှင်နဲ့ လူ့သက်တမ်းစေ့နေသွားနိုင် ရေး  အဖြေဟာ မိမိထံမှာပဲရှိတယ်ဆိုတဲ့ ယုံကြည် ချက်ကို ရနိုင်ပါလိမ့်မယ်။ ဒီကမှတစ်ဆင့် အသိနဲ့ ယှဉ်တဲ့  အလေ့အထကောင်း တစ်ခုဖြစ်လာမယ့် ခံယူချက်မျိုးကို မိမိဘဝအတွက် ပြောင်းလဲရယူနိုင်မှာဖြစ်ပါတယ်။          ။