
နေပြည်တော် ဖေဖော်ဝါရီ ၂၀
အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ရုံးအမှတ်(၂၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစား ငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် အသေးစားငွေရေးကြေးရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ ငွေရေးကြေးရေး ကြီးကြပ် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ရုံးချုပ်မှ တာဝန်ခံများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ၊ မြန်မာနိုင်ငံအသေးစား ငွေရေးကြေးရေး လုပ်ငန်းများအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ချေးငွေဝန်ဆောင်မှုအသစ်များခွင့်ပြုပေး
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြု ပြီးသည့် ပြည်ပကုမ္ပဏီ ၅၄ ဖွဲ့၊ ပြည်တွင်းကုမ္ပဏီ ၁၁၆ ဖွဲ့နှင့် အစုစပ်ကုမ္ပဏီ ရှစ်ဖွဲ့ စုစုပေါင်း ၁၇၈ ဖွဲ့ရှိနေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုရှိ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်၊ ရပ်ကွက် ၂၂၄၅ ရပ်ကွက်၊ ကျေးရွာပေါင်း ၂၆၉၈၆ ရွာရှိ အသင်းဝင်ဦးရေ ၃ ဒသမ ၄၅ သန်း၊ ထုတ်ချေးငွေလက်ကျန် ငွေကျပ် ၁၈၃၅ ဒသမ ၉၅၄ ဘီလီယံဖြင့် ငွေကြေးဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရ အသေးစားငွေရေးကြေးရေးကုမ္ပဏီများအနေဖြင့် ငွေကြေးဝန်ဆောင်မှု ပေးရာတွင် သတ်မှတ်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း များ၊ ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး အလေးထားဆောင်ရွက် သွားရန်လိုကြောင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအနေဖြင့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ကိုဗစ်နှင့် နိုင်ငံရေးဖြစ်စဉ်များကြောင့် ကြုံတွေ့ရသည့်ငွေသားထုတ်ယူမှုနှင့် ပြည်ပချေးငွေရယူရန် အခက်အခဲများ ကျော်လွှားနိုင်ရန်နှင့် လုပ်ငန်းလည်ပတ်မှု အဆင်ပြေစေရန်အတွက် ပြည်တွင်းဘဏ်များမှ ချေးငွေရယူသည့်လုပ်ငန်းစဉ်များ မြန်ဆန်အောင် ဆောင်ရွက်ပေးခြင်း၊ ချေးငွေအတန်းအစားခွဲခြားခြင်းနှင့် ကြွေးဆုံးလျာထားသတ်မှတ်ခြင်း ဆိုင်ရာ ဖြေလျှော့ခြင်းများကို ဆောင်ရွက်ပေးခြင်း၊ အသေးစား ငွေရေး ကြေးရေးအဖွဲ့အစည်းများကို ကော်ပိုရိတ်အာမခံကိုယ်စားလှယ် လုပ်ကိုင် ခွင့်ပြုခြင်း၊ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှု ရယူဆောင်ရွက်ခွင့်ပြုခြင်း၊ ချေးငွေဝန်ဆောင်မှုအသစ်များခွင့်ပြုပေးခြင်း၊ နယ်မြေဒေသအေးချမ်း မှုရှိပြီး စီးပွားရေးလုပ်ငန်းများ ကောင်းမွန်သောဒေသများသို့ နယ်မြေ တိုးချဲ့ခွင့်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။
အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော် ၏ ဦးစားပေးကဏ္ဍဖြစ်သည့် MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများ ထုတ်ချေးခြင်း၊ သီးနှံစိုက်ပျိုးသည်မှ ထုတ်လုပ် ရောင်းချနိုင်သည်အထိ Supply Chain တစ်ခုလုံးအတွက် ချေးငွေ ထုတ်ချေးနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းသာမက အသင်းဝင်များအတွက် လိုအပ်သည့် လူမှုရေးဝန်ဆောင်မှု (CSR) လုပ်ငန်းများ ဆောင်ရွက်ပေး ခြင်းတို့ကို စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။
ဆွေးနွေးဆုံးဖြတ်ရန်အချက်များကို ရှင်းလင်းတင်ပြ
ထို့နောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြည့်စွက်ဆွေးနွေး မှာကြားပြီး အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှု၊ အတိုးနှုန်းပြင်ဆင်သတ်မှတ်ရန် သုံးသပ်ဆောင်ရွက်ထားရှိမှု၊ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း သုံးဖွဲ့၏ လုပ်ငန်းလိုင်စင်လျှောက်ထားမှု၊ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏နယ်မြေတိုးချဲ့မှု၊ ချေးငွေပြန်လည်ကောက်ခံမှုကို Mobile Financial Services ကို အသုံးပြုခွင့်အပါအဝင် ကြီးကြပ်မှု ကော်မတီက ဆွေးနွေးဆုံးဖြတ်ရန်အချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်