
ဘားအံ ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးဖွင့်လှစ်သော အရန်သားဖွား ခြောက်လသင်တန်း အမှတ်စဉ် (၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်က ဘားအံမြို့နယ် တရုတ်လှစံပြကျေးရွာ တရုတ်လှ တိုက်နယ်ဆေးရုံ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကျန်းမာရေးစောင့်ရှောက်မှု အနည်းငယ်သာရရှိပြီး လက်လှမ်းမမီသည့် ကျေးလက်တောရွာများတွင် ပဏာမကျန်းမာရေး လုပ်ငန်းများ၊ အခြေခံကျန်းမာရေးလုပ်ငန်းများကို အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်ကြရန်ဖြစ်ပြီး အရန်သားဖွားဆရာမများ အနေဖြင့် ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်း၊ မီးဖွားပြီး ပြုစုစောင့်ရှောက်ခြင်း၊ ကိုယ်ဝန်ဆောင် မိခင်နှင့် မွေးကင်းစကလေးတို့၏ အန္တရာယ်လက္ခဏာများကို အဓိကထား သင်ကြားရမည်ဖြစ်ကြောင်း၊ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် လူနာ လွှဲပြောင်းခြင်းဆိုင်ရာလုပ်ငန်းများ စသည့် ကျန်းမာရေးလုပ်ငန်းများကို တတ်မြောက်သည်အထိ သေချာစွာ လေ့လာသင်ယူရမည်ဖြစ်ကြောင်း၊ သေသေချာချာ လုံ့လစိုက်ထုတ်၍ သင်ခန်းစာများကို ကျေညက်စွာ လေ့လာကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံ မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ ၂၀ အတွက် ကုန်ကျစရိတ် ခြောက်လစာ ငွေကျပ် ၂၇၆၀၀၀၀၀ ကို ထောက်ပံ့ပေးအပ်ပြီး ကရင် ပြည်နယ်အတွင်းရှိ လှိုင်းဘွဲ၊ မြဝတီ၊ ကမမောင်း (ဖာပွန်)မြို့နယ်များတွင်လည်း အရန်သားဖွား ခြောက်လသင်တန်းများ ဖွင့်လှစ်ပေးမည်ဖြစ် ကြောင်း သိရသည်။ စောမျိုးမင်းသိန်း(ပြန်/ဆက်)