အပူပိုင်းဒေသ၏ ပူပြင်းသော ရာသီဥတု၊ မိုးခေါင်ရေရှားမှုနှင့် မြေအမျိုးအစား ညံ့မှုများကြားက စိုက်ခင်း အတွေ့အကြုံများနှင့် သုတေသနရလဒ်များ ပေါင်းစပ်၍ စိုက်ခင်းများကို အောင်မြင်အောင် စိုက်ပျိုးတည်ထောင်


 

နေပြည်တော် စက်တင်ဘာ ၁၃ 


သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး‌ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင်       မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ   မြန်မာနိုင်ငံ  သစ်တောကျောင်း၌ တိုင်းဒေသကြီးအတွင်းရှိ သစ်တောနှင့် သတ္တုကဏ္ဍ တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်      ပြည်ထောင်စုဝန်ကြီးက အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ရေဝင်နည်း ခြင်းနှင့်  ရေလျော့ကျခြင်းတို့အတွက် မြေပြင်အခြေ အနေမှန်ကို ကွင်းဆင်းစစ်ဆေးရေး၊  ပြင်ဦးလွင်ဒေသ အထိမ်းအမှတ် ချယ်ရီပင်များ စိုက်ပျိုးရေး၊ ပြင်ဦးလွင် ခရိုင်ရှိ  သစ်တောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကို   စီမံချက်ချ၍ အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ကော်ဖီစိုက်ခင်းများ၊ ပုဂ္ဂလိကစိုက်ခင်းများ၊ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်စိုက်ခင်းများ  ခွင့်ပြုပေးထားမှု အပေါ်   သတ်မှတ်စည်းကမ်းများ   လိုက်နာမှုရှိ/မရှိ ကြပ်မတ်စစ်ဆေးရေး၊ ကာကွယ်ထိန်းသိမ်းခြင်းနှင့် သစ်တောစိုက်ခင်း        တည်ထောင်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရေး၊ သစ်တောစိုက်ခင်းများ       ရှင်သန်အောင်မြင်ရန် သုတေသနလုပ်ငန်းသည်    အရေးကြီးသော  ကဏ္ဍ တစ်ခုဖြစ်သည့်အတွက်    အလေးထားဆောင်ရွက် ရေး၊ အပူပိုင်းဒေသ၏ ပူပြင်းသော ရာသီဥတု၊ မိုးခေါင် ရေရှားမှုနှင့်    မြေအမျိုးအစား   ညံ့မှုများကြားက စိုက်ခင်းအတွေ့အကြုံများနှင့် သုတေသနရလဒ်များ ပေါင်းစပ်၍     စိုက်ခင်းများကို   အောင်မြင်အောင် စိုက်ပျိုးတည်ထောင်ရန် အရေးကြီးမှု၊ သစ်တောနှင့် သတ္တုသယံဇာတ    အပါအဝင်   မြေပေါ်မြေအောက် သယံဇာတထိန်းသိမ်းရေးနှင့်    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည်  ဝန်ကြီးဌာနအတွက်   အရေး ကြီးမှု၊ နိုင်ငံအတွက် မြေပေါ်၊ မြေအောက် သယံဇာတ ထုတ်ယူရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ    စီမံခန့်ခွဲဆောင်ရွက်ရမည့်အပြင် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး အလေးထား လိုက်နာရမည်ဖြစ်ကြောင်း မှာကြားပြီး တာဝန်ရှိသူ များ၏   တင်ပြချက်များအပေါ်    ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင် မြို့နယ်ရှိ မြန်မာနိုင်ငံသစ်တောကျောင်း၊ မြန်မာနိုင်ငံ မြေတိုင်းကျောင်း၊  မေမြို့ထင်းကြိုးဝိုင်း   အကွက် အမှတ် (၁၄၊၂၃၊၂၇၊၃၇)အတွင်း ပုဂ္ဂလိက ကော်ဖီ စိုက်ခင်းများနှင့်      ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ  တည်ထောင်စိုက်ပျိုးထားမှု နှင့် စည်းကမ်းချက်များအပေါ်  လိုက်နာဆောင်ရွက်မှု ရှိ/မရှိ  အခြေအနေများကို  ကြည့်ရှုစစ်ဆေးခဲ့သည်။
သတင်းစဉ်