
နွယ်နီလင်း
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းပြည်နယ်တွင် စိုက်ခင်းများသို့ ရေပေးဝေနေသည့် ရေမြောင်းများ မှာ ရေခန်းခြောက်ခြင်းကြောင့် လယ်သမား ခါလစ်ဘတ်စ်၏ ကြံနှင့် ဝါသီးနှံစိုက်ခင်းများ၏ သုံးပုံတစ်ပုံမှာ ပျက်စီးသွားပြီဖြစ်သည်။
“မနှစ်ကတည်းက ရေလိုအပ်ချက်ကြောင့် မျှော်မှန်းထားတဲ့အထွက်နှုန်း မရခဲ့ဘူး။ ဒီနှစ်မှာ လည်း တူးမြောင်းကရေတွေ ခန်းခြောက်နေပါပြီ။ သီးနှံတွေကို ရေပေးဖို့အတွက် ဘယ်လိုမှ မဖြစ်နိုင် တော့ဘူး။ ဒီအတိုင်းသာဆို ဒေသခံတောင်သူတွေ စီးပွားရေးကျပ်တည်းလာမှာ သေချာတယ်” ဟု ၎င်းက ဆိုသည်။
အပူချိန် ၅၀ ဒီဂရီဆဲစီးရပ်စ်ရှိ
ပါကစ္စတန်နိုင်ငံ ဆင်းပြည်နယ်နှင့် အခြား ဒေသများရှိ နေရာများတွင် အပူချိန် ၅၀ ဒီဂရီ ဆဲစီးရပ်စ်ရှိပြီး အလွန်ပူပြင်းသော ရာသီဥတုနှင့် ရင်ဆိုင်နေရသည်။ ဆိုးရွားလှသည့် အပူလှိုင်း၏ နောက်ဆက်တွဲအဖြစ် ကပ်ပါလာသည့် ရေရှားပါး မှုကြောင့် သောက်သုံးရေရှားပါးမှုနှင့် သီးနှံစိုက်ခင်း များအတွက် ရေလိုအပ်ချက်ပြဿနာမှာ ပိုမိုဆိုးရွား လာခဲ့သည်။
ရေရှားပါးမှုသည် ဆင်းပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးထွက်ကုန် အားလုံးနီးပါးကို ထိခိုက် လျက်ရှိကြောင်း၊ လာမည့်ရက်များအတွင်း ရေရှားပါးမှုအခြေအနေ ပိုဆိုးလာမည်ကို စိုးရိမ်နေ ကြောင်း ပြည်နယ်ဝန်ကြီးချုပ်၏ စိုက်ပျိုးရေးဆိုင်ရာ အကြံပေးဖြစ်သူ မန်ဇိုးဝပ်ဆမ်က ပြောသည်။
သီးနှံထွက်ကုန်များမှာ အကျပ်အတည်းဖြစ်နေ
ဆင်းပြည်နယ်သည် သရက်သီး၊ ငရုတ်ကောင်း၊ ဝါ၊ ဂျုံနှင့် ကြံ အများဆုံးထွက်ရှိသည့် ပြည်နယ်တစ်ခု ဖြစ်သော်လည်း ရေပြတ်လပ်မှုကြောင့် လက်ရှိ သီးနှံထွက်ကုန်များမှာ ကျဆင်းနေပြီး စပါးစိုက်ပျိုး ရာတွင်လည်း နှောင့်နှေးမှုများနှင့် ရင်ဆိုင်နေရသည် ဟု ၎င်းက ဆက်ပြောသည်။
ပါကစ္စတန်တွင် ပြင်းထန်သော ရာသီဥတုအခြေ အနေကြောင့် ရေပြတ်လပ်မှု ဖြစ်ပွားပြီးနောက် သီးနှံစိုက်ခင်းများမှ နှစ်စဉ်အထွက်နှုန်း ကျဆင်းနေ သဖြင့် လာမည့်နှစ်များတွင် စားနပ်ရိက္ခာပြတ်လပ်မှု ဖြစ်ပေါ်နိုင်မည်ဟု ခန့်မှန်းကြောင်း ၎င်းက ဆက်ပြောသည်။
သရက်သီးထွက်ရှိမှုနှုန်းမှာ ၅၀ ရာခိုင်နှုန်း ကျဆင်းနိုင်
ရေရှားပါးမှုကြောင့် နိုင်ငံအတွင်း သရက်သီး ထွက်ရှိမှုနှုန်းမှာ ၅၀ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း၊ ပါကစ္စတန်နိုင်ငံသည် ကမ္ဘာပေါ်တွင် သရက်သီး ထွက်ရှိမှုမှာ အဆင့်ငါးနေရာတွင် ရှိသော်လည်း ယခုနှစ်တွင်မူ ကြီးမားသောရေရှားပါးမှုနှင့် အပူချိန် မြင့်တက်မှုကြောင့် သီးနှံများ ထွက်ရှိမှုကို ထိခိုက်စေမည်ဖြစ်ကြောင်း မကြာသေးမီက ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ပါကစ္စတန် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာဝန်ကြီး ရှာရီ ရာ့မန်က ပြောသည်။
အပူလျှပ်ခြင်းနှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါများ ဖြစ်စေနိုင်
ရေရှားပါးမှုသည် နိုင်ငံအတွင်း နေထိုင်သူများ အကြား ရေပြတ်လပ်မှုကြောင့် ဆက်စပ်ရောဂါများ ဖြစ်သည့် အပူလျှပ်ခြင်းနှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါများ အပါအဝင် ကျန်းမာရေးပြဿနာများကို လည်း ရင်ဆိုင်ရနိုင်သည်။ ပါကစ္စတန်နိုင်ငံရှိ အိမ်ထောင်စု ၇၀ ရာခိုင်နှုန်းခန့်မှာ ဗက်တီးရီးယား များပါသည့် မသန့်ရှင်းသောရေကို သောက်သုံး နေရပြီး လက်ရှိအပူလှိုင်းမှာလည်း အခြေအနေ ပိုဆိုးလာသည်ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေ အဖွဲ့ (UNICEF)က ထုတ်ပြန်ထားသည်။
ကလေးများသေဆုံး
ဘလိုချီစတန် ပြည်နယ်အနောက်တောင်ပိုင်း တွင် ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် ကလေးများ သေဆုံးပြီး ထောင်နှင့်ချီ၍ ရောဂါကူးစက်ခံနေရ သည်။ ပန်ဂျပ်နှင့် ဆင်းပြည်နယ်တို့တွင်လည်း မသန့်ရှင်းသောရေကို သောက်သုံးခြင်းကြောင့် ဝမ်းရောဂါများ ကူးစက်ဖြစ်ပွားနေသည်။ ပန်ဂျပ် ပြည်နယ် ချိုလီစတန်သဲကန္တာရတွင် ရေရှားပါးမှု ကြောင့် ကျွဲ၊ နွား တိရစ္ဆာန် ၅၀ ကျော် သေဆုံး ခဲ့ရသည်။
ရေတွင်းများစွာ ခန်းခြောက်
ချိုလီစတန်သည် အလွန်ဆင်းရဲသော ဒေသ ဖြစ်သည်။ အဆိုပါဒေသမှ အလွန်ပိန်လှီပြီး အာဟာရချို့တဲ့လျက်ရှိသည့် ကလေးငယ်များသည် သောက်သုံးရေရရှိရန် မိုင်ပေါင်းများစွာ လမ်း လျှောက် ရှာဖွေနေကြသော်လည်း ရေတွင်းများစွာ မှာ ခန်းခြောက်လျက်ရှိသည်။ အဆိုပါဒေသတွင် နေထိုင်သူများ၏ တစ်ခုတည်းသော ၀င်ငွေအရင်း အမြစ်ဖြစ်သည့် နွားများ၏ အကောင်ရေ သုံးပုံ တစ်ပုံခန့်သည် ရေငတ်၍ သေဆုံးကြရသည်ဟု ကယ်ဆယ်ရေးသမား တစ်ဦးဖြစ်သူ အူမာအာမက် က ပြောသည်။
အပူလှိုင်းသည် ဇွန်လအထိ ဆက်လက်ဖြစ်ပွားနိုင်
ပါကစ္စတန်နိုင်ငံတွင် အပူလှိုင်းသည် ဇွန်လအထိ ဆက်လက်ဖြစ်ပွားနိုင်သော်လည်း ရေရှားပါးမှု ပြဿနာမှာ နှစ်စဉ် ဇူလိုင်လလယ်မှ စတင်သည့် မုတ်သုံရာသီရောက်မှသာ ရှောင်လွှဲနိုင်မည်ဟု မိုးလေဝသပညာရှင်များက ပြောသည်။ လက်ရှိ ပါကစ္စတန်နိုင်ငံအတွင်း ရာသီဥတုဖောက်ပြန် မှုကို လျော့ပါးစေရန် သစ်ပင် ၁၀ ဘီလီယံ စိုက်ပျိုးရေး စီမံချက်များ ချမှတ်ဆောင်ရွက် လျက်ရှိသည်။
မဟာဗျူဟာတစ်ရပ်ကို ပြင်ဆင်ရန်စီစဉ်
ရာသီဥတုပြောင်းလဲမှုဒဏ်ကို လျှော့ချရန်နှင့် ရေနှင့် စားနပ်ရိက္ခာရှားပါးမှုပြဿနာကို ကိုင်တွယ် ဖြေရှင်းရန် မဟာဗျူဟာတစ်ရပ်ကို ပြင်ဆင်ရန် မကြာသေးမီက လုပ်ငန်းအဖွဲ့တစ်ခုကို ဝန်ကြီးချုပ် ရှာဘက် ရှရက်ဖ်က စီစဉ်ခဲ့သည်။ အဆိုပါ မဟာဗျူဟာသည် လက်ရှိရေလှောင်ကန်များနှင့် သစ်တောများကို ကာကွယ်ခြင်းနှင့် ရေထိန်းသိမ်း ခြင်း လုပ်ငန်းစဉ်များလည်း လုပ်ဆောင်သင့်ကြောင်း ဝန်ကြီးချုပ်က လမ်းညွှန်ထားသည်။
ကိုးကား-ဆင်ဟွာ