အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးတွင် အလုပ်အကိုင်အခွင့်အလမ်းပြပွဲကျင်းပ

 

နေပြည်တော်   ဧပြီ    ၂၈


မေ  ၁  ရက်နေ့တွင်  ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပဲခူး တိုင်းဒေသကြီး မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ ကျင်းပသည်။

 


ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီး ချုပ်    ဦးမျိုးဆွေဝင်းနှင့်   အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဦးဝင်းရှိန်၊  တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ  အကြီးအကဲများ၊   ပဲခူးတိုင်းဒေသကြီး ကုန်သည်များနှင့်   စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ပြပွဲတွင်  ပါဝင်ပြသသည့်   ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ၊ ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများ တက်ရောက်ကြသည်။

 


ဖွင့်ပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီး ချုပ်က အဖွင့်အမှာစကားပြောကြားသည်။ယင်းနောက်    အလုပ်သမားဝန်ကြီးဌာန   ဒုတိယ ဝန်ကြီးက      အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၌   အရည်အချင်းပြည့်ဝသော  လုပ်သား အင်အားထု ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများ   ပိုမိုဖန်တီးပေးနိုင်ရေးတို့ အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။

 


အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းပြပွဲ (Job Fair) များကို အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊      ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီများနှင့်ပူးပေါင်း၍   တိုင်း ဒေသကြီး/ပြည်နယ်များတွင်   အလုပ်အကိုင်အခွင့် အလမ်းပြပွဲများ  ကျင်းပခဲ့ရာ   ဧပြီ   ၂၁  ရက်အထိ အကြိမ်   (၇၂)   ကြိမ်   ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ အလုပ်လုပ်နိုင်သည့်       အရွယ်ရောက်သူတိုင်း သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ရရှိစေရေး ကျွမ်းကျင်လုပ်သားများအား ပြုစုပျိုးထောင်ပေးရန် အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် Stake-holders    များအားလုံးလည်း    ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက်    အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊   တာဝန်ရှိသူများက   ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး        အလုပ်လာရောက် လျှောက်ထားသူများနှင့် ပြပွဲတွင် ပါဝင်ပြသသော ကုမ္ပဏီများ၊   လုပ်ငန်းများကို  လှည့်လည်ကြည်ရှု အားပေးသည်။

 


အဆိုပါ    အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွင် ကုမ္ပဏီ ၂၇ ခုနှင့် ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လိုင်စင်ရအေဂျင်စီ     လေးခုတို့က ပြခန်းစုစုပေါင်း   ၃၃ ခန်း  ပါဝင်ပြသကြောင်း သိရ သည်။    

သတင်းစဉ်