အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့

Type

 

 

သီဟစည်သူ
 

၂၀၂၂ ခုနှစ် မေ   ၂၂  ရက်သည်   အပြည်ပြည်ဆိုင်ရာ   ဇီဝမျိုးစုံ မျိုးကွဲများနေ့ ဖြစ်သည်။ ယခုနှစ်အတွက်  ဆောင်ပုဒ်မှာ   “သက်ရှိ ဘဝ အားလုံးအတွက် မျှဝေသော အနာဂတ်ကို ထူထောင်ကြပါစို့” “Building shared future for all life” ဟူ၍ ဖြစ်သည်။ 
ဇီဝမျိုးစုံမျိုးကွဲဆိုသည်မှာ ကုန်းမြေ၊ လေထု၊ ပင်လယ်နှင့် အခြား သော ရေနေဂေဟစနစ်များအပါအဝင် အရင်းအမြစ်များအားလုံး၌ သက်ရှိသတ္တဝါများ ကွဲပြားခြားနားစွာ တည်ရှိမှုပင် ဖြစ်သည်။ 
မြန်မာနိုင်ငံသည်  ပထဝီအနေအထားအရ   မြောက်ဘက်တွင် ဟိမဝန္တာဒေသ၊ အရှေ့ဘက်တွင် အင်ဒိုချိုင်းနားဒေသနှင့် တောင်ဘက် တွင် မလေးကျွန်းဆွယ်ဒေသတို့အကြားတည်ရှိသည်။ ထို့အပြင် နိုင်ငံ အတွင်းရှိ ကွဲပြားခြားနားသော မိုးရေချိန်၊ မြေမျက်နှာသွင်ပြင်အနေအထား နှင့် ပေါများသော မြစ်ချောင်းများသည် မြန်မာနိုင်ငံတွင် အမျိုးအစား စုံလင်လှသော သဘာဝသစ်တောများကို  ဖြစ်ပေါ်တည်ရှိစေလျက် ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံအား အာရှနှင့် ပစိဖိတ်ဒေသတွင် ဇီဝ မျိုးစုံမျိုးကွဲ အကြွယ်ဝဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ်သတ်မှတ်ထားသည်။
အမျိုးအစားစုံလင်လှသော မြန်မာ့သစ်တောများတွင် ကျား၊ ဆင်၊ ကျားသစ်၊ ပြောင်၊ စိုင် အပါအဝင် နို့တိုက်သတ္တဝါ ၂၅၂ မျိုး၊ မိကျောင်း၊ စပါးကြီးမြွေအပါအဝင် တွားသွားသတ္တဝါ ၂၉၃ မျိုး၊ ငှက်မျိုးစိတ် ၁၀၅၆ မျိုး၊ ကုန်းနေရေနေသတ္တဝါ ၁၃၉ မျိုး၊ ရေချို နှင့် ရေငန်ငါး မျိုးစိတ် ၇၇၅ မျိုးနှင့် ဝါး၊ ကြိမ်၊ သစ်ခွနှင့်  ဆေးဖက်ဝင်အပင် အပါအဝင် မျိုးစိတ်ပေါင်း ၁၁၈၂၀ ကျော်တို့ကို မှတ်တမ်းတင်ထားသည်။
ထို့အပြင် မြန်မာနိုင်ငံသည် ဒေသရင်းမျိုးစိတ်များကို ပိုင်ဆိုင် လျက်ရှိပြီး ၎င်းဒေသရင်းမျိုးစိတ်များတွင် နို့တိုက်သတ္တဝါ တစ်မျိုး၊ တွားသွားသတ္တဝါ ၂၂ မျိုး၊ ကုန်းနေရေနေ မျိုးစိတ် ခြောက်မျိုး၊ ငှက်မျိုး စိတ် ခြောက်မျိုးနှင့် အပင်မျိုးစိတ် ရှစ်မျိုးတို့ပါဝင်သည်။
သဘာဝအရင်းအမြစ်များကို အလွန်အကျွံ  ထုတ်ယူသုံးစွဲခြင်း၊ ရာသီဥတု ပြောင်းလဲခြင်း၊ ညစ်ညမ်းမှုများဖြစ်ပေါ်ခြင်း၊ မြို့ပြချဲ့ထွင် ခြင်းနဲ့  လူဦးရေ  အဆမတန်  များပြားလာခြင်းတို့သည်   ဇီဝမျိုးစုံ မျိုးကွဲများကို ထိခိုက်ပျက်စီးစေလျက်ရှိသည်။ 
ထို့ကြောင့် ဇီဝမျိုးစုံမျိုးကွဲများကို   ပြန်လည်ထိန်းသိမ်းနိုင်ရန် ကာဗွန်လျှော့ချခြင်း၊  ဒေသရင်းအပင်များ  (ပန်း၊ ဟင်းသီးဟင်းရွက် နှင့် အသီးအနှံများ) ကို စိုက်ပျိုးခြင်း၊ ရေချိုသုံးစွဲမှုကို ချွေတာခြင်း၊ သဘာဝနှင့် သဟဇာတဖြစ်သော  သဘာဝထုတ်ကုန်များကို  သုံးစွဲ ခြင်း၊   သတ္တဝါများ၏ ကျက်စားရာနေရာများကို ဂရုစိုက်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေသော  အမှိုက်များကို   စည်းမဲ့ကမ်းမဲ့စွန့်ပစ်မှုကို   ရှောင်ရှားခြင်း၊  ပြန်လည်ပြုပြင်ခြင်း၊ ပြန်လည်သုံးစွဲခြင်းနှင့်  လျှော့ချသုံးစွဲခြင်းများကို  ကျင့်သုံးခြင်းများ လုပ်ဆောင်ရန်လိုအပ်နေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအဖွဲ့အစည်းများက တောင်းဆိုထားသည်။