
ဆက်လက်ဝဲ (MDevS)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်း သူများအခွင့်အရေးဥပဒေ (၂၀၁၅)ပါ ပြဋ္ဌာန်းချက်များကို ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်စေလျက်ရှိပါသည်။ အမျိုးသား ကော်မတီအနေဖြင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများကို နိုင်ငံတော်နှင့် နိုင်ငံသားတို့က အသိအမှတ်ပြု စေရေးအတွက် ဥပဒေနှင့်အညီ တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ဖော် ဆောင်ပေးလျက်ရှိပါသည်။
အမျိုးသားကော်မတီက မသန်စွမ်းသူများအခွင့်အရေးများကို ဖော်ဆောင်ရာတွင် (Nothing about us without us) ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများကိုယ်တိုင် အဓိပ္ပာယ်ရှိရှိ ပါဝင်နိုင် ရန်အတွက် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ ကိုယ်စားလှယ် များ၊ မသန်စွမ်းမှု အမျိုးအစားအလိုက်မှ ရွေးချယ်စေလွှတ်သော ကိုယ်စားလှယ်များကို အမျိုးသားကော်မတီ၏ အဖွဲ့ဝင်များအဖြစ် ထည့်သွင်းဖွဲ့စည်းကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ယင်းကဲ့သို့ အနှစ်သာရရှိရှိ ဖွဲ့စည်းထားသည့် အမျိုးသားကော်မတီ ၏ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သော (၁/၂၀၂၃)အကြိမ် အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ဘီးတပ်ကုလားထိုင် နေ့နှင့်ပတ်သက်သော အကြောင်းအရာများကို နိုင်ငံပိုင်စာနယ်ဇင်း၊ မီဒီယာများမှတစ်ဆင့် နှစ်စဉ်ဖော်ပြကာ အများပြည်သူသို့ လှုံ့ဆော် အသိပညာပေးသွားရန် ဆုံးဖြတ်ခဲ့ပါသည်။
ဘီးတပ်ကုလားထိုင်များသည် လူသားများကို အကျိုးပြု
အပြည်ပြည်ဆိုင်ရာ ဘီးတပ်ကုလားထိုင်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုများကို ကမ္ဘာ့နိုင်ငံများတွင် ၂၀၀၈ ခုနှစ်မှ စတင်၍ နှစ်စဉ် မတ်လ ၁ ရက်နေ့တွင် ကျင်းပလာခဲ့ကြပါသည်။ ဘီးတပ်ကုလားထိုင် များသည် လူသားများကို အကျိုးပြုကြောင်း၊ ခေတ်အဆက်ဆက်တွင် ရွေ့လျားနိုင်မှုအတွက် အထောက်အကူပြုကိရိယာအဖြစ် အရေးပါ ကြောင်း သတိပြုမိစေရန် ရည်ရွယ်ခဲ့ကြပါသည်။
၂၀၀၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဘီးတပ်ကုလားထိုင်နေ့ အထိမ်း အမှတ်အခမ်းအနားကို ဩစတြေးလျ၊ နီပေါ၊ ဆီနီဂေါ၊ တောင်အာဖရိက၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံများတွင် အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် စတင်ကျင်းပခဲ့ခြင်းဖြစ် ပါသည်-
(၁) ဘီးတပ်ကုလားထိုင်အသုံးပြုသူများသည် မိမိဘ၀အတွက် ဘီးတပ်ကုလားထိုင်၏ အကျိုးပြုမှုကို နှစ်သက်လက်ခံနိုင် စေရန်။
(၂) ဘီးတပ်ကုလားထိုင်များကို လှူဒါန်းပံ့ပိုးပေးသူများ၊ ဘီးတပ် ကုလားထိုင် အသုံးပြုသူများကို ကူညီစောင့်ရှောက်ပေး သူများ၊ သွားလာလှုပ်ရှားမှုအခက်အခဲရှိသူ (မသန်စွမ်း သူများ)အတွက် ပို၍လက်လှမ်းမီ အသုံးပြုနိုင်သော နေရာ ထိုင်ခင်းများကို ဖန်တီးပေးသူများ၏ လုပ်ဆောင်ချက်များ ကို ဖော်ထုတ်ပြသနိုင်ရန်။
(၃) ကမ္ဘာပေါ်တွင် လူသန်းပေါင်းများစွာသည် ဘီးတပ်ကုလား ထိုင် လိုအပ်နေသော်လည်း ဘီးတပ်ကုလားထိုင်တစ်စီး ကိုပင် ဝယ်ယူရန် မတတ်နိုင်သူများရှိ၍ လှူဒါန်းဖြည့်ဆည်း ပေးရေး အသိပေးလှုံ့ဆော်ရန်။
အထက်ဖော်ပြပါ အခြေအနေများကြောင့် ဘီးတပ်ကုလားထိုင် သည် သွားလာလှုပ်ရှားရန် ခက်ခဲမှုရှိသူ (မသန်စွမ်းသူများ)အတွက် အလွန်အရေးပါသဖြင့် ကမ္ဘာ့နိုင်ငံများတွင် အထိမ်းအမှတ်နေ့ လှုပ်ရှား မှုများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုကျင်းပလာလျက်ရှိရာ ယခုနှစ်ဆို လျှင် (၁၇) ကြိမ်မြောက်ပြီဖြစ်ပါသည်။
ဘီးတပ်ကုလားထိုင် စတင်ပေါ်ပေါက်လာမှုသမိုင်းကို အနည်းငယ် တင်ပြလိုပါသည်။ လက်ရှိအသုံးပြုနေသည့် ဘီးတပ်ကုလားထိုင်နှင့် ပုံသဏ္ဌာန်ဆင်တူသည့် လက်တွန်းကုလားထိုင်ကို ခရစ်မပေါ်မီ ၆ ရာစု နှစ်က ဂရိတို့ စတင်အသုံးပြုခဲ့ကြပါသည်။ ခေတ်အဆက်ဆက်တွင် သုံးစွဲသူ၏ လိုအပ်ချက်အရ ပိုမိုကောင်းမွန်သည့် ပုံသဏ္ဌာန်များကို တီထွင်ကြံဆခဲ့ကြရာ ၁၉၆၀ ပြည့်နှစ်က ရောမတွင် ကျင်းပခဲ့သည့် မသန်စွမ်းသူများ အားကစားပြိုင်ပွဲ၌ ဘီးတပ်ကုလားထိုင်ဖြင့် ဘတ်စကက်ဘောကစားခြင်းကို စတင်ထည့်သွင်းနိုင်ခဲ့ပြီး ယခုအခါ လူကြိုက်များသော ပြိုင်ပွဲဖြစ်လာခဲ့ပါသည်။
ပထမဆုံး လျှပ်စစ်ဘီးတပ်ကုလားထိုင်ကို ၁၉၁၂ ခုနှစ်က အမေ ရိကန် အင်ဂျင်နီယာ ဟယ်ရီဂျန်နီးစ်နှင့် ဟာဘတ်အဲဗရက်စ်တို့က စတင်တီထွင်နိုင်ခဲ့ပါသည်။ ၁၉၇၅ ခုနှစ်မှစတင်၍ အမေရိကန်နိုင်ငံ ဘော်စတွန်မာရသွန်တွင် မာရသွန်ပြိုင်ပွဲဝင် ဘီးတပ်ကုလားထိုင် များဖြင့် ပြိုင်ပွဲဝင်စေခဲ့ရာ အားလုံးအကျုံးဝင် ယှဉ်ပြိုင်နိုင်သည့် မာရသွန်အဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။
မသန်စွမ်းသူများ၏ တစ်ဦးချင်းစွမ်းဆောင်နိုင်မှုကို မြင့်မားလာစေ
အမေရိကန် အမျိုးသားအာကာသနှင့် လေကြောင်းဦးစီးဌာန (National Aeronautics and Space Administration, NASA) ၏ လဆင်းယာဉ် Lunar Rover တည်ဆောက်ရာတွင် ဘီးတပ်ကုလား ထိုင်နည်းပညာကို အသုံးချခဲ့ရသည်အထိ တိုးတက်လာခဲ့ပါသည်။ ယခုအခါ နောက်ပြန်ဆုတ်နိုင်ခြင်း၊ ခြေတင်ရန်နေရာကို သက်သောင့် သက်သာဖြစ်စေခြင်း စသည့်သုံးစွဲသူ၏ လိုအပ်ချက်အတိုင်း ပြုပြင် ဖန်တီးပေးနိုင်ပြီဖြစ်ပါသည်။ ထို့အပြင် တီထွင်ဆန်းသစ်နိုင်မှု တိုးတက် လာသည်နှင့်အမျှ လှေကားကို တက်နိုင်၊ ဆင်းနိုင်သော ဘီးတပ် ကုလားထိုင်များ ပေါ်ပေါက်လာသည့်အတွက် လူ့ အသိုင်းအဝိုင်းအတွင်း မသန်စွမ်းသူများ၏ သွားလာနေထိုင်လှုပ်ရှားနိုင်မှုနှင့် တစ်ဦးချင်း၏ စွမ်းဆောင်နိုင်မှုကို ပိုမိုမြင့်မားလာစေပါသည်။ ထို့ကြောင့် ဘီးတပ် ကုလားထိုင် အသုံးပြုသူအနေဖြင့် မိမိသုံးစွဲသည့် ဘီးတပ်ကုလားထိုင် သည် မိမိဘဝ၏အရေးပါသော အစိတ်အပိုင်းတစ်ရပ်အဖြစ် အသိ အမှတ်ပြုကြရမည်ဖြစ်ပါသည်။
နောက်ဆုံးပေါ် ဘီးတပ်ကုလားထိုင်များကို တိုက်တေနီယံသတ္တု ကဲ့သို့ ပေါ့ပါးသည့်ပစ္စည်းများဖြင့် ကာလရှည်အသုံးပြုနိုင်ရန်နှင့် လွယ်လင့်တကူထိန်းကျောင်းနိုင်ရန် ပြုလုပ်လာနိုင်ခဲ့ပါသည်။ အချို့ ဘီးတပ်ကုလားထိုင်များတွင် အသံဖြင့် ထိန်းကျောင်းနိုင်သည့်စနစ် ပါဝင်လာ၍ သုံးစွဲသူအတွက် လွတ်လပ်မှုကို ပိုမိုရရှိစေပါသည်။ သယ်ဆောင်ရလွယ်ကူပြီး ခေါက်၍သိမ်းဆည်းနိုင်သော ဘီးတပ် ကုလားထိုင်များ ပေါ်ပေါက်လာသဖြင့် မသန်စွမ်းသူများ ခရီးသွား ရာတွင် အလွယ်တကူပို့ဆောင်၊ သိမ်းဆည်းလာနိုင်ပြီဖြစ်ပါသည်။
ယနေ့ဖွံ့ဖြိုးပြီးနိုင်ငံများရှိ လူဦးရေ ၁ ဒသမ ၂ ဘီလီယံ၏ ၁ ရာခိုင်နှုန်း (၁၂ သန်း)သည် ဘီးတပ်ကုလားထိုင်ကို အမြဲတမ်းလိုအပ် သူများဖြစ်ကြောင်း၊ ကျန်လူဦးရေအနက် ၉၅ ရာခိုင်နှုန်းသည် ဘီးတပ် ကုလားထိုင်ကို တစ်ကြိမ်သုံးခဲ့ဖူးသူများဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံ များတွင်မူ လူဦးရေ၏ ၂ ရာခိုင်နှုန်းသည် ဘီးတပ်ကုလားထိုင်ကို အမြဲတမ်းလိုအပ်သူများဖြစ်ပြီး ၁၀ ရာခိုင်နှုန်းသည် ဘီးတပ်ကုလား ထိုင်ကို တစ်ကြိမ်သုံးခဲ့ဖူးသူများဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ကမ္ဘာတွင် နေ့စဉ်တစ်နာရီတိုင်း ဘီးတပ်ကုလားထိုင် ၁၄၅ စီး လိုအပ် နေကြောင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားအခြေစိုက် အကျိုး အမြတ်မယူသည့် ဝီးချဲလ်ဖောင်ဒေးရှင်း (Wheelchair Foundation) ၏ လေ့လာဖော်ထုတ်မှုအရ သိရှိရပါသည်။
ထို့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization- WHO)၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့လူဦးရေ သန်း ၁၀၀၀ ခန့်သည် ဘီးတပ်ကုလားထိုင် လိုအပ်နေကြပြီး ယင်းတို့အနက် ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသာ ၎င်းတို့နှင့် သင့်တော်သော ဘီးတပ်ကုလားထိုင်ကို အသုံးပြုခွင့်ရရှိကြောင်း သိရှိရပါသည်။ ယင်းကဲ့သို့ လူဦးရေသန်းပေါင်း များစွာ၏ ဘီးတပ်ကုလားထိုင် လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းလှူဒါန်းပေးသည့် အလှူရှင်များ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၏ မြင့်မြတ်သော လုပ်ဆောင် ချက်ကို ယခုလိုအခါသမယတွင် အထူးအလေးပေး အသိအမှတ်ပြု ကြရမည်ဖြစ်ပါသည်။
အမြဲတမ်းမသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ နာမကျန်း သူများ၊ ကလေးသူငယ်များနှင့် မိခင်များ၊ ယာယီမသန်စွမ်းသူများ အနေဖြင့် အထောက်အကူပြုကိရိယာအဖြစ် ဘီးတပ်ကုလားထိုင် ရှိရုံဖြင့် အဆင်ပြေစွာသွားလာလှုပ်ရှားနိုင်မည်မဟုတ်ပါ။ ဘီးတပ် ကုလားထိုင်ကိုအသုံးပြု၍ လွယ်ကူစွာသွားလာသုံးစွဲနိုင်သော အများ ပြည်သူသုံး အဆောက်အအုံနှင့် ဆက်စပ်ဝန်းကျင်များ၊ အများပြည်သူ သုံး သယ်ယူပို့ဆောင်ရေးယာဉ်များ၊ လမ်းဆုံမီးပွိုင့်များ၊ လူကူး မျဉ်းကျားများ၊ လမ်းအကွေ့၊ အတက်၊ အဆင်းများ၊ အများပြည်သူ ပိုင် အိမ်ရာများ၊ ဆေးရုံနှင့် စာသင်ကျောင်းများ စသည့်ရုပ်ဝတ္တု ပတ်ဝန်းကျင်များကို ဖန်တီးပေးထားမှသာ ဘီးတပ်ကုလားထိုင်ကို ထိထိရောက်ရောက် အကျိုးရှိရှိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ ယင်းကဲ့သို့ ပတ်ဝန်းကျင်ကို ဖန်တီးပေးသော ကမ္ဘာ့နိုင်ငံများရှိ အစိုးရ အဖွဲ့အစည်းများ၊ မြူနီစီပယ်အဖွဲ့များနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် များ၊ ဒီဇိုင်းရေးဆွဲသူများ စသည့်ဆက်စပ်ပတ်သက်သူအားလုံး၏ စိတ်စေတနာကြီးမြတ်မှုကို အသိအမှတ်ပြုကြရမည် ဖြစ်ပါသည်။
မသန်စွမ်းသူများ အခွင့်အရေးအတွက် ဖော်ဆောင်ပေးလျက်ရှိ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်း သူများ၏ အခွင့်အရေးဥပဒေအရ မသန်စွမ်းသူများ လွယ်ကူစွာ သွားလာနေထိုင်အသုံးပြုနိုင်ရေးအတွက် မသန်စွမ်းသူများအသုံးပြု သည့် အထောက်အကူပြုကိရိယာများ ထောက်ပံ့ကူညီရေးအတွက် အစီအစဉ်များချမှတ်ခြင်း၊ အမျိုးသားကော်မတီနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ စည်ပင်သာယာ ရေးကော်မတီများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ မြန်မာနိုင်ငံမသန်စွမ်း သူများအသင်းချုပ်ကဲ့သို့ မသန်စွမ်းမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေ သည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရှေ့ပြေးစီမံကိန်းများ ချမှတ်ဖော်ဆောင်ပေးခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာမဟာဗျူဟာ (၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇)တွင် အလွယ်တကူ လက်လှမ်းမီ ရယူအသုံးပြုနိုင်မှု မဟာဗျူဟာကို ထည့်သွင်းချမှတ်ကာ မျှော်မှန်းရလဒ်များ သတ်မှတ်ပေးပြီး သက်ဆိုင်ရာ တာဝန်ရှိဌာနများကို လုပ်ငန်းစီမံချက်ရေးဆွဲဆောင်ရွက်စေခြင်းစသည့် နည်းလမ်းများဖြင့် ဘီးတပ်ကုလားထိုင်အသုံးပြုသူများအပါအဝင် မသန်စွမ်းသူများ အခွင့် အရေးအတွက် ဖော်ဆောင်ပေးလျက်ရှိပါသည်။
ထို့ကြောင့် ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ဘီးတပ်ကုလားထိုင်နေ့အထိမ်းအမှတ်အဖြစ်
(၁) မသန်စွမ်းသူများ၏ လူ့အသိုင်းအဝိုင်းအတွင်း သွားလာ နေထိုင်လှုပ်ရှားနိုင်မှုနှင့် တစ်ဦးချင်း၏ စွမ်းဆောင်နိုင်မှုကို မြှင့်တင်ပေးနိုင်သည့် ဘီးတပ်ကုလားထိုင်များကို ကူညီပံ့ပိုး လှူဒါန်းပေးကြပါ။
(၂) မသန်စွမ်းသူများ လွယ်ကူစွာသွားလာနေထိုင် ရယူအသုံးပြု နိုင်ရေးနှင့် အားလုံးအကျုံးဝင်မှုကို မြှင့်တင်ပေးနိုင်ရေး အာရုံစိုက်ဆောင်ရွက်ပေးကြပါ၊ တစ်နည်းအားဖြင့် လူသား တိုင်းအတွက် အလွယ်တကူ လက်လှမ်းမီသွားလာလှုပ်ရှား၊ ရယူအသုံးပြုနိုင်သော နေရာထိုင်ခင်းများ၊ ပတ်ဝန်းကျင် များကို ပိုမိုဖန်တီးတည်ဆောက်ပေးကြပါ။
(၃) ဘီးတပ်ကုလားထိုင် လှူဒါန်းသူများ၊ ဘီးတပ်ကုလားထိုင် အသုံးပြုသူများကို ကူညီစောင့်ရှောက်ကြသူများနှင့် လူတိုင်းအတွက် အလွယ်တကူလက်လှမ်းမီ သွားလာ လှုပ်ရှား၊ ရယူအသုံးပြုနိုင်သော နေရာထိုင်ခင်းများ၊ ပတ်ဝန်းကျင်များကို ဖန်တီးတည်ဆောက်ပေးသူများကို အလေးထားဂုဏ်ပြုကြပါဟု အသိပေးတိုက်တွန်း နှိုးဆော် ရင်း နိဂုံးချုပ်အပ်ပါသည်။ ။
- Log in to post comments