အပျက်မှာ မပျော်ဘဲ အဖြစ်မှာ အပြုသဘောဆောင်ကြပါစို့

Type
5

 

မိုးကေနိုင်
 

ခေတ်အခြေအနေအရ  လူတွေမှာ အပျက်သဘော တွေးခြင်းတွေ   များလာတယ်၊၊   အပျက်သဘော အတွေးများတော့ အပျက်စိတ်များလာတတ်တာ မဆန်း။    မူလ   အပြုစိတ်မထားတတ်သူတွေမှာ အပျက်စိတ်   ထားဖန်များရင်  အပျက်မှာ  ပျော်လာ ကြတာ    သဘာဝပါ။  အပျက်သဘောဟူသည် အဖျက်စွမ်းအားကို ပို၍ကြီးမားသွားစေတယ်ဆိုတာ ကို သတိမထားမိတဲ့အခါ...၊၊
အပျက်တွေကြား ပျော်နေသူတွေ
အပျက်တွေကြားမှာ    အပျက်ကိုကြည့်ပြီး ပျော်နေသူတွေ   တွေ့ရတဲ့အခါ   အံ့ဩမိပါတယ်။ လောကမှာ       ပျော်တတ်သူရှိသလို      ဒုက္ခရောက် စိတ်ညစ်တတ်သူရှိတတ်တာလည်း    သဘာဝပါ။ သူ့ခံယူချက်နဲ့သူပေါ့။    ဒါပေမယ့်  ယခုလိုအခြေအနေ မျိုးမှာ စားဝတ်နေရေးအရ  ခက်ခဲနေသူတွေရှိတယ်၊ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်နေသူတွေရှိတယ်၊ နိုင်ငံ ရဲ့      နေရာအချို့မှာ    စစ်ရှောင်ဒုက္ခသည်တွေရှိနေ တယ်၊   စစ်ပွဲကြားမှာ   ပြေးလွှားနေကြတဲ့  မိမဲ့ဖမဲ့ အငိုမျက်လုံးနဲ့ကလေးတွေ၊  အဘိုးတွေအဘွားတွေ၊ စာသင်ချိန်မှာ စာမသင်ရတဲ့ လူငယ်တွေ၊ ပျက်စီး နေတဲ့   လမ်းတွေ   တံတားတွေ၊   မီးလောင်နေတဲ့ အိုးအိမ်တိုက်တာတွေ၊ မီးရှို့ခံရလို့ နေစရာဘုံပျောက် အိုးမဲ့အိမ်မဲ့ဘဝရောက်ရသူတွေ၊         ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက် မီးလောင်ပျက်စီးသွားတဲ့ ကုန်တင်ယာဉ်ကြီးတွေနဲ့ လမ်းဘေးမှာ  မရောင်းလိုက်  ရလို့   ပုပ်ပွနေတဲ့   ရာသီသီးနှံတွေနဲ့အတူ ဘဝပျက် သွားသူတွေ...။ ဒီလို ဒုက္ခတွေကို ကြည့်ပြီးတော့ကို ပျော်နေကြ ဝမ်းသာနေကြသူတွေရှိနေပါတယ်၊၊  
အားနာလို့     အပျော်မျက်နှာမပြတတ်ပေမယ့် စိတ်ထဲကြိတ်ပြီး ကျေနပ်နေသူတွေလည်း ဒုနဲ့ ဒေး ပေါ့။ အဖျက်လုပ်ရပ်တွေနဲ့ အပျက်တွေမြင်နေရတာ တောင်မှ ဒီလုပ်ရပ်တွေဟာ တစ်ချိန်မှာ အောင်မြင် လိမ့်မယ်လို့    ထင်နေသူတွေလည်း  ရှိသေးတယ်။ အဖြစ် အပျက် တွေအပေါ်  ဝမ်းနည်းစကားပြောနေပေ မယ့် ကျေနပ်နေတဲ့မျက်နှာအရိပ်ကို  မဖုံးနိုင်သူတွေ ပတ်ဝန်းကျင်မှာ   အများကြီးရှိပါတယ်။    လူတွေ သေတာကိုကြည့်ပြီး စိတ်ထဲမှာ ကြိတ်ပျော်နေသူတွေ လည်း တွေ့ဖူးတယ်၊ ဘယ်သူဘယ်ဘက်က ဘယ်လို သေသေ  ယဉ်ကျေးပြီး   အပြုသဘောမြင်တတ်သူ အနေနဲ့တော့   ဝမ်းနည်းတတ်ကြမှာပါ။   ဒါပေမယ့် တချို့က   တည်ဆောက်ရင်း ကာကွယ်ရင်း အသက် စွန့်နေရသူတွေ၊   တချို့က  အဖျက်လုပ်ရပ်နဲ့အတူ သေရသူတွေ၊   တရားမှု မတရားမှုအကြား   အမှန်နဲ့ အမှားကြား ခွဲခြားမသိလောက်အောင်ကို ဖြစ်နေ တာကိုကြည့်ရတာတော့     ယဉ်ကျေးတဲ့      လူ့အဖွဲ့ အစည်းနဲ့ ဘယ်လိုမှမစပ်ဟပ်ဘူး ထင်ပါတယ်။
အပျက်သဘော ပြောဖန်များတော့
အမှန်နဲ့အမှားကို ခွဲခြားသိသူအဖို့တော့ ယခုလို ဒုက္ခတွေအပေါ်       ပျော်ရွှင်နေသူတွေအပေါ်မှာ ဘယ်လိုမှ    မုဒိတာပွားနိုင်မှာ    မဟုတ်ပါဘူး။ မဟုတ်တဲ့အပေါ်မှာ  မုဒိတာပွားဖို့ထက် ဒုက္ခရောက် နေသူတွေအပေါ်မှာ ကရုဏာထား၊  မေတ္တာအစားထိုး နိုင်ရင် ပိုကောင်းတာပေါ့။ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းမှာ   ဘာလာလာ    အပြစ်ပြောလိုက်ရမှ ကျေနပ်တဲ့ လူတန်းစားတစ်ရပ်လည်းရှိသေးတယ်။ အပျက်တွေးသူအများစုဟာ    အပြစ်ပြောတတ် တာများတဲ့အတွက် အပျက်သဘောများလွန်းလာ တဲ့အခါ    စိတ်လည်းမရှင်း၊    အလုပ်လည်းမရှင်း၊ နောက်ဆုံး လုပ်ငန်းလည်း  မတွင်ကျယ်ဘူးဖြစ်ကုန် ရော။  
မငြိမ်းချမ်းတဲ့ဝန်းကျင်မှာ တိုင်းပြည်က လုံးဝ ပျက်စီးနေသယောင်   မငြိမ်းချမ်းကြောင်း   ပုံကြီး ချဲ့ရင်း ကိုယ်ကိုယ်တိုင် သာသာယာယာ နေတတ်သူ တွေလည်းရှိတယ်။ တချို့က အဖြစ်အပျက်ပေါ်မှာ ကိုယ်လိုရာဆွဲတွေး ကိုယ်ဖြစ်ချင်တာ ဆွဲပြောတတ် သူတွေလည်းရှိတယ်။   သူတို့ဟာ  အပြင်မှာဖြစ်နေတဲ့ အမှန်တရားနဲ့ကွဲပြားစွာ ပြဿနာကို ကိုယ်ကိုယ် တိုင် ဖန်တီးယူနေသူတွေပါပဲ။ သူတို့ရဲ့ပြောစကား တွေက    ကျင့်ဝတ်နဲ့မညီ      များသောအားဖြင့် စိတ်မချမ်းသာစရာတွေက များပါတယ်။ အောင်မြင်မှု ကိုတွေ့သည့်တိုင်  အပျက်သဘောမှတ်ချက်ကိုသာ ပေးလေ့ရှိတတ်ကြတယ်။  မကောင်းတာများများ ပြောတတ်သူဟာ နောက်ပိုင်းမှာ သူလုပ်တာမှန်သမျှ မှာ မကောင်းတာအများဆုံး ကြုံရတတ်တာလည်း တိုက်ဆိုင်မှုတစ်ခုလို့တော့ မဆိုချင်ပါဘူး။ 
ကရုဏာလိုလို၊     အားနည်းချက်ထောက်ပြ သလိုလို ပြောနေပေမယ့်    မျက်နှာဟန်အမူအရာက အပျက်သဘောသွင်ပြင်ကို    မဖုံးနိုင်သူတွေလည်း ပတ်ဝန်းကျင်မှာ အများသား။ အပြောက စင်ကြယ် သလိုလိုရှိပေမယ့် စိတ်ကမစင်ကြယ်၊ လောကကြီးကို အများဆုံး    အပြစ်ပြောနေပြီဆိုရင်   သူကိုယ်တိုင် လည်း ကောင်းတဲ့သူတစ်ဦးတော့မဟုတ်ဘူးဆိုတာတော့    ယေဘုယျသုံးသပ်ကြတယ်။  ကောင်း / မကောင်း   ကိုယ့်ကိုယ်ကိုယ်မသိပေမယ့်  ဘေးလူက အသိဆုံး ဖြစ်နေတတ်တာမျိုး။ ဖြစ်၊  တည်၊   ပျက် သဘောနားမလည်ဘဲ  အပျက်ကိုချည်း  အယူမှား သူဟာ  နောက်ဆုံးကိုယ်ကိုယ်တိုင်ပျက်စီးမှုနဲ့ ကြုံရ ပြီး တွေတွေဝေဝေ ပူဆွေးသောကနဲ့ နိဂုံးချုပ်ရတတ် တယ်ဆိုတာ   တရားသဘောနဲ့ယှဉ်ပြီး    သတိပြုဖို့ လိုပါတယ်။ ဆိုလိုတဲ့အကြောင်းရင်းက သူတို့ထံမှာ ကုသိုလ်စိတ်ထက်  အကုသိုလ်စိတ်က  ပိုများနေလို့ ပါပဲ။
အပျက်ကို ပြန်လည်တည်ဆောက်နေသူများ
လောကကြီးမှာ   အပျက်သဘောချည်းလည်း မဟုတ်ပါဘူး။   အဖျက်တွေကြား    အပျက်အစီး တွေရှိသလို ဖျက်လို့ပျက်သွားတဲ့နေရာမှာ ပြန်လည် ပြင်ဆင်ပြုပြင်နေတဲ့သူတွေကို  တွေ့ရမြင်ရတဲ့အခါ ဝမ်းမြောက်ဝမ်းသာနဲ့    သာဓုအကြိမ်ကြိမ်ခေါ်မိပါ တယ်။ အမှန်လည်း အတ္တကြားမှာ ပရဟိတစိတ်ဓာတ် ရှိသူတွေ   များစွာရှိပါတယ်။    သူတို့က   အပျက်ကို မတွေး၊ အဖြစ်ကိုပဲတွေးပြီး အပြုသဘောဆောင်သူ တွေပါ။  လူလူချင်း  အမုန်းတွေပြိုင်နေတဲ့ လောက ကြီးမှာ ဒီလိုလူမျိုးဟာ သူ့ကိုယ်သူ ထပ်ဆင့်အမုန်း တွေ မဖြန့်မိအောင်နေပါတယ်။ မီးလောင်ရာ လေပင့် သဘောမျိုး လူ့အဖွဲ့အစည်းအပေါ် သစ္စာမဖောက် တတ်ပါဘူး။ မြင်တတ်မယ်ဆိုရင် ယနေ့ခေတ်ကြီးမှာ လူ့အဖွဲ့အစည်းကို မပျက်ပျက်အောင် ဖျက်ဆီးနေသူ တွေ၊ မငြိမ်းချမ်းအောင်လုပ်နေသူတွေရှိသလို ဒီလို လူတွေကြားထဲ သူများဖျက်ပြီးသား အပျက်အစီးကို ပြန်လည်ပြုပြင်နေသူတွေ၊     ငြိမ်းချမ်းမှုမရရအောင် တည်ငြိမ်အေးချမ်းမှုမရှိရှိအောင်   တည်ဆောက် နေသူတွေလည်း ရှိပြန်ပါတယ်။ 
ဥပမာပြရရင် ချိုးတဲ့သူကချိုး၊  ခွဲတဲ့သူကခွဲတဲ့ ကြားမှာ အန္တရာယ်ကြားမှာ အလင်းဆောင်သူမျိုး တွေပါ။   ခုနစ်ရက်သားသမီး  သွားလမ်းသာလို့၊  လာလမ်းဖြောင့်အောင် တည်ဆောက်ပြုပြင်လုပ်နေ သူတွေကို တွေ့ရတော့ သာဓုအကြိမ်ကြိမ်ခေါ်စရာ၊ ဒုက္ခအပူတွေရှိရာကို    ခက်ခက်ခဲခဲသွားပြီး   ဒုက္ခ ရောက်သူတွေ၊  မပြည့်စုံသူတွေကို  အစာအာဟာရ၊ အဝတ်အထည်၊   အသုံးအဆောင်ဖြည့်တင်းပေးတဲ့ မြင်ကွင်းတွေ၊   ဆေးမကုနိုင်သူတွေကို ဆေးကုပေး သူတွေ၊ စိတ်ဓာတ်အကြီးအကျယ် ကျနေသူတွေကို တတ်နိုင်သမျှ   ဖေးမစောင့်ရှောက်ကူညီသူတွေကိုတွေ့ရတဲ့အခါ     အားတက်မိပါတယ်၊၊  တကယ် လက်တွေ့လုပ်သူတွေဟာ အများကြီး မပြောတတ် ကြပါဘူး။   သူတို့ဟာ   အဖြစ်နဲ့အပျက်၊   အကြောင်း နဲ့ အကျိုးကို ကောင်းကောင်း  ဆင်ခြင်သုံးသပ်နိုင်သူ တွေဖြစ်ပြီး  သူများကို အပြစ်မပြော၊ ညည်းတွားခြင်း ဖြင့် အချိန်မဖြုန်း၊   ကိုယ်လုပ်တဲ့အလုပ်မှာ လုပ်စရာ ရှိတာကို      လုပ်တယ်၊      အကောင်းဆုံးဖြစ်အောင် လုပ်တတ်ကြသူတွေဖြစ်တယ်ဆိုတာ       တွေ့ရပါ တယ်။
အကောင်းနဲ့အဆိုးကြား 
အပြုသဘောသာ မြင်တတ်ရင်
တစ်ခါတစ်ရံ   ပတ်ဝန်းကျင်မှာ   အပျက်သဘော ချည်းပြောသူများကြား တချို့အပြုသဘောဆောင် တဲ့ မှတ်ချက်လေးတွေနဲ့ဝင်ပြီး ဖာထေးပြောဆိုတတ် သူတွေလည်း ရှိပါတယ်။      
သူတို့ဆီက   အကောင်းမြင်စိတ်ကလေးနဲ့      ဝင်ပြီး ထောက်ခံလိုက်တဲ့စကား ကြားရတဲ့အခါ စိတ်ဓာတ် ကျသူဟာ တဒင်္ဂအားဖြင့်တော့  စိတ်ချမ်းသာမှုလေး ရပြီး   အားတက်သွားပါတယ်။     မျှော်လင့်ချက်လေး တွေ ရှိလာတယ်၊ ယုံကြည်ချက်တွေ   တိုးလာတယ်။    သောကအပူနဲ့ ဆောက်တည်ရာမရဖြစ်သူရဲ့အပူကို နှစ်သိမ့်ကူညီတတ်သူတွေမှာ          ငြိမ်းချမ်းနေတဲ့    အသွင်အပြင်ကို   တွေ့ကို  တွေ့ရမှာပါ။ 
အမှန်တော့ သူတို့ဟာ အပြုသဘောဆောင်သူ၊  လက်တွေ့ကျကျ   တည်ဆောက်နေကြသူတွေသာ ဖြစ်ပါတယ်။   သို့ပေမယ့်  တစ်ချိန်လုံးပူပန်သောက စိတ်တွေကြား အပြုသဘောမဆောင်တာတွေချည်း ကြားရတဲ့သူအဖို့မှာတော့             အားငယ်ငြီးငွေ့၊ စိတ်ဓာတ်ကျမိမှာ သေချာပါတယ်။  တချို့  စိတ်ခံ အားနည်းသူတွေဆို  တွေးတောယုံမှားသံသယဖြစ်ပြီး  ကိုယ့်မှာရှိတဲ့    သတ္တိစွမ်းရည်တောင် ပျောက်သွား တတ်ပါတယ်။
လောကမှာ တစ်ဦးချင်းပဲဖြစ်ဖြစ်၊  နိုင်ငံတစ်နိုင်ငံ ချင်းပဲကြည့်ကြည့်   အကောင်းအဆိုး   ရောပြွမ်းပြီး ရှိနေတတ်ပါတယ်။  အနည်းနဲ့အများ ကွာတာရှိသလို အကြောင်းတရားအမျိုးမျိုးကြောင့် အဆိုးဘက်များ တာလည်း   ရှိနိုင်ပါတယ်။    အကောင်းအဆိုးမှာ ကောင်းတာကို ကောင်းသထက် ကောင်းအောင်လုပ် ရမှာ    တာဝန်တစ်ခုဖြစ်သလို   အရေးကြီးဆုံးက ဆိုးနေတာကို ပိုဆိုးမသွားအောင်နဲ့   ဆိုးတဲ့အပိုင်း တွေကို      ပြန်လည်ပြင်ဆင်  ပြုပြင်နိုင်အောင်  အားထုတ်ဖို့ လိုအပ်ခြင်းပါပဲ။ ဒါမှသာ လောကကြီး ဟာ   နေထိုင်ချင်စရာကောင်းပြီး   ဟန်ချက်ညီတဲ့ ပတ်ဝန်းကျင်တစ်ခုကို   ဖန်တီးရာ   ရောက်ပါလိမ့် မယ်။ 
ထပ်ပြီးမှတ်ချက်ပြုလိုတာက ပျက်စီးမှုတွေကို ကြည့်လိုက်ရင်   မကောင်းတာ   လုပ်သူတွေကြောင့် ဖြစ်ရသလို     ဒီလို   မကောင်းတာလုပ်နေတာကိုပဲ လက်ပိုက်ကြည့်နေသူတွေကြောင့်လည်း     ပိုပြီး ပျက်စီးသွားရတာမျိုးဖြစ်နေခြင်းပါပဲ။    အားလုံး အကျပ်အတည်းနဲ့   ဒုက္ခရောက်နေချိန်မှာ   တချို့ ဝိသမလောဘစိတ်နဲ့          မတရားအမြတ်ထုတ် ခေါင်းပုံဖြတ်တဲ့    အတ္တလူတန်းစားတစ်ရပ်လည်း ရှိသေးတယ်။    ဘယ်သူသေသေ   ငတေမာပြီးရော ကျင့်ဝတ်မရှိ မလုပ်သင့်မလုပ်အပ်ရာတွေကြောင့် ပြဿနာက   ပိုပြီးဆိုးသွားနိုင်ပါတယ်။   ဒါကြောင့် တချို့အရာတွေမှာ         မျက်စိပိတ်မနေသင့်ဘူး။ တားသင့်တာတား ၊ ပြင်သင့်တာပြင်၊  တည်ဆောက် သင့်တာ ပြန်လည်တည်ဆောက်ယူရပါမယ်။ ခဏ လေးနဲ့   ဖျက်ဆီးတာမြန်ပေမယ့် အချိန်ယူပြန်တည် ဆောက်ရတာ    အလွန်ခက်ခဲပါတယ်။   ဒါကြောင့် မပျက်စီးအောင် အဖျက်ဆီးမခံရအောင် အားလုံးက  ဝိုင်းဝန်းကာကွယ်          ထိန်းသိမ်းကြခြင်းသည်သာ အကောင်းဆုံးလို့ ယူဆမိပါတယ်။       
အားလုံးဟာ တွက်ကြည့်လိုက်ရင်   သင်ခန်းစာ ယူစရာတွေချည်းပါပဲ။   နောက်ဆုံး    အပျက်စိတ်နဲ့ အဖျက်လုပ်ရပ်မျိုးဟာ အရှုံးနဲ့ပဲကြုံရမှာဖြစ်သလို အဖျက်တွေအပေါ်မှာ   အပျက်စိတ်နဲ့လိုက်တွေးပြီး အပြုသဘောမဆန်ရင်လည်း          ကိုယ်ကိုယ်တိုင် ပျက်စီးခြင်းကိန်း    ဆိုက်တတ်ပါတယ်။    အပျက် သဘော အလေ့အထရှိသူအများစုမှာ အခြားသူတွေ ထက်   လောဘ၊    ဒေါသအရာမှာ     အားကြီးနေတဲ့ အတွက်ကြောင့်ပါပဲ။ ဒါကြောင့် အပျက်တွေများတဲ့ လူ့အဖွဲ့အစည်းတစ်ခုဟာ         အဆိုးသံသရာက ဘယ်တော့မှ    မလွတ်မြောက်နိုင်ကြခြင်း    ဖြစ်ပါ တယ်။
အဆိုးများတဲ့ဝန်းကျင်မှာ    ခံနိုင်ရည်ရှိအောင် လည်း     ကြိုးစားရပါမယ်။    အကောင်းဘက်ကို ပိုမြင်ပေးပြီး ခံနိုင်ရည်ရှိမှ မိမိမျှော်လင့်ချက်လည်း ပြည့်ဝနိုင်မှာမို့ပါ။  စိတ်ခံစားမှုကို  ဦးစားမပေးဘဲ လက်ရှိဖြစ်ပျက်နေတာတွေကို အလွယ်တကူခံစား သိမြင်နားလည်နိုင်အောင်  ဦးစွာလေ့လာသင့်ပါ တယ်။   ဒါမှသာ   ကိုယ့်ထက်ဆိုးသူ၊    ကိုယ့်ထက် ဒုက္ခရောက်သူတွေကို     လူသားချင်းစာနာစိတ်လေး နဲ့     အားပေးကူညီရာရောက်ပါမယ်။     အားပေး လိုတာက  အလွယ်တကူ    စိတ်ဓာတ်မကျ၊    နောက် မဆုတ်ဘဲ တည်ဆောက်သူတွေဖြစ်အောင် ကြိုးစား ဖို့ပါ။ 
လောကကြီးမှာ       ဘာမှမတည်မြဲဘူးဆိုတာ ဆင်ခြင်ရုံနဲ့တင်         လုံလောက်သွားပါလိမ့်မယ်။ ဖြစ်လာတဲ့အရာဟာလည်း  သူ့အလိုလို ဖြစ်လာတာ မဟုတ်၊ အကြောင်းတရားတွေ ပေါင်းစုံညီညွတ်သွား  လို့ အကျိုးတရားအနေနဲ့ မဖြစ်မနေဖြစ်လာရတာပါ။ ဒါဟာ   မှန်ကန်တဲ့သဘောတရားတစ်ခုပါ။    ဒီလို ဖြစ်လာလို့    ဖြစ်တဲ့အရာဟာလည်း   ခဏတာပဲ တည်တတ်ပါတယ်၊    အကြာကြီး    ရှိမနေပါဘူး။ ပြီးလျှင် ပြန်ပျက်သွားတာပဲရှိတယ်၊ ဒီသဘောလေး ပါပဲ။ ယခုလို ဖြစ်၊ တည်၊  ပျက်ခိုက်မှာ ကောင်းတဲ့ အဖြစ်ကလေး      ဖြစ်ပေါ်လာအောင်၊     ဖြစ်လာတဲ့ အကောင်းလေးကို   ကြာရှည်တည်နေအောင်လေး လုပ်နိုင်ရင်ကို   လောကကြီးမှာ အတော်ငြိမ်းချမ်းနေ ပါပြီ။ 
ဒါကြောင့်    ကျွန်တော်တို့အားလုံး    အပျက် သဘောမှာဝမ်းနည်းမနေဘဲ ၊ ပျော်မနေကြ၊  ရပ်တန့် မနေကြဘဲ   ဖြစ်နေတဲ့   အဖြစ်သဘောလေးတွေကို အပြုသဘောရှာကြံပြီး     ကောင်းသောတည်ဆောက် သူတွေဖြစ်ကြရလေအောင် ကြိုးစားကြပါစို့ဟူ၍ ရေးသား တင်ပြလိုက်ရပါတယ်...။       ။