အဖိုးတန်သော ငယ်ရွယ်နုပျိုမှုများ ပျောက်ရှမသွားရလေအောင် . . .

Type

ကိုထွန်းခင်
 

မြတ်စွာဘုရားသည်     ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစဉ် မဂဓတိုင်း ရွာသစ်တစ်ခုမှ လူတို့သည် တောတွင်း၌ အလုပ်လုပ်ကြရာ မှက်၊ ခြင်တို့ ကိုက်သဖြင့် နီးရာလက်နက်ဖြင့် ရိုက်ပုတ်ကြရာမှ မှက်၊ ခြင်တို့သာမက အချင်းချင်းရိုက်နှက်မိကြသဖြင့် မိမိတို့ကိုယ်၌ပါ ဒဏ်ရာရရှိဝေဒနာခံစားရသည်ကို   အကြောင်းပြု၍   အတိတ်ဇာတ်ကို ဟောတော်မူခဲ့သည်။
 

ရှေးရှေးအခါ ကာသိတိုင်းရွာတစ်ရွာမှ လှည်း သမားတစ်ယောက်သည်   သစ်ရွေလျက်ရှိသည်။ မှက်ကြီးတစ်ကောင်သည်   ဦးခေါင်းတွင်  နား၍ ကိုက်ခဲလျက်ရှိသည်။  နာကျင်လှသဖြင့်  အနီးရှိ သားငယ်ကို  မှက်အားရိုက်ရန် ပြော၏။  သားငယ် သည် မှက်ကို အနီးရှိပုဆိန်ဖြင့် ခုတ်လိုက်ရာ အဖေ ၏ ဦးခေါင်းထက်ခြမ်းကွဲ၍ နေရာတွင်ပင် သေဆုံး ရသည်။


ထိုအခါ  အနီးရှိ   ဉာဏ်ပညာနှင့်ပြည့်စုံသော ကုန်သည်တစ်ယောက်က ပညာရှိသော ရန်သူသည် ပညာမဲ့သော မိတ်ဆွေထက်မြတ်၏။ ရန်သူပင်ဖြစ် သော်လည်း ပညာရှိကမြတ်၏။ ပညာရှိသောရန်သူ  သည်   ပြစ်ဒဏ်ကိုကြောက်၍   လူကိုမသတ်ဟု ကျူးရင့်တော်မူ၏ဟု မြတ်စွာဘုရား ဟောကြား တော်မူခဲ့သည်ဟု ငယ်စဉ်က ဖတ်မှတ်ခဲ့ရဖူးသည်။


ဝေဖန်ပိုင်းခြားနိုင်စွမ်းသည်ပညာ


လုပ်သင့်၊   မလုပ်သင့်၊  အကောင်းအဆိုး အကြောင်းအကျိုး၊ အမှားအမှန်   ဝေဖန်ပိုင်းခြား နိုင်စွမ်းသည်  ပညာဖြစ်သည်။  ဝိဇ္ဇာ၊ သိပ္ပံပညာရပ် သင်ကြားတတ်မြောက်မှု လောကီပညာနှင့် လောက မှ ထွက်မြောက်ရန် ကျင့်ရမည်ဖြစ်သော ဝိပဿနာ လောကုတ္တရာ  ပညာဟူ၍ရှိရာ   ပညာသည် လောဘ၊ ဒေါသ၊ မောဟကို ဖောက်ထွင်းဖျက်ဆီး နိုင်ပြီး သန္တိသုခ နိဗ္ဗာန်တိုင်အောင် မျက်မှောက်ပြု စေနိုင်သည်။


ယနေ့ခေတ်သည်   ပညာခေတ်ဖြစ်သည်။ ခွန်အားကို အသုံးပြု၍ အလုပ်အကိုင်များ ဆောင်ရွက် ကြရသည့်   စက်မှုခေတ်မှ   စိတ်ကူးစိတ်သန်း ဉာဏ်ပညာ တီထွင်ဖန်တီးမှုများဖြင့် အလုပ်အကိုင် အခွင့်အလမ်း   ဝင်ငွေတိုးတက်အောင်  ဖန်တီးနိုင် သည့် ပညာခေတ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ 


၂၁ ရာစု ပညာခေတ်တွင် မွေးဖွားကြီးပြင်းလာ သူများ၊ လူငယ်များသည် ရဲရင့်၏။   တက်ကြွ၏။ သွက်လက်၏။ အားမာန်အပြည့်ရှိ၏။ ဇွဲ၊ လုံ့လရှိ၏။ ဖြတ်ထိုးဉာဏ်ကောင်း၏။ အရောင်အစွန်းအထင်း မရှိသေးသည့်အတွက် အရောင်ဆိုးရန် လွယ်ကူ၏။ စိတ်သည် တက်လွယ်၊ ကျလွယ်ရှိ၏။ လူငယ်များ ကို သစ်ပင်တစ်ပင်နှင့်   ခိုင်းနှိုင်းမည်ဆိုလျှင်  အညွန့် အဖူးလေးများဖြစ်၏။ ဖယောင်းကဲ့သို့ ပျော့ပျောင်း ပြီး   လိုသလို   ထုဆစ်ပုံဖော်နိုင်၏။ လူငယ်များ၏ စွမ်းပကားကို အသိအမှတ်ပြုရမည်ဖြစ်သည်။


လူငယ်များသည်    နိုင်ငံတစ်နိုင်ငံ   ဖွံ့ဖြိုး တိုးတက်မှုအတွက် အလွန်အရေးပါသည့် လူသား ရင်းမြစ်များလည်းဖြစ်သည်။ သဘာဝက ပေးအပ် ထားသည့်    အရင်းအမြစ်များသည်  နှစ်ကာလ      ကြာမြင့်သွားလျှင်သော်လည်းကောင်း၊ လူသားတို့ ထုတ်ယူသုံးစွဲမှုကြောင့်လည်းကောင်း  ယုတ်လျော့ကုန်ခန်းသွားနိုင်သော်လည်း လူသားအရင်းအမြစ် များသည် ကုန်ဆုံးသွားသည်ဟူ၍မရှိ ကောင်းစွာလေ့ကျင့်ပျိုးထောင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အတွက် အမှန်တကယ် အထောက်အကူပြုနိုင်သည့် စွမ်းအားများကို ရရှိမည်ဖြစ်သည်။
အာရှဒေသတွင် သေးငယ်သော ကျွန်းနိုင်ငံငယ် အဆင့်မှ စင်ကာပူနိုင်ငံသည် လူသားအရင်းအမြစ်ကို စနစ်တကျ    စီမံခန့်ခွဲပြုစုပျိုးထောင်နိုင်ခဲ့သဖြင့် အတော်ဆုံးပညာရှင်များကို   မွေးထုတ်ပေးနိုင်ခဲ့ သည်။ စီးပွားရေးသည် ပညာရေးပေါ်တွင်  အခြေခံ သဖြင့် လူငယ်တို့သည်   ပညာပြည့်ဝနှလုံးသားလှ မှသာ  နိုင်ငံသည်   အကျိုးဖြစ်ထွန်းအောင်မြင် လိမ့်မည်ဖြစ်သည်။


လမ်းကြောင်းမှားလျှင်အကျိုးမရှိ


လူငယ်တို့၏   နုပျိုလန်းဆန်း  တက်ကြွသည့် အားမာန်များ၊ ပြင်းပြသည့်လုံ့လများကို ရည်ရွယ် ချက်မှန်မှန်ဖြင့် အသုံးမချဘဲ လမ်းကြောင်းမှားသွား မည်ဆိုလျှင် အကျိုးမရှိ ဖြစ်တတ်သည်။ လူသား တစ်ယောက်၏   ဘဝခရီးသည်   သဘောထား၊ ခံယူချက်၊ အတွေးအခေါ် စေစားရာ လမ်းကြောင်း အတိုင်းသာ တည်ရှိမည်ဖြစ်သည်။


မနောကံဟု ခေါ်သော စိတ်၏တွေးတောမှု၊ စဉ်းစားပုံ၊ဆင်ခြင်ပုံ၊ ရှုမြင်ပုံအပေါ်တွင်  မူတည်၍ သမ္မာဓိဋ္ဌိ မှန်ကန်သည့်အမြင်ရှိလျှင် သူ၏ဘဝခရီး လမ်းသည် ဖြောင့်တန်းမည်။  ဆင်းရဲဒုက္ခနည်းမည် ဖြစ်သည်။ အဝိဇ္ဇာမသိမှု သို့မဟုတ် မှန်ကန်သည့် အသိအမြင် ကင်းလွတ်လွဲချော်ခဲ့သော် ဆင်းရဲ ပင်ပန်း ခြင်း၊ အန္တရာယ်များခြင်း၊ ဘဝတစ်ခုလုံး ဆုံးရှုံးရခြင်း အထိ အလွယ်တကူ ပျက်စီးနစ်နာနိုင်လေသည်။


နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာထား သည့် ယခုအချိန်တွင် လူငယ်များသည် မြှောက်ပင့် သွေးထိုးလှုံ့ဆော်မှုများကြောင့် လမ်းပေါ်ထွက်လာ ကြသည်။    ရန်ကုန်မြို့ရှိ   ကုလသမဂ္ဂရုံးနှင့် အမေရိကန်၊ ပြင်သစ်၊ ရုရှား၊  တရုတ် အစရှိသည့် နိုင်ငံတကာသံရုံးများရှေ့သို့  ရောက်ရှိကာ  ဖိအား ပေးရန် တောင်းဆို၊ ဆန္ဒပြမှုများရှိလာသည်။


လူငယ်များကို ရှေ့သို့တွန်းပို့ကာ အပြစ်တင် ဆန့်ကျင်စေလျက် ကိုယ်တိုင်မှာ အိမ်ပြင်မထွက်ဘဲ ကိုယ်ကျိုးစီးပွားအတွက် သွေးထိုးလှုံ့ဆော်နေကြ သူများ၊  ငွေကြေးထောက်ပံ့နေသည့်   ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၊   နိုင်ငံအကျိုးကို မလိုလား သူများ၏ စကား၊ သတင်းမှားကို ဖြစ်ရပ်မှန်ကဲ့သို့ အဟုတ်ထင်ကာ လူငယ်များသည် ရှေ့ဆက်တိုးနေ သည်။ အမေကျော်၍ ဒွေးဒေါ်လွမ်းနေသည်။


တန်ဖိုးရှိလှသည့်   လူငယ်တို့၏  အချိန်နှင့် ငယ်ရွယ်ပျိုမျစ်မှုတို့သည်   နေပူပူအောက်တွင် ပင်ပင် ပန်းပန်းကုန်ဆုံးမှန်းမသိ ကုန်ဆုံးနေသည်။ သွေးဆူ ပေါက်ကွဲလွယ်သည့်   အရွယ်ဖြစ်သဖြင့်  စိတ်ခံစား ချက်ကို   မထိန်းနိုင်ပါက   အမှားတွေ့ပြီး  မိမိနှင့် သူတစ်ပါး၊ အများအတွက် အကျိုးမများစေဘဲ အချိန် ကုန်လူပန်းဖြစ်ကာ  လူငယ်တို့၏ ရည်ရွယ်ချက်များ ပျောက်ရှသွားနိုင်သည်။ လူငယ်များ၏ ဦးတည်ချက်၊ ပန်းတိုင်ပျောက်ရှခြင်းသည် တိုင်းပြည်၏   အနာဂတ် ကို   သတ်ဖြတ်ခြင်းပင် ဖြစ်သည်။


အကြောင်းတရားဟူသည်   အကျိုးတရား ကြောင့် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။ အချို့ အရာတို့မှာ အပေါ်ယံအမြင်ဖြင့် သုံးသပ်၍ မရနိုင်။ စိတ်နာကြည်းစရာ ဖြစ်ရပ်များကိုသာ အလင်းဘက် အခြမ်းအဖြစ်    မီးမောင်းထိုးပြထားသော်လည်း အမှောင်ဘက်ခြမ်းတွင်   လူအများ မသိနိုင်သော အမှန်တရားအချို့ရှိနေသည်။ နောက်ကွယ်မှ အမှန် တရားတို့သည် ခါးသက်ပေလိမ့်မည်။


ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်မသွားရေး


လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေ များသည် ရွေးကောက်ပွဲမဲစာရင်း မှားယွင်းမှုများ ဖြင့် နိုင်ငံတော်အာဏာကို အဓမ္မနည်းလမ်းသုံး၍ ရယူရန် ကြိုးပမ်းလုပ်ဆောင်မှုများကြောင့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်မသွားစေရေး အတွက် တပ်မတော်မှ နိုင်ငံတော်အာဏာကို အခြေခံ ဥပဒေအရ  မလွှဲမရှောင်သာ ထိန်းသိမ်းလိုက်ခြင်းဖြစ် သည်။ အရေးပေါ်ကာလ ပြီးဆုံးသွားပါက   စည်းကမ်း ပြည့်ဝပြီး    အနှစ်သာရရှိသည့်   ရွေးကောက်ပွဲ ကို  ပြန်လည်ကျင်းပပေးသွားမည်ဖြစ်ပြီး အနိုင်ရ ပါတီကို အာဏာလွှဲအပ်သွားမည်ဖြစ်ကြောင်းကို လည်း အတိအလင်း ကြေညာထားပြီးဖြစ်သည်။


သို့ဖြစ်ရာ   လူငယ်များသည်  ဉာဏ်ပညာ ဦးဆောင်ကာ တစ်ဦးနှင့်တစ်ဦး နားလည်စာနာ ခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ အနစ်နာခံလိုစိတ်ရှိခြင်း၊ အတူပူးပေါင်းဆောင်ရွက်လိုခြင်း စသည့်စိတ်ဓာတ် များဖြင့်  ထိန်းထိန်းသိမ်းသိမ်း ဆင်ခြင်စဉ်းစားပြုမူ ဆောင်ရွက်နိုင်ကြပါစေ၊ လူငယ်တို့၏ စွမ်းပကား ဖြင့်  သာယာလှပသည့်   လူ့ဘောင်အဖွဲ့အစည်း၊ ဒီမိုကရေစီယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာပါစေ ဟု ဆန္ဒပြုလိုက်ရပါသည်။     ။