အနုပညာသည် ပြည်သူအတွက်မို့ လက်ခုပ်တီး၍ကြိုဆိုမည် မြန်မာ့ရုပ်ရှင်အကယ်ဒမီ . . . .

Type
5

 

နွေကံ့ကော်(မြို့လှ)
 

 

၂၀၂၃ ခုနှစ်   မေ   ၆  ရက်တွင်    မြန်မာ့ရုပ်ရှင်ထူးချွန်ဆု တစ်နည်းအား ဖြင့် အကယ်ဒမီဆုပေးပွဲကြီးကို နေပြည်တော်၌ ကျင်းပတော့မည်။ ကိုဗစ်- ၁၉    ကပ်ရောဂါကြောင့်    မချီးမြှင့်နိုင်ခဲ့သည့်   ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂  ခုနှစ် သုံးနှစ်စာအတွက် ချီးမြှင့်မည်ဖြစ်သောကြောင့် အကျုံး ဝင်သည့်    အနုပညာရှင်များနှင့်    အတတ်ပညာရှင်များကတော့  ပြုံးပျော်နေကြပေတော့မည်။ ဆုပေးပွဲကြီးကိုလည်း    ခမ်းနားထည်ဝါ စွာ၊  စည်ကားသိုက်မြိုက်စွာကျင်းပနိုင်အောင်  တာဝန်ရှိသူအသီးသီးက စီမံဆောင်ရွက်နေသဖြင့် အချိုပေါ်သကာလောင်းသည့်နှယ် ရှိနေပါ တော့သည်။  ၁၉၅၂ ခုနှစ်တွင်  စတင်ဖွဲ့စည်းခဲ့သော မြန်မာ့ရုပ်ရှင် ထူးချွန်ဆုသက်တမ်းသည်   နှစ်ပေါင်း   ၇၀   ကျော်လွန်ခဲ့ပြီဖြစ်ပြီး မကြာမီစိန်ရတုကာလဆီ ရောက်ရှိပါတော့မည်။ အကယ်ဒမီဆုပေးပွဲ ပြန်လည်ကျင်းပမည့်သတင်းများကို စတင်ကြားသိခဲ့စဉ်ကပင် ပြည်သူ ထဲက    ပြည်သူတစ်ဦးအနေဖြင့်   စာရေးသူဝမ်းသာမိခဲ့သည်။ ကိုယ့်ပတ်ဝန်းကျင်မှ   မိတ်ဆွေများသည်လည်း    ထိုနည်းအတိုင်း ပျော်ရွှင်မှုနှင့်အတူ မုဒိတာစိတ်များ ဖြစ်ပေါ်ခဲ့ကြသည်။
ပြည်သူက ပြန်လည်အသိအမှတ်ပြုသောအောင်ပွဲ
မိမိတို့ ချစ်ခင်အားပေးသော အနုပညာရှင်များအတွက် လက်ခုပ် တီးအားပေးရန် ပြင်ဆင်နေကြလေပြီ။ ပြည်သူများပင် ကြိုတင်ဝမ်းသာ နေပြီဆိုပါက  ကာယကံရှင်များအတွက်မူကား  ဆိုဖွယ်ရာမရှိတော့ ပြီ။  အနုပညာသည်    ပြည်သူအတွက်ဟူသည့်   ဆိုစကားအတိုင်း ပြည်သူက ပြန်လည်အသိအမှတ်ပြုသော အနုပညာရှင်တို့၏အောင်ပွဲ ဟုပင် ဆိုရမည်ဖြစ်သည်။ အကယ်ဒမီသက်တမ်း နှစ် ၇၀ ကျော်ကာလ တွင် စာရေးသူမီခဲ့သည်က  ၃၅  နှစ်ဖြစ်၏။   ဆိုရလျှင်   အကယ်ဒမီ သက်တမ်းတစ်ဝက်ပင်။ စာရေးသူတို့ငယ်စဉ်က အဖြူအမည်းတီဗွီလေး ဖြင့် အားလပ်ချိန်များကို အပန်းဖြေခွင့်ရခဲ့ကြသည်။ ယောက်ျားလေး များပီပီ  ပြည်တွင်း၊ ပြည်ပဘောလုံးပြိုင်ပွဲများကို  ပိုမိုအားပေးဖြစ်ခဲ့ ကြသည်။    တနင်္ဂနွေနေ့လယ်တွင်မူ   ရုပ်ရှင်ဇာတ်ကားကောင်းများ ပြန်လည်ပြသတတ်သည်မို့ စောင့်မျှော်ကြည့်ရှုတတ်ကြပြန်သည်။ အကယ်ဒမီပေးပွဲလာတော့မည့်  သတင်းကြားသည်နှင့်   ရွာရှိအပျို တစ်သိုက်ရော အဒေါ်ကြီး၊ အဒေါ်လေးများပါ လှုပ်လှုပ်ရွရွဖြစ်လာကြ သည်ကို မှတ်မိနေပါသေးသည်။ 
ယောက်ျားလေးများထက်   မိန်းကလေးများက   အကယ်ဒမီကို ပိုမိုစိတ်ဝင်စားခဲ့ကြသည်။   ဘယ်သူရမည်၊   ဘယ်ဝါရမည်ဟူသော ထင်ကြေးများဖြင့် ခန့်မှန်းလို့ မဆုံးနိုင်ခဲ့ကြ။ ငယ်စဉ်ကပင် အနုပညာ သွေးတို့ ကိန်းအောင်းခဲ့သော စာရေးသူအနေဖြင့် အကယ်ဒမီဆုပေးပွဲ လာသောနေ့များတွင် အဒေါ်၊ အစ်မများကြားရောက်ပြီး အဖြူအမည်း တီဗွီလေးမှတစ်ဆင့် သူတို့ကဲ့သို့ ရင်ခုန်ခဲ့ရသည်။ မီးဆလိုက်ကြီးများက မည်သူ့ဆီရောက်သွားမလဲ၊   ဆုကြေညာသူက   မည်သူ့ကိုကြေညာ လိုက်မလဲ သို့လောသို့လော အတွေးခံစားချက်များက ပရိသတ်များကို ပင်  ရင်သိမ့်တုန်စေခဲ့သည်။  အခြားသော   အသံပိုင်း၊   ဓာတ်ပုံပိုင်း၊ ဇာတ်ညွှန်းပိုင်းဆိုင်ရာ     ဆုများထက် မင်းသား၊ မင်းသမီးဇာတ်ဆောင်၊ ဇာတ်ပို့ ဆုများကို ပိုမိုရင်ခုန်မိခဲ့ကြသည်။
ထိုမင်းသား၊      မင်းသမီးများကို အားကျစိတ်ဖြင့် ကိုယ်ကြိုက်နှစ်သက်ရာ အမည်နာမများကိုယူလျက်  ကိုယ့်ဘဝ အတွက် ကိုယ်တိုင် မင်းသား၊ မင်းသမီး များဖြစ်စေခဲ့ကြသည်။      ပျိုးနုတ်ချိန်၊       ကောက်စိုက်ချိန်မှသည်      လယ်ယာ ရိတ်သိမ်းချိန်အထိ  မင်းသား၊  မင်းသမီး တို့၏အကြောင်း     ပြောမဆုံးနိုင်ခဲ့ကြ။  ဘောလုံးပွဲ         ကြည့်ပြီးလျှင်လည်း   ထိုအတိုင်းပင်။        မိမိတို့ဘာသာ    သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ စိုးမြတ်မင်း အမည်များ ခံယူလိုက်ကြသည်။ လေးစား အားကျ အတုယူစိတ်ကြောင့် ဖြစ်ပါ၏။
ပြည်သူတို့၏ စာရိတ္တမဏ္ဍိုင်ကို တည့်မတ်ပေး
အဆို၊ အက၊ အရေး၊ အတီး  အနု သုခုမ ပညာရပ်အားလုံးသည် ပြည်သူတို့၏ စာရိတ္တမဏ္ဍိုင်ကို တည့်မတ်ပေးစေသော အရာများဖြစ်ကြ၏။     အဆိုတော်ကြီး  တွံတေးသိန်းတန်၏   တေးသီချင်းများ ကြောင့်      ကျေးလက်နေပြည်သူများ၏ ဘဝကို  ကွက်ကွက်ကွင်းကွင်း  မြင်တွေ့ ခဲ့ကြရသည်။ စာရေးဆရာကြီးများစွာ၏ ကလောင်စွမ်းများကြောင့်    ပြည်သူတို့ နားမျက်စိပွင့်ခဲ့ရသည်။ ဟာသပညာရှင်  များ၏ ပြက်လုံးများကြောင့် ဘဝအမော များပြေကာ    လုပ်ငန်းခွင်ထဲ     အားအင် တိုးပွားခဲ့ရသည်။ 
ထိုသို့ အနုပညာရှင်များပေးသော သတင်းစကားကို ရယူလျက် ဘဝလမ်းကြောင်း မတိမ်းစောင်းအောင် လျှောက်လှမ်းနေသူများထဲ တွင် ပြည်သူထဲက  ပြည်သူတစ်ဦးဖြစ်သော  စာရေးသူလည်းအပါအဝင် ဖြစ်၏။ ငယ်စဉ်ကာလ ရွာတောင်ပိုင်းဗီဒီယိုရုံတွင် နေထက်လင်း၊ သီဟတင်စိုးဇာတ်ကားများ  ကြည့်ပြီးတိုင်း  သူတို့ကဲ့သို့  နယ်ချဲ့ကို တိုက်ထုတ်ချင်သည့်    တိုက်ပွဲဝင်မင်းသားများဖြစ်ချင်ခဲ့သည်။ ထို့နောက်ပိုင်း ဝေလည်းမွှေး ကြွေလည်းမွှေးမှ ပြောင်မြောက်သော သရုပ်ဆောင်ချက်များကို ကြည့်ခဲ့ရပြီး တပ်မတော်သားဘဝကို ပိုမို ခုံမင်ခဲ့သည်။
ယနေ့အချိန်အထိ မှတ်မှတ်ထင်ထင်ရှိနေသော ရုပ်ရှင်ဇာတ်ကား များကို ရွေးထုတ်ရမည်ဆိုပါလျှင် ရွှေချည်ငွေချည်တန်းပါလို့၊ ပန်းမြိုင် လယ်ကဥယျာဉ်မှူး၊    သူ့ကျွန်မခံပြီ၊   တိုက်ပွဲခေါ်သံ၊   သင်္ကြန်မိုး၊ အဖေ့နေရာ၊ ဒိုး၊ ဆဋ္ဌဂံ၊ ဆန်ရေ၊ အမေ့နို့ဖိုး၊ ငယ်သူမို့မသိပါ၊ အများနှင့် မသက်ဆိုင်သောသူ၊ ကိုးဆယ်ဆသာလိမ့်မယ်၊ ကြိုးကြာတောင်ပံ ခတ်သံ စသည့် စသည့် ရုပ်ရှင်ဇာတ်ကားများက ဦးနှောက်ထဲ အစီအရီ ဝင်ရောက်လာခဲ့သည်။ 
ပရိသတ်တို့၏ရင်ထဲ 
ထင်ကျန်နေဆဲ
ထိုရုပ်ရှင်ဇာတ်ကားပေါင်းများစွာအပြင် အခြားသော ရသကိုးပါး တို့ဖြင့် ပုံဖော်ရိုက်ကူးခဲ့သည့် ရုပ်ရှင်များစွာသည်လည်း မြန်မာ့ရုပ်ရှင် သမိုင်းနှင့် ပရိသတ်တို့၏ရင်ထဲ ထင်ကျန်နေဆဲဖြစ်သည်။ ဇာတ်ကား များကောင်း၍ သရုပ်ဆောင်မှုပိုင်း  ကောင်းမွန်ကြသည့်တိုင် ဆုတို့၏ သဘောသဘာဝအတိုင်း  အားပေးသူပရိသတ်များ၏    ဆန္ဒနှင့် အကဲဖြတ်ရွေးချယ်သည့် ပညာရှင်ကြီးများ၏ အတည်ပြုချက်များ ကလည်း ကွဲလွဲမှုရှိတတ်ကြစမြဲသာ။ ရုပ်ရှင်အကယ်ဒမီဆု ရွေးချယ် ရေးတွင်သာမဟုတ်ဘဲ အခြားသော စာပေ၊ ဂီတ၊ အားကစားနယ်ပယ် အသီးသီးတွင်လည်း ထိုနည်းအတိုင်း ကွဲပြားမှုများရှိနေတတ်သည်ကို သတိပြုလျှင် တွေ့ရပါလိမ့်မည်။  
ပရော်ဖက်ရှင်နယ် အားကစားသမားများအနေဖြင့် ကျင်လည်ရာ အားကစားနည်းအလိုက် တစ်ဦးချင်း အသိအမှတ်ပြုတံဆိပ်များကို မျှော်မှန်းတတ်ကြသည့်အားလျော်စွာ  အနုပညာရှင်များအနေဖြင့် လည်း သူတို့၏ရွှေရောင်အိပ်မက်များဖြစ်သည့်  ထူးချွန်ဆုများကို မျှော်မှန်းတတ်ကြစမြဲပင်။   မြန်မာ့ရုပ်ရှင်ထူးချွန်ဆု   အကယ်ဒမီ သည်ကား ရုပ်ရှင်လောကသားတိုင်း အမြတ်တနိုးတန်ဖိုးထားသည့် ဆုပင်ဖြစ်၏။      


ဆုမရဖူးသေးသူများအနေဖြင့် ရွှေစင်ရုပ်တု ပိုင်ဆိုင်ချင်သကဲ့သို့ ရပြီး သူများကလည်း ဆက်ရနိုင်ရေးကြိုးစားကာ သမိုင်းမှတ်တမ်းကောင်း စံချိန်များ စိုက်ထူလိုကြသည်။ ဆုရသည်ဖြစ်စေ၊  မရသည်ဖြစ်စေ အနုပညာသည် ပြည်သူအတွက်ဟူသော လမ်းစဉ်အတိုင်းကျင့်ကြံပြီး ရွှေစင်ရုပ်တုများ ပိုင်ဆိုင်ခွင့်မရသည့်တိုင် ပြည်သူချစ်သောအနုပညာရှင် များစွာ ရှိနေပါသေးသည်။
အရေးကြီးသည်မှာ အနုပညာသည်  ပြည်သူအတွက်ဟူသော ခေါင်းစဉ်အား လွဲမှားစွာ  မခံယူ  အသုံးမချရေးပင်ဖြစ်၏။  စာရေးသူ နှစ်သက်၍ နှလုံးသားထဲစွဲနေသော အထက်တွင်ဖော်ပြခဲ့သည့် ရုပ်ရှင် ဇာတ်ကားများက သက်သေဖြစ်သည်။ အခြားသော ရုပ်ရှင်ဇာတ်ကား ကြီးများလည်း ကျန်ရှိနေပါသေးသည်။ ပြည်သူ့လက်ခုပ်သံရရှိရေး အတွက်    လူပြိန်းကြိုက်   ရေးသားဖျော်ဖြေတင်ဆက်မှုများသည် တိုင်းပြည်အတွက် အဆိပ်အတောက်ပင်ဖြစ်၏။ 
ပြည်သူ့လက်ခုပ်သံကို 
ညာယူမိလျှင်
ထိုအဆိပ်ငွေ့ကို   ဦးဆုံးရှူရှိုက်ရမည့်သူက     မိမိဖြစ်သည်ကို သတိပြုစေလိုသည်။ ပြည်သူ့လက်ခုပ်သံကို ညာယူမိလျှင် ပြည်သူက ပြန်လည်အပ်နှင်းမည့် အနုပညာအောင်မြင်မှုအသီးအပွင့်ကို ပြန်လည် ခံစားခွင့်ရနိုင်မည် မဟုတ်ပါချေ။ အနုပညာရှင်သည် မိမိတို့တတ်ကျွမ်း သော အနုပညာရပ်အသီးသီးဖြင့် တိုင်းပြည်ကို အလှခြယ်လျှင် အမိ တိုင်းပြည်သည် ဆေးရောင်စုံပန်းချီကားတစ်ချပ်ပမာ လှပနေလိမ့်မည် ဖြစ်သည်။ တိုင်းပြည်၏လှပဝေဆာနေသော ထိုဆေးရောင်စုံအလှများ ကိုကြည့်လျက် မျိုးဆက်သစ်တိုင်းရင်းသားပြည်သူများ ကြည်နူးပီတိ ဖြစ်ကြပါလိမ့်မည်။ ထိုကြည်နူးအားကျစိတ်များဖြင့် တိုင်းပြည်၏ ပခုံးပြောင်းတာဝန်များကို       လက်ဆင့်ကမ်းသယ်ယူကြလိမ့်မည် ဖြစ်သည်။ 
တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာပျက်လျှင်
ဤနေရာတွင် သတိပြုဖွယ်အရာလေးတစ်ခု ခေါင်းထဲပေါ်လာ သည်။   စာရေးသူတို့ငယ်စဉ်က   မိမိတို့သဘောကျနှစ်သက်သည့် မင်းသား၊ မင်းသမီးများ၏ အမည်ကိုသာ ကိုယ့်ကိုယ်ကိုယ် ကင်ပွန်း တပ်ကြပြီး ဇာတ်ပို့လူကြမ်းသရုပ်ဆောင်များ ဗီလိန်များ၏အမည်ကို တော့ မည်သူမှမယူခဲ့ကြပါချေ။ အသက်ဝင်ပီပြင်သော ဇာတ်ပို့သရုပ် ဆောင်များ၏ စွမ်းဆောင်ချက်များကြောင့် ပြင်ပနယ်ပယ်ရောက်သည် အထိ အထင်လွဲခံရသည့် သာဓကများကို ကြားသိရပါ၏။ ဇာတ်လမ်း အရမဟုတ်ဘဲ   အနုပညာအရေခြုံလျက် တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာပျက်သူများကိုတော့ တိုင်းပြည်က အမှန်တကယ်ဒဏ်ခတ်လိမ့် မည်ဖြစ်သည်။        
ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် အမျိုး ဘာသာ၊ သာသနာအရေးနှင့်ပတ်သက်၍လည်းကောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍လည်းကောင်း၊   စားရေရိက္ခာ ပေါများစေရေးအတွက်လည်းကောင်း   တက်ကုန်ရွက်စုံလွှင့်လျက် ကြိုးပမ်းလျက်ရှိနေသည်ကို မြင်တွေ့ရမည်ဖြစ်ပေသည်။ မမြင်နိုင် သူများနှင့် မြင်အောင်မကြည့်သူများမှာ မြန်မာနိုင်ငံ၏ ကောင်းရာ ကောင်းကျိုးမလိုလားသည့် ပြည်ပနိုင်ငံများကပေးထားသော အဆိပ် သင့်မျက်မှန်များ တပ်ထားသောကြောင့်သာဖြစ်ပေမည်။ 
ကိုဗစ်-၁၉  ကပ်ရောဂါကြောင့်   ပြည်သူတို့မွန်းကျပ်ခဲ့ရမှုများ အတွက် ကပ်ရောဂါအား အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင် သည့်နောက်   ရောဂါကာကွယ်ရေးစည်းကမ်းများနှင့်အညီ    ပုံမှန် ကျင်းပမြဲဖြစ်သည့် ပွဲလမ်းသဘင်များကို ပြန်လည်ကျင်းပပေးနိုင်ခဲ့ပြီး ပြည်သူတို့ စိတ်နှလုံးကိုရွှင်ပြုံးခွင့်ရစေခဲ့သည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက်    အမျိုးသားရေးပြယုဂ်ဖြစ်သည့်     စိန်ရတု ပြည်ထောင်စုနေ့နှင့်  စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားများကို လည်း ကြီးကျယ်ခမ်းနားစွာကျင်းပပေးနိုင်ခဲ့သည်။ ပူပူနွေးနွေးပြီးစီးခဲ့ သည့်  နှစ်သစ်ကူးအတာသင်္ကြန်ကာလသည်လည်း  နိုင်ငံတစ်ဝန်း အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်ကို အားလုံးမြင်တွေ့ခဲ့ရပြီးဖြစ်သည်။     
မကြာမီ ပြည်သူများရော အနုပညာရှင်များပါ ပျော်ကြရဦးမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ပေးပွဲကြီး ရောက်ရှိလာပြီး သုံးနှစ် စာ ဝေဝေဆာဆာကျင်းပပေဦးမည်။ စာရေးသူအနေဖြင့် အကယ်ဒမီ ပေးပွဲကြီးအား  မြင်ယောင်စိတ်ကူးပုံဖော်ရင်း နားရည်ဝနေပြီဖြစ်သည့် “မြန်မာ့ မြန်မာ့ရုပ်ရှင် xxx နိုင်ငံ့ဂုဏ်အင် xxx  သုခုမအသွင် xxx ပေါ်လွင်ခဲ့အစဉ်xxx”   တေးသီချင်းကို   ကြိုတင်ကြားယောင်လျက် လက်ခုပ်တီးအားပေးဖို့ပြင်ဆင်မိသည်။ ထိုသို့ပြင်ဆင်ရင်း တွေးလိုက်မိ သည်ကား အနုပညာရှင် မင်းသား၊ မင်းသမီးတို့၏ ဝတ်ပုံစားပုံနေထိုင် ပုံများကို  ခေတ်အဆက်ဆက်အားကျအတုယူခဲ့သည့်  ပြည်သူများ အတွက် မြန်မာ့ယဉ်ကျေးမှုနှင့်သွေဖည်ခြင်းမရှိသည့် လုပ်ဆောင် ချက်များကို လမ်းပြစေလိုပါကြောင်းနှင့် အနုပညာသည် မိမိတိုင်းပြည် နှင့် လူမျိုးအတွက်သာ ဦးစားပေးဖြစ်သင့်ပါကြောင်းဟူ၍။    ။