အနန္တောအနန္တဂိုဏ်းဝင် ဆရာ ဆရာမများ၏ နာသုံးနာလက်ကိုင်ထား၍ ကျောင်းသား ကျောင်းသူများအပေါ်  မိဘသဖွယ်စိတ်ဓာတ်ဖြင့် သင်ကြားရေးတာဝန်ထမ်းဆောင်နေမှုအား အသိအမှတ်ပြု သတင်းထုတ်ပြန်ခြင်း


 

နေပြည်တော်   နိုဝင်ဘာ   ၁၆
မြန်မာနိုင်ငံ၌  ဆရာ ဆရာမများအပေါ် ရိုသေလေးစားမှုပြုရသည့် အနန္တောအနန္တဂိုဏ်းဝင်အဖြစ် ရှေးယခင်ကတည်းကပင် ယဉ်ကျေးမှု တစ်ရပ်သဖွယ်    သတ်မှတ်ထားပြီး    အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေးအနက်ပြုမှုကို   တွေ့ရှိရမည်ဖြစ်ပါသည်။ အနန္တောအနန္တဂိုဏ်းဝင် ဆရာ ဆရာမများသည်လည်း စေတနာကို အရင်းခံပြီး   ဝါသနာနှင့်အတူ    အနစ်နာခံကာ   တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသား ကျောင်းသူများအား ဂုဏ်သိက္ခာပြည့်ဝစွာဖြင့်   အတတ်ပညာ     သင်ကြားပို့ချရုံသာမက “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊    သိပ္ပမချန်၊   ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့” ဟူသော   ဆရာကျင့်ဝတ်ငါးသွယ်ကို   ကျေပွန်စွာ ထမ်းဆောင်နေသူများ ဖြစ်ပါသည်။    
COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် ရပ်နားထားရသည့် ကျောင်းများကို     လက်ရှိအချိန်တွင်    အတိုင်းအတာတစ်ခုအထိ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာ အထက်တန်းအဆင့်၊   အလယ်တန်းအဆင့်နှင့်    မူလတန်းအဆင့် ကျောင်းများအား   ဇွန်  ၁  ရက်နေ့မှစ၍      မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ   စတင်ဖွင့်လှစ်သင်ကြားလျက် ရှိသည်။ 
စာသင်ကျောင်းများဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်နေသည့်ကာလ နှင့် လက်ရှိသင်ကြားနေသည့်ကာလတွင် မိမိတစ်ပါတီ ကောင်းစားရေး ကိုသာရှေးရှု၍       နိုင်ငံရေးအမြတ်ထုတ်လိုသူများ၊       နိုင်ငံရေး အစွန်းရောက်  NLD ပါတီဝင်များနှင့်   ၎င်းတို့ကို  ထောက်ခံသူများ၊ NUG ၊ CRPH နှင့် PDF   စသည့်အဖွဲ့များသည်     ပညာရေးဝန်ထမ်းများ အား   CDM လှုပ်ရှားမှုတွင်  ပါဝင်လာစေရန် Social Punishment  ပြုလုပ်ခြင်း၊ လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများအပြင် ကလေးငယ်များ   ပညာသင်ကြားရေးကို   အခက်အခဲဖြစ်စေရန် ရည်ရွယ်၍  စာသင်ကျောင်းများကို မိုင်းများ၊ လက်လုပ်ဗုံးများဖြင့်   ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများအပြင် ဆရာ ဆရာမ များကို စာပေသင်ကြားမှုမပြုနိုင်စေရန် ခြိမ်းခြောက်ခြင်း၊  နှောင့်ယှက် တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသောကြောင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းများသာမက အချို့အသက်သေဆုံးသည်အထိ   စိတ်မချမ်းမြေ့ ဖွယ်ရာ ဖြစ်စဉ်ဖြစ်ရပ်များဖြစ်ပေါ်ခဲ့ရပြီး  သေဆုံးထိခိုက်ဒဏ်ရာရရှိသူ များအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  မိသားစု များနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါသည်။
မကောင်းမှု၊   မတရားမှုတို့ကို    ပြုလုပ်ရမည့်အပေါ်   ရှက်ခြင်း၊ ကြောက်ခြင်းဟူသော ဟီရိ၊ ဩတ္တပ္ပတရားတို့အပေါ်၌ သာမန်လူတို့ ထက်   ပိုမိုသိရှိစောင့်ထိန်းတတ်သည့်  ဆရာ  ဆရာမတို့အနေဖြင့် ထိုကဲ့သို့သော အခက်အခဲ၊ အကျပ်အတည်းများ၊ နှောင့်ယှက်မှုမျိုးစုံ တို့ကြားမှ   အနန္တောအနန္တဂိုဏ်းဝင်  ဆရာဟူသည့် မွန်မြတ်လှသည့်  ဂုဏ်ပုဒ်နှင့်အညီ  ကောင်းမွန်မြင့်မြတ်သည့် စိတ်ထားများဖြင့်  နိုင်ငံ့ အတွက်  ပညာတတ်လူငယ်၊  လူရွယ်များ ပေါ်ထွန်းလာစေရေးရှေးရှု၍ သင်ကြားရေးတာဝန်များကို မလစ်ဟင်းရအောင် အားကြိုးမာန်တက်  ထမ်းဆောင်လျက်ရှိသည်ကို  တွေ့ရှိရသဖြင့် တာဝန်ထမ်းဆောင်နေ ကြသော ဆရာ ဆရာမများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်    လှိုက်လှဲစွာ    ချီးကျူးဂုဏ်ပြု   မှတ်တမ်းတင်အပ်ပါ သည်။
နိုင်ငံ့အနာဂတ် ရင်သွေးငယ်များ၏ စာပေပညာ တတ်မြောက်ရေး၊ ပညာရည် မြင့်မားရေးအတွက် အခက်အခဲမျိုးစုံကြားမှ သင်ကြားရေး တာဝန်များကို ကြိုးပမ်းထမ်းဆောင်လျက်ရှိသည့် ဆရာ  ဆရာမများ ဘေးကင်းလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အထူးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်      မိဘပြည်သူများ အနေဖြင့်လည်း   ရပ်ရွာအေးချမ်းသာယာရေး၊   ကလေးငယ်များ အေးချမ်းစွာ  ပညာသင်ကြားနိုင်ရေးတို့အတွက်   လုံခြုံရေးအသိ၊ လုံခြုံရေးသတိထားကာ     လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်        ပူးပေါင်း ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံအပ်ပါသည်။

    သတင်းထုတ်ပြန်ရေးအဖွဲ့
                                    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ