
ရန်ကုန် ဇန်နဝါရီ ၁၇
အွန်လိုင်းစနစ်ဖြင့် ရွှေတစ်ရွေးမှစ၍ တစ်ကျပ်သား အထိ စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
“UAB ဘဏ်ကနေ စရောင်းပေးနေပြီ။ ရွှေဂုံတိုင် ရွှေဆိုင်ကနေ စရောင်းပေးနေတယ်။ တစ်ရွေးကနေ ၁၀ ရွေး၊ တစ်ကျပ်သားအထိ စတင်ရောင်းချ ပေးနေပြီ။ နောက်ပိုင်းကတော့ ထပ်တိုးရောင်းချ သွားမှာပါ။ တစ်ကျပ်သားကနေ ၁၀ ကျပ်သား၊ နှစ်ပိုင်း တို့၊ သုံးပိုင်းတို့ အဲဒီလိုမျိုး ထပ်တိုးသွားမှာပေါ့။ သိန်း၂၀၀ ကျော်ရင် ဘဏ်ကနေဖြတ်ရမယ်ဆိုတော့ အဲဒါနဲ့လည်း ညီသွားတယ်” ဟု ၎င်းက ဆိုသည်။
ရွှေရွေးစစုဆောင်းလိုသူများအနေဖြင့်လည်းရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း နှင့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ် တွင် တရားဝင်ရွှေဝယ်ယူနိုင်မည့် စနစ်များနှင့် ဝယ်ယူနိုင်မည့်ဆိုင်များကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။
ရွှေထုတ်၊ ငွေထုတ်သယ်ယူရန် မလိုအပ်ဘဲ ဘဏ်မှတစ်ဆင့် အရောင်းအဝယ်ပြုလုပ်မည် ဆိုပါက ပြဿနာမရှိဘဲ လုံခြုံစိတ်ချရကြောင်းလည်း ဦးမျိုးမြင့်က ပြောကြားသည်။
“ရွှေသယ်တာ၊ ငွေသယ်တာကျတော့လည်း အခုအခါက စိုးရိမ်ရတဲ့အခြေအနေဆိုတော့ ဘဏ် ကနေဖြတ်တယ်၊ သွားတယ်၊ လာတယ်ဆိုတော့ အန္တရာယ်ကင်းတာပေါ့”ဟု ၎င်းကပြောကြားသည်။
YGEA ၏ ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲ အချိန်ထုတ်ပြန်ချက်အရ အခေါက်ရွှေ တစ်ကျပ်သား ကို ငွေကျပ် ၃၆၃၀၆၀၀၊ ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်း စျေး ရွှေတစ်ကျပ်သားကို ငွေကျပ် ၃၆၈၀၉၀၀ ရှိကြောင်းသိရပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစ၍ အရောင်းအဝယ်အေးနေကြောင်း သိရသည်။
MT