
ရန်ကုန် ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၌ ကိုယ်ပိုင် ဒီဇိုင်းဖြင့် တီထွင်ဖန်တီးထားသည့် အင်ဂျင်ဝိုင်အဟောင်းနှင့် စားသုံး ဆီအဟောင်းများသုံးနိုင်ကာ ဂက်စ် လုံးဝအသုံးပြုရန်မလိုဘဲ ဂက်စ်မီးဖို ကဲ့သို့ မီးတောက်နိုင်သော မီးဖိုကို လူစိတ်ဝင်စားကာ ဝယ်ယူမှုများ နေကြောင်း သိရသည်။
ပြည်ပသို့ခရီးသွားစဉ် အလားတူတီထွင်ဖန်တီးထားမှုကိုတွေ့ရှိ ခဲ့၍ ကိုယ်တိုင်စမ်းသပ်တီထွင် ခဲ့ရာမှ လူသိများလာခဲ့ကြောင်း၊ မိသားစု၏တစ်နိုင်တစ်ပိုင် စီးပွား ရေးအဖြစ် လုပ်ကိုင်လျက်ရှိ ကြောင်း Soe Lin ဆီအဟောင်းသုံး မီးဖိုနှင့် မီးဖိုအမျိုးမျိုးထုတ်လုပ် ရေးမှ ကိုအောင်စိုးလင်းက ပြော ကြားသည်။
“သူက ဆီအဟောင်းတွေနဲ့ သုံးရတာ။ အင်ဂျင်ဝိုင်အဟောင်း၊ စားတဲ့ ဆီအဟောင်းတွေကို လောင်စာအဖြစ်သုံးထားတဲ့ မီးဖို ပါ။ စားတဲ့ဆီအဟောင်းဆိုတာက ဝက်ဆီ၊ ကြက်ဆီ စားတဲ့ဆီမှန်သမျှ အကုန်ရတယ်။ စားတဲ့ဆီ ပုံမှန် မီးမလောင်ပေမယ့် မီးဖိုခွက်ထဲ မှာ ထည့်ထားတဲ့ပစ္စည်းကြောင့် စားဆီက မီးလောင်သွားတာ။ အင်ဂျင်ဝိုင် အဟောင်းသုံးမယ် ဆိုရင် မီးသတ်လိုက်တဲ့အချိန်မှာအနည်းဆုံး ၁၀ စက္ကန့်၊ ၁ မိနစ် လောက် ညှော်နံ့နည်းနည်း ထွက် တယ်။ လေဝင်လေထွက်ကောင်း တဲ့နေရာတွေမှာ သုံးသင့်ပါတယ်။ ချက်ပြုတ်နေချိန်အနံ့မထွက်ဘူး။ အခုလက်ရှိမှာ ဝယ်တဲ့သူက များတယ်။ အခု အော်ဒါတင်ထား တာတောင် အလုံး ၁ဝဝ လောက် ရှိတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ဘက်မှ ဝယ်သူတွေ များတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါမီးဖိုကိုအသုံးပြုတော့မည်ဆိုပါက ဆီတိုင်ကီထဲသို့ အင်ဂျင်ဝိုင်အဟောင်း သို့မဟုတ် စားသုံးဆီအဟောင်းကို ဦးစွာ ထည့်ပြီး ဆီတိုင်ကီအောက်က ဘားကို ဖွင့်ပါက မီးဖိုအတွင်းဆီ ရောက်ကာ ဆီရောက်ပါက ဘား ကိုပိတ်ပြီး မီးဖိုကိုမီးမွှေးကာ အသုံး ပြုနိုင်ကြောင်း၊ မီးအပူကို ထိန်းရန် ပန်ကာငယ်တစ်ခုကို တပ်ဆင် ထားကာ ပန်ကာကို မီးပျက်သည့် အချိန်တွင် Power bank သို့မဟုတ် Battery တို့ဖြင့် ချိတ်ဆက်၍ အသုံးပြုနိုင်ကြောင်း သိရသည်။
မီးဖိုတွင်အသုံးပြုသည့်ပစ္စည်း အချို့မှာ ပြည်ပမှဝယ်ယူရ၍ ယွမ် ဈေး၊ ဘတ်ဈေး အတက်၊ အကျရှိ သောကြောင့် ဈေးနှုန်းပုံသေ သတ်မှတ်၍မရဘဲ လက်ရှိတွင် အိမ်သုံးအဖြစ် သုံးနိုင်မည့် မီးဖို ဈေးနှုန်း မှာ ကျပ်၁၆၀၀၀၀ မှ စ၍ ကျပ်၂၅၀၀၀၀၊ ကျပ် ၃ဝဝဝဝဝ၊ ကျပ် ၃၅၀၀၀ဝ၊ ကျပ် ၄ဝဝဝဝဝ အထိရှိကြောင်း သိရသည်။
“အင်ဂျင်ဝိုင်ကို မီးရှို့လိုက်ရင် မီးခိုးတွေထွက်လာပြီး မီးဖိုရဲ့ အပူချိန်က အတော်မြင့်တက်သွား တယ်ဆိုတော့ မီးဖိုရဲ့ အပူချိန် ညှိဖို့အတွက် ပန်ကာထည့်လိုက် တာ။ ပန်ကာထည့်လိုက်တော့ အပူချိန်ကို နည်းနည်းလျှော့ချတာ။ ပန်ကာကိုလည်း တရုတ်မှာ ကိုယ်တိုင်သွားဝယ်တာ။ အဲဒါ ကြောင့် ဈေးပုံမှန်သတ်မှတ်လို့ မရပါဘူး” ဟု ၎င်းက ဆိုသည်။
အဆိုပါမီးဖိုကို အသုံးပြုမည် ဆိုပါက မီးဖိုထဲသို့ ရေကျလျှင် ဆီပူထဲရေကျသည့် သဘော သက်ရောက်ကာ ငရဲမီးကဲ့သို့ မီး ထတောက်တတ်သဖြင့် ရေမကျ ရန် သတိပြုရမည်ဖြစ်ကြောင်း သိရသည်။
MT