
မျိုးသူ (ကုန်သွယ်မြှင့်)
၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက် သောကြာနေ့တွင် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုက စားအုန်းဆီတင်ပို့မှုများကို ကန့်သတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါပြောကြားချက်နောက်ပိုင်းတွင် ကမ္ဘာ့ စားသုံးဆီတင်သွင်းတင်ပို့သူများကြား များစွာလှုပ်ခတ်သွားပြီး ဂယက်များထလျက်ရှိသည်ဟု ဆိုပါသည်။ အဆိုပါ သတင်းမတိုင်မီတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ဆီအုန်းမှ စားအုန်းဆီထုတ်လုပ်မှုများ ကျဆင်းပြီး စားအုန်းဆီဈေးနှုန်းများသည် ၂၀၂၀ ပြည့်နှစ် နောက်ပိုင်း တွင် စတင်မြင့်တက်ခဲ့ပါသည်။ ထို့နောက် ယူကရိန်းတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် နေကြာစိုက်ပျိုးထုတ်လုပ်မှုကျဆင်းပြီး နေကြာ ဆီဈေးများသည် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်မြင့်တက်လာပြီး နေကြာဆီနောက်မှ ပဲပုပ်ဆီ၊ ကင်နိုလာနှင့် စားအုန်းဆီဈေးများ အသီးသီး လိုက်လံမြင့်တက်ခဲ့ပါသည်။
၂၀၂၁ ခုနှစ် တစ်နှစ်လုံးတွင် ကမ္ဘာ့စားသုံးဆီဈေးနှုန်းများမှာ ဆက်လက်မြင့်တက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်အတွက် ဘရာဇီးအပါအဝင် တောင်အမေရိကနိုင်ငံများတွင် ရာသီဥတုကြောင့် ပဲပုပ်စိုက်ပျိုး ထုတ်လုပ်မှုကျဆင်းသည်ကိုကြုံတွေ့ရပြီး အကျိုးဆက်အဖြစ် ပဲပုပ် စားသုံးသောနိုင်ငံများတွင် အထောက်အကူအဖြစ် စားအုန်းဆီနှင့် နေကြာဆီများကို ဖြည့်တင်းလာကြသည်ကို တွေ့ရပါသည်။ ထို့နောက်ပိုင်းတွင် ရုရှားနှင့် ယူကရိန်းတို့၏စစ်ပွဲကြောင့် နေကြာဆီ ထုတ်လုပ်မှုကိုများစွာထိခိုက်ပြီး နေကြာဆီဈေးများလည်း မြင့်တက် လာခဲ့ပါသည်။
ယခုတစ်ဖန်တွင် အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီတင်သွင်းမှုကို ကန့်သတ်မည်ဟူသော သတင်းစကားကြောင့် အင်ဒိုနီးရှားမှ စားအုန်း ဆီ တင်သွင်းသော နိုင်ငံများအတွက် အခက်အခဲများ ရင်ဆိုင်ရမည်ကို စိုးရွံ့လာကြကြောင်း သိရှိရပါသည်။ သို့ရာတွင် ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်မှုတွင် ဒုတိယလိုက်သော မလေးရှားနိုင်ငံက တင်ပို့ခွန်အပေါ် ကောက်ခံသည့် အခွန်ရာခိုင်နှုန်းကိုလည်း ပြောင်းလဲခြင်းမပြုသည့် အပြင် အင်ဒိုနီးရှားနိုင်ငံမှ တင်ပို့မှုကန့်သတ်ချက်ကြောင့် အခက်အခဲ ကြုံတွေ့နိုင်သည့် စားအုန်းဆီတင်သွင်းသော နိုင်ငံများကို တတ်နိုင် သမျှ ကူညီပေးသွားမည်ဖြစ်သည်ဟုလည်း တစ်ပြိုင်နက် သတင်း ထွက်ပေါ်လာပါသည်။
ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံမှ ကန့်သတ်ချက်ထုတ်ပြန်လျှင် တင်သွင်းမှုများ အဆင်ပြေစေရန် မလေးရှားနိုင်ငံသို့ မှာကြားခြင်းများ ကို လုပ်ဆောင်နေကြပြီဖြစ်ကြောင်း သိရှိရပါသည်။ သို့ရာတွင် သတိပြုရမည့်အချက်မှာ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းရှိပြီး မလေးရှားနိုင်ငံမှာ ၂၅ ရာခိုင်နှုန်း သာ ရှိသဖြင့် အင်ဒိုနီးရှား၏ ပို့ကုန်ကွက်လပ်ကို ဖြည့်နိုင်စွမ်းရှိပါမည် လားဟု တွေးစရာဖြစ်လာပါသည်။
အဆိုပါ မေးခွန်းအတွက် အဖြေကို ၂၅-၄-၂၀၂၂ တနင်္လာနေ့တွင် အင်ဒိုနီးရှားနိုင်ငံမှ ကန့်သတ်မည့် စားအုန်းဆီ အမျိုးအစားများကို ထုတ်ပြန်လာသဖြင့် အသက်ရှူချောင်စရာဖြစ်လာသကဲ့သို့ အင်ဒိုနီးရှားမှ စားအုန်းဆီကြမ်း Crude Palm Oil-CPO တင်သွင်းသည့် အိန္ဒိယကဲ့သို့နိုင်ငံများအတွက်လည်း အကျပ်အတည်းမှ သက်သာရန် ရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် စားအုန်းဆီထုတ်လုပ်မှုမှာများစွာ ကျဆင်းခြင်းမျိုးမဟုတ်ဘဲ ဆီကြမ်းသိုလှောင်ကန်များတွင် အပြည့်အဝ ရှိနေပြီး သိုလှောင်ရန်အခက်အခဲပင် ဖြစ်ပေါ်နိုင်သည်ဟု ဆိုကြပါ သည်။ ထို့အပြင် အင်ဒိုနီးရှားနိုင်ငံ၏ အဓိကပြဿနာမှာ သန့်စင်ပြီး စားအုန်းဆီချောများ ထုတ်လုပ်မှုမှာလျော့နည်းသဖြင့် ပြည်တွင်း စားအုန်းဆီဈေးများ မြင့်တက်ခြင်းကသာ အဓိကဖြစ်သည်ဟုလည်း ခန့်မှန်းကြပါသည်။
အဘယ်ကြောင့်ဆိုသော် အင်ဒိုနီးရှားနိုင်ငံတွင် ယခုရက်များ အတွင်း စားအုန်းဆီ တစ်ကီလိုဂရမ်လျှင် ၁ ဒသမ ၈၄ အမေရိကန်ဒေါ်လာ (မြန်မာငွေဖြင့် တစ်ပိဿာလျှင် ကျပ် ၇၀၀၀ ခန့်)အထိ ဈေးမြင့်တက် လျက်ရှိသည်ဟု ဆိုပါသည်။ ထိုသို့ ပြည်တွင်းဈေးတက်နေသော်လည်း ပြည်ပတင်ပို့ရသည့် ပို့ကုန်ရငွေမှာ အင်ဒိုနီးရှားအတွက် ယခင်က စားအုန်းဆီတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၉၀၀ ကျော်မှ ယခု အခါ ၁၆၀၀ ကျော်အထိ ကျဆင်းလာသည်ကို ထိန်းသိမ်းလိုသဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း သုံးသပ်ကြပါသည်။
ထို့ကြောင့်ပင် ၂၅-၄-၂၀၂၂ နံနက်ပိုင်းတွင် အင်ဒိုနီးရှား၏ စားအုန်းဆီဈေးသည် မြင့်တက်နေရာမှ ညနေပိုင်းတွင် ပြန်လည် ကျဆင်းသွားသည်ကို တွေ့မြင်ရပါသည်။ အင်ဒိုနီးရှားအခက် မလေးရှားအချက်ဟူသကဲ့သို့ ဖြစ်လာနိုင်သည်ကိုလည်း တွေ့မြင်နေရ ပါသည်။ မလေးရှားသည် အင်ဒိုနီးရှားနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုသော်လည်း စားအုန်းဆီဈေးများကို ကြည့်လျှင် ယခုဧပြီလဆန်းတွင် တစ်တန်လျှင် ဒေါ်လာ ၁၆၀၀ ကျော်မှ မြင့်တက်လာပြီး မေလ စားအုန်းဆီဈေးများသည် ဒေါ်လာ ၁၇၄၀ သို့ ရောက်ရှိနေသည်ကို တွေ့နိုင်ပါသည်။
သို့ဖြစ်၍ ကုန်ကျစရိတ်များနှင့်ပတ်သက်လျှင် ထိလွယ်ရှလွယ် သည့် အာရှနှင့် အာဖရိက နိုင်ငံငယ်များအတွက် စားအုန်းဆီဈေးသည် ထိခိုက်မှုတစ်ခုဖြစ်လာနိုင်ပါသည်။ လက်ရှိအခြေအနေတွင် စားအုန်း ဆီသည် ကိတ်မုန့်များ၊ ဘီစကစ်မုန့်များ၊ ချောကလက်များစသော စားသောက်ကုန်အမျိုးမျိုးအပြင် အလှကုန်ပစ္စည်းများ၊ ဆပ်ပြာများ တွင်ပါ ဘက်စုံသုံးစွဲနေရသဖြင့် အခြားသောကုန်စည်များ၏ဈေးနှုန်း များကိုပါ သတိထားစရာ ဖြစ်လာပါသည်။ စားအုန်းဆီထုတ်လုပ်တင် ပို့သော နိုင်ငံများကိုကြည့်လျှင် အင်ဒိုနီးရှားနောက်တွင် မလေးရှား နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကိုလံဘီယာနိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံ စသဖြင့် အစဉ်လိုက်ရှိနေကြောင်း အထက်ပါဇယားတွင် တွေ့နိုင်ပါသည်။
ကမ္ဘာ့စားအုန်းဆီဈေးကွက်အခြေအနေ
ကမ္ဘာ့စားအုန်းဆီဈေးကွက်အခြေအနေသည် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် အတက်ဘက်သို့ ဦးတည်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ စားအုန်းဆီဈေးနှုန်းသည် တစ်တန်လျှင် ရင်းဂစ် ၅၅၀၀ အထိ မြင့်တက်ခဲ့ပါသည်။ ခန့်မှန်းသည့်အတိုင်း မတ်လအထိ ဆက်လက် မြင့်တက်ခဲ့သော်လည်း ဧပြီလတွင် အကျဘက်သို့ ပြန်လည်ဦးတည် လာနေသည်ဟု ဆိုနိုင်ပါသည်။ ဆီအုန်းစိုက်ပျိုးပြီး စားအုန်းဆီ အမျိုးမျိုးကို ကမ္ဘာတွင် အများဆုံးတင်ပို့နေသော အင်ဒိုနီးရှားနိုင်ငံတွင် စားအုန်းဆီပြည်ပပို့ကုန်များအပေါ် အခွန်ကောက်ခံသည့်အပြင် ပြည်တွင်းဈေးကွက်အတွင်းသို့ သတ်မှတ်ပြဋ္ဌာန်းထားသည့် အရေအတွက်ပမာဏကို ကုမ္ပဏီများက မဖြစ်မနေရောင်းချပေးရန် အတွက် ရာခိုင်နှုန်း ၂၀ ချန်လှပ်ထားရကြောင်း သိရပါသည်။
စားအုန်းဆီအကြမ်းနှင့် အချောများကို တင်ပို့နေသော ပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ပမာဏ၏ ရာခိုင်နှုန်း ၂၀ ကို ပြည်တွင်းဈေးကွက်အတွက် ဖယ်ထားရမည်ဖြစ်ကြောင်း အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီး Muhammad Lutfi က ပြောကြားခဲ့ပါသည်။ စားအုန်းဆီကုန်ကြမ်း Crud Palm Oil သည် ပြည်တွင်းဈေးကွက်တွင် ရောင်းဈေး တစ်ကီလိုဂရမ်လျှင် ရူပီယာ ၉၃၀၀ (အမေရိကန်ဒေါ်လာ ၀ ဒသမ ၆၅) ဖြင့် ရောင်းချရန်နှစ်ဆန်းပိုင်းက ဈေးနှုန်းသတ်မှတ် ပြဋ္ဌာန်းထားခဲ့သော်လည်း ဧပြီ ၂၀ ရက် နောက်ပိုင်းတွင် အင်ဒိုနီးရှား ပြည်တွင်းဈေးကွက်၌ စားအုန်းဆီတစ်ကီလိုဂရမ်ဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈၄ အထိ မြင့်တက်လာကြောင်း အထက်တွင် ဖော်ပြထားပါသည်။ ဟင်းသီးဟင်းရွက်ဆီအမျိုးမျိုးရှိသည့်အနက် စားအုန်းဆီကို အများဆုံးတင်ပို့နေသော အင်ဒိုနီးရှားနိုင်ငံတွင် ပြဋ္ဌာန်းချက်အသစ်ကြောင့် တင်ပို့မှုပမာဏ လျော့ကျနိုင်ကြောင်း သုံးသပ်ခဲ့ကြပါသည်။ ယခုအခါတွင် အင်ဒိုနီးရှားနိုင်ငံမှ တင်ပို့မှုကို စားအုန်းဆီ RBD Palm Olein IV 56 နှင့်အထက် အဆင့်မြင့် စားအုန်းဆီများကို တားမြစ်ကန့်သတ်ခြင်းဖြင့် ၂၅ ရက်ညနေပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ စားအုန်းဆီဈေးများ ပြန်လည်ကျဆင်းခဲ့သည်ကို တွေ့ရပါသည်။
သို့ရာတွင် အင်ဒိုနီးရှားနိုင်ငံ၏ ကန့်သတ်ချက်သည် ကမ္ဘာ့ စားသုံးဆီဈေးကွက်အပေါ် အထိုက်အလျောက် ရိုက်ခတ်နိုင်သည်ကို တွေ့ရှိနိုင်ပါသည်။ အင်ဒိုနီးရှားမှ ကြေညာချက်ကြောင့် ဧပြီလအတွက် ကြိုရောင်းကြိုဝယ်ဈေးနှုန်းများသည် ဝယ်ဈေးနှုန်း ၃ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်လျှင် မလေးရှားရင်းဂစ် ၅၅၀၀ အထိ မြင့်တက်သွားခြင်း ဖြစ်ပါသည်။ မလေးရှားမှ စားအုန်းဆီထုတ်လုပ်မှု သည် ဇန်နဝါရီလတွင် ဒီဇင်ဘာလထက် ၁၀-၁၄ ရာခိုင်နှုန်း လျော့နည်းခဲ့သည်ဟု သိရပါသည်။
စိုက်ခင်းများတွင် လုပ်သားမရှိသည့်ပြဿနာသည် ဧပြီလအထိ ကြာရှည်နေဦးမည်ဟု ခန့်မှန်းထားသော်လည်း ရွှေ့ပြောင်းလုပ်သား များသည် ကိုဗစ်ရောဂါဖြစ်ပွားမှု ကျဆင်းလာသဖြင့် ဧပြီလထဲတွင်ပင် အများအပြား ပြန်လည်ဝင်ရောက်လာသဖြင့် မလေးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှုမှာ ၈ ရာခိုင်နှုန်းအထိပင် မြင့်တက်ခဲ့သည်ဟု သိရပါသည်။ ထို့ အပြင် ကိုဗစ်ရောဂါနှင့် ပတ်သက်သော ကျန်းမာရေး ဆိုင်ရာ ကန့်သတ်ချက်များကိုလည်း ဖြေလျှော့လာသဖြင့် ကုန်စည် ပြပွဲကြီးများကိုပင် ပြန်လည်ကျင်းပလာနေကြောင်း တွေ့ရှိရသဖြင့် မလေးရှား၏ ကုန်ထုတ်လုပ်မှုအသီးသီးသည် မြင့်တက်လာမည်ဟု ခန့်မှန်းရပါသည်။
ထို့အပြင် ကမ္ဘာ့စားအုန်းဆီတင်ပို့သော နိုင်ငံများကိုကြည့်လျှင် အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်း၊ မလေးရှားမှာ ၂၆ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံမှာ ၄ ရာခိုင်နှုန်း၊ ကိုလံဘီယာ နိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့မှာ ၂ ရာခိုင်နှုန်းခန့်စီ ရှိကြပါသည်။ တင်သွင်းမှုအပိုင်းကို ကြည့်မည်ဆိုပါက ၂၀၁၈ ခုနှစ်တွင် ကမ္ဘာပေါ်၌ စားအုန်းဆီ (HS code 151190) တင်သွင်းသည့် နိုင်ငံများကို အများဆုံးမှ စတင်ပြောမည်ဆိုပါက တရုတ်နိုင်ငံသည် တင်သွင်းမှု အများဆုံးဖြစ်ပါသည်။ တင်သွင်းမှုတန်ဖိုးစုစုပေါင်း၏ ၃၀ ဒသမ ၃ ရာခိုင်နှုန်းကို တင်သွင်းသည်ဟု ဆိုပါသည်။ တန်ဖိုးအားဖြင့်ဆိုလျှင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၁ ဘီလီယံအထိ ရှိပါသည်။
ဒုတိယအများဆုံးမှာ ပါကစ္စတန်နိုင်ငံဖြစ်ကာ ၁ ဒသမ ၉၉ ဘီလီယံဖိုးတင်သွင်းပြီး တင်သွင်းမှုစုစုပေါင်း၏ ၁၄ ဒသမ ၆၆ ရာခိုင်နှုန်းအထိရှိသည်ဟုဆိုပါသည်။ တတိယနိုင်ငံမှာ အမေရိကန် ပြည်ထောင်စုဖြစ်ပြီး ၁ ဒသမ ၀၈ ဘီလီယံဖိုးတင်သွင်းကာ တင်သွင်း မှု စုစုပေါင်း၏ ၇ ဒသမ ၉၅ ရာခိုင်နှုန်းရှိပါသည်။ အဆင့် ၄ တွင် အီဂျစ်နိုင်ငံရှိပြီး ဒေါ်လာ ၇၃၁ ဒသမ ၀၇ သန်းဖိုးတင်သွင်းကာ တင်သွင်းမှုစုစုပေါင်း၏ ၅ ဒသမ ၃၉ ရာခိုင်နှုန်း ရှိသည်ဟုဆိုပါသည်။ အီတလီနိုင်ငံသည် အမေရိကန်ဒေါ်လာ ၆၅၉ ဒသမ ၈ သန်းဖိုး တင်သွင်းပြီး တင်သွင်းမှုစုစုပေါင်း၏ ၄ ဒသမ ၉ ရာခိုင်နှုန်း ရှိပါသည်။
မြန်မာနိုင်ငံသည် ဒေါ်လာ ၆၄၅ ဒသမ ၂၅ သန်းဖိုးတင်သွင်းပြီး တင်သွင်းမှုစုစုပေါင်း၏ ၄ ဒသမ ၈ ရာခိုင်နှုန်းရှိပါသည်။ အဆင့် အနေဖြင့် (၆) တွင်ရှိပါသည်။ မြန်မာနိုင်ငံနောက်တွင် ဂျပန်၊ ဘယ်လ်ဂျီယံနှင့် ဂျာမနီတို့ အဆင့်ဆင့်ရှိပါသည်။ အထက်ပါနိုင်ငံ များမှာ သန့်စင်ပြီး စားအုန်းဆီတင်သွင်းမှု အများဆုံးနိုင်ငံများဖြစ်ပါ သည်။ များသောအားဖြင့် အဆိုပါနိုင်ငံများသည် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ အများဆုံးတင်သွင်းကြပြီး မြန်မာနိုင်ငံကမူ အင်ဒိုနီးရှားနိုင်ငံမှ အများဆုံးတင်သွင်းသည်ကို တွေ့ရပါသည်။
အင်ဒိုနီးရှားနိုင်ငံ၏ တင်ပို့မှုကန့်သတ်ချက်တွင် မြန်မာနိုင်ငံမှ တင်သွင်းသည့် သန့်စင်ပြီး စားအုန်းဆီပါဝင်နေသဖြင့် မြန်မာ့တင်သွင်း သူများသည် အခြားနိုင်ငံများမှတင်သွင်းရန် စီစဉ်ခြင်းများဆောင်ရွက် ရမည်ဖြစ်ပါသည်။ အထူးသဖြင့် မလေးရှားနှင့် အိမ်နီးချင်းနိုင်ငံဖြစ် သော ထိုင်းနိုင်ငံတို့မှ တင်သွင်းရေးဆောင်ရွက်သင့်သည်ဟု ထင်မြင်မိ ပါသည်။ နိုင်ဂျီးရီးယားနိုင်ငံကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။ ထို့အပြင် အခြားသော နေကြာဆီ၊ ပဲပုပ်ဆီ၊ ကင်နိုလာဆီ စသည် များကို ပိုမိုတင်သွင်းခြင်းလည်း ဆောင်ရွက်နိုင်ပါသည်။
ပြည်တွင်းစားအုန်းဆီဈေးကွက်
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက် စနေနေ့တွင် ရန်ကုန်မြို့၏ စားအုန်းဆီပေါက်ဈေးမှာ တစ်ပိဿာလျှင် မြို့တွင်းနှင့် သီလဝါ ကန်တင်ဈေးများမှာ ကျပ် ၄၉၅၀ ဖြစ်ပါသည်။ စားအုန်းဆီဈေးနှုန်း များသည် နိုင်ငံခြားဈေးနှုန်းနှင့် သယ်ယူပို့ဆောင်ခများ ကြီးမြင့်ခြင်း အပေါ်အခြေခံပြီး ပြည်တွင်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၅၀၀၀ နီးနီးသို့ နောက်ပိုင်းတွင် ရောက်ရှိလာခဲ့ပါသည်။ စားအုန်းဆီဈေးသည် ဧပြီလအတွင်းတွင် ဆက်လက်မြင့်တက်လာ သော်လည်း ၂၅-၄-၂၀၂၂ တွင် ကန်ထုတ်ဈေးမှာ ကျပ် ၅၆၂၀ ဖြစ် သည်ကို တွေ့ရပါသည်။
ဧပြီလအတွင်းတွင် စားအုန်းဆီဝင်ရောက်မှုမှာ ပုံမှန်အတိုင်းသာ ဖြစ်ပြီး စားသုံးဆီကုမ္ပဏီများရှိ ဆီလက်ကျန်များမှာ မေလကုန် အထိပင်လောက်သော အခြေအနေရှိသည်ဟု သိရပါသည်။ စားအုန်းဆီကို ဈေးနည်းသဖြင့်သာ စားသုံးနေကြသော်လည်း မြန်မာတို့၏စိတ်ရင်းမှာ မြေပဲဆီစားလိုစိတ်သာများသဖြင့် ယခုကဲ့သို့ စားအုန်းဆီဈေးများ မြင့်တက်လာချိန်တွင် မြေပဲဆီအပါအဝင် ပြည်တွင်းထုတ် စားသုံးဆီများကို ပိုမိုစားသုံးနိုင်ရေး ပြည်တွင်း ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သူများ၊ ဆီစက်ပိုင်ရှင်ကြီးများ၊ ဆီလုပ်ငန်းရှင်ကြီးများက ပူးပေါင်းပြီး အလျင်အမြန်ထုတ်လုပ်သင့် ပါသည်။ မြန်မာနိုင်ငံအတွက် အားသာချက်တစ်ခုမှာ ပြည်တွင်းတွင် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ပြီး မြေပဲဆီ၊ နှမ်းဆီစသော Virgin oil ကြိတ်ခွဲထုတ်လုပ်နိုင်သည့် ဆီစက်များလည်းရှိသဖြင့် ပြည်တွင်းလိုအပ်ချက်ကို အဆိုပါ မြေပဲဆီ၊ နှမ်းဆီများမှလည်း ကောင်းစွာဖြည့်ဆည်းနိုင်မည့် အလားအလာရှိပါသည်။ အင်ဒိုနီးရှား နိုင်ငံ၏ စားအုန်းဆီတင်ပို့မှုကန့်သတ်ခြင်းသည် မြန်မာ့စားသုံးဆီ လိုအပ်ချက်ကို ထိခိုက်ဖွယ်ရာမရှိဟု ယူဆရပါသည်။
ထို့အပြင် နေကြာကို အများအပြား စိုက်ပျိုးထုတ်လုပ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသဖြင့် ပြည်ပမှတင်သွင်းရသည့် စားသုံးဆီများကို ပြည်တွင်းမှစားသုံးဆီများဖြင့် အစားထိုးပြီး စားသုံးရေးကို ယခုကဲ့သို့ ပြည်တွင်းထုတ်ဆီနှင့် ပြည်ပတင်သွင်းဆီများ ဈေးအဆများစွာ ကွာခြားခြင်းလည်းမရှိချိန်တွင် ပြည်တွင်းမှ ဆီထုတ်လုပ်မှုများကို အလေးထားပြီး အမြောက်အမြား ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ တင်သွင်းခြင်းများကို အထူးဂရုပြုရန် လိုအပ်မည်မထင်ပါ။
ထို့အပြင် စားအုန်းဆီဈေးများ မြင့်တက်မှုကို အကောင်းအမြင် (Optimism)၊ ကျန်းမာရေးအမြင်ရှုထောင့်တို့ဖြင့် ကြည့်မည်ဆိုပါက ဆီလျှော့စားသုံးခြင်းဖြင့် မိသားစုထွက်ငွေကို လျှော့ချနိုင်မည်ဖြစ်ပါ သည်။ ယခင်က လူတစ်ဦးလျှင် တစ်နေ့ဆီ သုံးကျပ်သားခန့်စားသည်ကို ယခု တစ်ကျပ်သားနှင့်အောက်သာ စားမည်ဆိုပါက မိသားစု ကုန်ကျစရိတ်ကို ထိန်းနိုင်သကဲ့သို့ မိသားစုကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူဖြစ်နိုင်ပါသည်။ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှု မြင့်တက်လာသည်ဆိုပါက စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး စားသုံးဆီတင်သွင်းမှု လျှော့ချနိုင်မည်ဆိုပါက နိုင်ငံ၏စားသုံးဆီတင်သွင်းရန်အတွက် နိုင်ငံခြားငွေလိုအပ်ချက်ကို လည်း လျှော့ချနိုင်မည်သာ ဖြစ်ပါသည်။
အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီတင်ပို့မှု ကန့်သတ်ချက်ဖြစ်ပေါ် သည်ကို အခွင့်ကောင်းယူပြီး ဈေးကစားခြင်းများ မဆောင်ရွက်ရန် လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အရေးကြီး ကုန်စည်ဥပဒေဖြင့် စားသုံးဆီသိုလှောင်ရောင်းဝယ်သူ များနှင့်စားသုံးဆီလုပ်ငန်းရှင်များကို သတိပေးထားသည်ကိုလည်း တွေ့ရှိရပါသည်။ ထို့ကြောင့် ပြည်တွင်းစားသုံးဆီထုတ်လုပ်သူများအနေဖြင့် ယခုကာလအတွင်း စားဆီများကို အလျင်အမြန်နှင့် ကောင်းကောင်းထုတ်ပေးပါ။ ဆီလုပ်ငန်းရှင်ကြီးများအနေဖြင့် စားသုံးသူများအကျိုးအတွက် ဈေးကစားခြင်းမပြုပါရန်နှင့် စားသုံးသူ များအနေနှင့်လည်း မလိုအပ်ဘဲ ဈေးကြီးပေးဝယ်ခြင်း၊ သင့်တော်သည့် ပမာဏထက် ပိုမိုဝယ်ယူခြင်း၊ ပြည်ပမှတင်သွင်းဆီထက် ပြည်တွင်း ထုတ်စားသုံးဆီများကို ပိုမိုအားပေးခြင်းများ ပြုလုပ်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်ခင်ဗျာ။ ။
- Log in to post comments