အနာဂတ်မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုနိုင်ငံတော်ကို လက်ဆင့်ကမ်းနိုင်ရမည်ဖြစ်သဖြင့် ငြိမ်းချမ်းရေးရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်

 

နေပြည်တော်   ဇွန်     ၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင် သည့်  ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား   ယနေ့  နံနက်ပိုင်းတွင် နေပြည်တော်ရှိ  ဘုရင့်နောင်ရိပ်သာ  ဧည့်ခန်းမဆောင်၌   တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။

 


အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး   အမျိုးသားဒီမို ကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)မှ ဒုတိယဥက္ကဋ္ဌနှင့်အတူ
ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ အထွေထွေ အတွင်းရေးမှူး   ဦးကြည်မြင့်၊   ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ အတွင်းရေးမှူး(၂) ဦးအားလူ နှင့်    ဆက်ဆံရေးနှင့်   ဆက်သွယ်ရေးဌာနကြီးမှူး         ဦးစိုင်းမောက်တို့ တက်ရောက်ကြသည်။

 


ရှင်းလင်းဆွေးနွေး


ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်   လက်နက်ကိုင် ပဋိပက္ခများကို  ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာနိုင်မှ သာလျှင်   ပြည်ထောင်စုကြီး  ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို   ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သည့် အခြေအနေများ၊     ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်နေချိန်တွင်လည်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့တွင် ရပ်တန့်နေ၍မရဘဲ စဉ်ဆက်မပြတ် တိုးတက်မှုရှိအောင် ဆောင်ရွက်နေရမည်ဖြစ်သည့် အခြေအနေများ၊   မိမိတို့အနေဖြင့်   တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များကို တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုနိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းနိုင်ရေး     ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရမည့်      အခြေအနေများ၊  ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီ စနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စု စနစ်   တည်ဆောက်ရေးဆိုင်ရာ   ကိစ္စရပ်များနှင့် ပတ်သက်၍    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်း ဆွေးနွေးပြောကြားသည်။ 

 


ထို့နောက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ် အဖွဲ့ NDAA(မိုင်းလား)မှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘောထား ကြီးစွာဖြင့် နိုင်ငံရေးဆွေးနွေးမှုမှတစ်ဆင့် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်နိုင် ရန်    အမြော်အမြင်ကြီးစွာ   ကမ်းလှမ်းခဲ့မှုအပေါ် NDAA(မိုင်းလား)အဖွဲ့မှ   ဝမ်းမြောက်ကြိုဆိုသည့် အခြေအနေများ၊  NDAA(မိုင်းလား)အဖွဲ့အနေဖြင့် နိုင်ငံတော်မှခွဲမထွက်ဘဲ  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို    စွဲမြဲစွာ ထိန်းသိမ်းလိုက်နာလျက်ရှိသည့် အခြေအနေများနှင့်   ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့်   ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထားတူညီ ချက်အမြင်များကို   ပြန်လည်ဆွေးနွေးပြီး   ဒေသခံ တိုင်းရင်းသားများ၏    စီးပွားရေး၊    ကျန်းမာရေး၊ ပညာရေးနှင့်   ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြသည်။ ယင်းနောက် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍  နှစ်ဖက်အမြင် များကို  ရင်းနှီးပွင့်လင်းစွာ   အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။ 

 


စုပေါင်းဓာတ်ပုံရိုက်


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့    NDAA (မိုင်းလား)မှ    ဒုတိယဥက္ကဋ္ဌနှင့်   အဖွဲ့ဝင်များအား  အမှတ်တရလက်ဆောင်ပစ္စည်းများ   ပေးအပ်ရာ NDAA(မိုင်းလား)အဖွဲ့မှ    ဒေသထွက်လက်ဆောင် ပစ္စည်းများကို  ပြန်လည်ပေးအပ်ခဲ့ပြီး   အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

 


အဆိုပါ  အမျိုးသားဒီမိုကရက်တစ်မဟာမိတ် အဖွဲ့ NDAA(မိုင်းလား)မှ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့သည်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့်   ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း   သတင်း ရရှိသည်။


သတင်းစဉ်