
နေပြည်တော် မေ ၆
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များတွင် တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ် များကို ထည့်သွင်းသင်ကြားနိုင်ရေး သင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင် မူဝါဒချမှတ်နိုင်ရေး ညှိနှိုင်းအစည်း အဝေးကို နေပြည်တော် ရုံးအမှတ်(၃၅) သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပရာ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး)တို့မှ ပါမောက္ခချုပ်များ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က Video Conference စနစ် ဖြင့် တက်ရောက်ကြသည်။
ဝန်ကြီးဌာနမှ မူဝါဒချမှတ်ပေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကားပြောကြားရာတွင် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များတွင် တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များကို ထည့်သွင်း သင်ကြားနိုင်ရေး သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် ဝန်ကြီးဌာနမှ မူဝါဒချမှတ်ပေးရန်ဖြစ်ကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်များမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အထောက်အကူပြုစေရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)နှင့် (မန္တလေး) တို့တွင် သက်ဆိုင်ရာ တိုင်းရင်းသားနည်းပြများက အနှစ်သာရပြည့်ဝစွာ သင်ကြားပေးနိုင်ရေးအတွက် တိုင်းရင်းသား(၇)မျိုး အနက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) တွင် ကရင်၊ မွန်၊ ရခိုင် တိုင်းရင်းသား (၃)မျိုးတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များကို လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး)တွင် ကချင်၊ ကယား၊ ချင်း၊ ရှမ်း တိုင်းရင်းသား(၄)မျိုးတို့၏ ရိုးရာဂီတနှင့် အက ဘာသာရပ်များကိုလည်းကောင်း သင်ကြားပို့ချနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသား များတွင်လည်း တိုင်းရင်းသားမျိုးနွယ်စုခွဲများ များပြားစွာရှိသည့်အတွက် အကအားလုံးကို ထည့်သွင်းသင်ကြားပေးရန် အဆင်မပြေနိုင်ပါ ကြောင်း၊ ထို့ကြောင့် သင်ကြားပေးရမည့် တိုင်းရင်း သားရိုးရာဂီတနှင့် အကတို့ကို အတည်ပြုသတ်မှတ် နိုင်ရေး ဝန်ကြီးဌာနအနေဖြင့် မူဝါဒချမှတ်ပေးရန် လိုအပ်သည့်အတွက် ယခုအစည်းအဝေးကို ပြုလုပ် ရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းနှင့် တက်ရောက်လာကြသူများက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် များတွင် တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အက ဘာသာရပ်များကို ထည့်သွင်းသင်ကြားနိုင်ရေး အတွက် သင်ရိုးညွှန်းတမ်းရေးဆွဲရန်ကိစ္စကို ဝိုင်းဝန်း ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် စကားပြောကြားသည်။
နည်းပြများခန့်အပ်ရေး ဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော် တာဝန်ယူသည့်ကာလ၌ သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး) တို့တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား တို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များကို သက်ဆိုင်ရာ တိုင်းရင်းသားကျွမ်းကျင်ပညာရှင်များကိုယ်တိုင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်များ၌ သင်ကြားပို့ချနိုင်ရန်အတွက် စီစဉ် ဆောင်ရွက်လျက်ရှိပြီး အဆိုပါတိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမ များ ခန့်ထားရန်အတွက် ဝန်ထမ်းဖွဲ့စည်းပုံကိုလည်း တင်ပြခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်၍ သင်ရိုးညွှန်းတမ်းများ ရေးဆွဲပြဋ္ဌာန်းပြီးပါက တိုင်းရင်းသားရိုးရာဂီတနှင့် အကနည်းပြများ ခန့်အပ်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်