
မောင်ရွှေရိုး
(ယမန်နေ့မှအဆက်)
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမတိုင်မီအချိန် ကစ၍ အမျိုးသားရေးလှုပ်ရှားမှုများနှင့်အတူ နိုင်ငံ ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများပေါ်ပေါက် လာခဲ့ပါသည်။ သို့သော် ခေတ်စနစ်အမျိုးမျိုး ပြောင်းလဲခဲ့ရခြင်းကြောင့် နိုင်ငံရေးပါတီများ ဖျက်သိမ်းခဲ့ရသဖြင့် နိုင်ငံရေးပါတီများမှာ နှစ်ကာလ ကြာရှည်စွာ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ကွယ်ပျောက် ခဲ့ရသည်။ ယနေ့အချိန်ကာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရန် အတွက် နိုင်ငံရေးပါတီများကို ပြန်လည်မှတ်ပုံတင် ခွင့်ပြုခဲ့ပြီး ဖွဲ့စည်းထူထောင်ဆောင်ရွက်နေသည့် ကာလဖြစ်ပါသည်။ တစ်နိုင်ငံလုံးစည်းရုံးဆောင်ရွက် မည့်ပါတီ ကိုးပါတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် စည်းရုံးဆောင်ရွက်မည့်ပါတီ ၃၈ ပါတီ စုစု ပေါင်း ၄၇ ပါတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိ ပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများ ပေါ်ပေါက် လာခဲ့မှုသမိုင်းကို ပြန်လည်လေ့လာကြည့်လျှင် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ဘေးအန္တရာယ် ကျရောက်ခဲ့ပါက နိုင်ငံသားအားလုံး သွေးစည်း ဆောင်ရွက်ခဲ့သည့် အစဉ်အလာကောင်းများရှိခဲ့ ပါသည်။ ၁၉၃၀ ပြည့်နှစ်တွင် မြန်မာ့လူငယ် ခေတ်ပညာတတ် နိုင်ငံရေးသမား သခင်များသည် တကောင်းအဘိရာဇာ တို့ဗမာသီချင်းကြီးကို သီဆို ၍ လာမည့်ဘေး ပြေးတွေ့ဟူသည့် ကြွေးကြော်သံ ကို ဟစ်ကြွေးကာ တို့ဗမာအစည်းအရုံးကြီးကို စတင်ဖွဲ့စည်းခဲ့သည်။
တို့ဗမာအစည်းအရုံးကြီး ပေါ်ပေါက်လာရခြင်း သည် သာမန်ဖြစ်ရိုးဖြစ်စဉ်များမဟုတ် တိုင်းပြည် တွင် ကျရောက်နေသော ပကတိအခြေအနေများကို ဝင်ရောက်ဆောင်ရွက်ရန် သမိုင်း၏ တောင်းဆိုချက် အရသာ ထင်ရှားမှန်ကန်စွာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဝံသာနုဂျီစီဘီအေအဖွဲ့ချုပ်ကြီး (၁၉၁၉- ၁၉၂၉) အစိတ်စိတ်အမြွှာမြွှာကွဲပြားပြီး အရေးနိမ့် ခြင်း၊ ဆရာစံတောင်သူလယ်သမား လက်နက်ကိုင် တော်လှန်မှုကြီး (၁၉၃၀-၁၉၃၂) အရေးနိမ့်ခြင်း၊ (၁၉၂၉ - ၁၉၃၀) ကမ္ဘာ့အရင်းရှင်စီးပွားရေး ပျက်ပြားမှုကြီး ဖြစ်ပွားနေခြင်း၊ နယ်ချဲ့အစိုးရ ပယောဂဖြင့် ကုလား-မြန်မာ၊ တရုတ် - မြန်မာ လူမျိုးရေး အဓိကရုဏ်းဖြစ်လာခြင်း၊ တိုင်းပြည်တွင် နိုင်ငံရေးဇာတ်မျောပြီး နိုင်ငံရေးခေါင်းဆောင်မှု အဟောင်းတို့အပေါ် မျှော်လင့်အားကိုးရာမဲ့နေခြင်း၊ ဤသို့သော ကာလမျိုးတွင် သမိုင်း၏တောင်းဆိုချက် အရ “ဗမာ (မြန်မာ) ပြည်သည် တို့ပြည်၊ ဗမာ (မြန်မာ) စာသည် တို့စာ၊ ဗမာ (မြန်မာ) စကားသည်တို့စကား” ---- စသော ကြွေးကြော်သံများဖြင့် တို့ဗမာအစည်း အရုံးကြီးသည် ပေါ်ထွက်လာရခြင်းဖြစ်သည်။
ဘီအိုင်အေ တပ်မတော်ကြီးထူထောင်
စစ်ကြိုခေတ်တွင် တို့ဗမာအစည်းအရုံးကြီး သည် နယ်ချဲ့ပယောဂဖြင့် နှစ်ဂိုဏ်းကွဲခဲ့ရသော် လည်း စစ်ကြီးဖြစ်ခါနီးဆဲဆဲ လွတ်လပ်ရေးတိုက်ပွဲ ကြီး နီးလာသောအခါ ပြန်လည်သွေးစည်းကြပြီး ရဲဘော်သုံးကျိပ်ကိုပင်ဖွဲ့စည်းကာ ဘီအိုင်အေ တပ်မတော်ကြီးထူထောင်၍ လွတ်လပ်ရေးတိုက်ပွဲ ဝင်နိုင်ခဲ့ကြခြင်းသည် အမျိုးသားညီညွတ်ရေး လမ်းစဉ်၏ “စံ” တစ်ခုဖြစ်ခဲ့ပေသည်။ ထို့အပြင် စစ်ကြီးဖြစ်ခါနီး ၁၉၄၀ ပြည့်နှစ်တွင် တို့ဗမာ အစည်းအရုံးကြီး၏ ကိုယ့်မင်းကိုယ်ချင်းအဖွဲ့က ကမ ကထပြု နှိုးဆော်စည်းရုံးနိုင်ခြင်းဖြင့် ဗြိတိသျှအစိုးမိုး ခံ ဥပဒေပြုလွှတ်တော်တွင် အမျိုးသားလွတ်လပ်ရေး အဆိုကို ထူးခြားစွာ စတင်၍တောင်းဆိုခဲ့သည်။ မြန်မာပြည်၏ ဥပဒေခြေလှမ်းတစ်ရပ်ဖြစ်ခဲ့ပေ သည်။ ၎င်းလှုပ်ရှားမှုနှင့် မရှေးမနှောင်းပင် တို့ဗမာ အစည်းအရုံးကြီးသည် အနာဂတ် အမျိုးသား လွတ်လပ်ရေးခြေလှမ်းအတွက် အမျိုးသားညီညွတ် ရေးတပ်ပေါင်းစုကြီးအဖြစ် “မြန်မာ့လွတ်လပ်ရေး ထွက်ရပ်ဂိုဏ်းကြီး”ကို တည်ထောင်ခဲ့ပေသည်။ ၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးအပြီး ၁၉၄၆ ခုနှစ်တွင် ကန်တော်ကြီး နေသူရိန်အမျိုးသားညီလာခံ ကြီးအပြီး၌ ဖဆပလအဖွဲ့ချုပ်ကြီးဟူ၍ အမျိုးသား လွတ်လပ်ရေးတိုက်ပွဲကြီး၏ နောက်ဆုံးအဆင့် အတွက် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားညီညွတ် ရေးတပ်ပေါင်းစုကြီးကို ထူထောင်ခဲ့ကြသည်။ ဤကဲ့သို့ အမျိုးသားညီညွတ်ရေးကို ထူထောင်နိုင်ခဲ့ ခြင်းသည် လွတ်လပ်ရေးကြိုးပမ်းမှုတွင် အရေးကြီး ဆုံးသော ဆောင်ရွက်ချက် သမိုင်းတစ်ကွေ့မှတ်တမ်း (Historical Turning Point) ဖြစ်ခဲ့လေသည်။
မြန်မာပြည်၏ နိုင်ငံရေးသမိုင်းတွင် အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုများနှင့် လူထုလူတန်းစား စည်းရုံးလှုပ်ရှားမှုများကို တို့ဗမာအစည်းအရုံးကြီး သည် ထူးခြားစွာ ကိုင်တွယ်လမ်းညွှန်ခဲ့ပေသည်။ တို့ဗမာအစည်းအရုံးခေတ်ရောက်မှသာ နိုင်ငံလုံး ဆိုင်ရာ လူထုလူတန်းစားအဖွဲ့အစည်းကြီးများ ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။ သာဓကအားဖြင့် နိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး ကြီး၊ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားအစည်းအရုံး များ အဖွဲ့ချုပ်၊ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၊ ၁၃၀၀-ပြည့် အရေးတော်ပုံကာလအတွင်း လူထုလူတန်းစားအဖွဲ့အစည်းများ မြောက်မြားစွာ ပေါ်ထွက်လှုပ်ရှားခဲ့ကြသည်။ အိမ်တွင်းပုန်း ပညာ တတ်မြန်မာအမျိုးသမီးများတွင် ဗမာ (မြန်မာ) ပြည်လွတ်လပ်ရေး အမျိုးသမီးအစည်းအရုံးကြီးဟု ပေါ်ထွက်ခဲ့သည်။
မြန်မာပြည်၏ နိုင်ငံရေးသမိုင်းတွင် တို့ဗမာ အစည်းအရုံးမတိုင်မီက ပေါ်ပေါက်ခဲ့သော နိုင်ငံရေး အဖွဲ့အစည်းများသည် နိုင်ငံရေးဝါဒနှင့်လမ်းစဉ်ဟူ၍ သီးခြားသတ်မှတ် ပိုင်းခြားပြဋ္ဌာန်းထားခြင်း မရှိခဲ့ ပေ။ တို့ဗမာအစည်းအရုံးခေတ်တွင်မူကား “တို့ဗမာ ဝါဒနှင့်လမ်းစဉ်” ဟူ၍ စနစ်တကျသီးခြားပြဋ္ဌာန်းပြီး လုပ်ဆောင်ခဲ့သည်ကိုလေ့လာတွေ့ရှိရသည်။
နိုင်ငံအကျိုးအတွက် အသက်ကို သစ္စာပြုခဲ့ကြ
တို့ဗမာအစည်းအရုံးကြီး၏ အလွန်ခေတ်မီ ဆန်းသစ်သော နိုင်ငံရေးလုပ်နည်းလုပ်ဟန်များ၊ လူထုအားကောင်းစွာ ဆွဲငင်နိုင်သော ကြွေးကြော်သံ များ၊ ပြောဟန်ဟောဟန် ရေးသားဝါဒဖြန့်ချိခြင်း များက တို့ဗမာသီချင်းကြီးနှင့်တကွ ဇာတိမာန် သီချင်းများကို ရေးစပ်ပြုစု၍ နိုင်ငံရေးယဉ်ကျေးမှုနှင့် စည်းကမ်းဓလေ့များကိုပါ ထူထောင်ပေးခဲ့သည်။ ယုတ်စွအဆုံး တို့ဗမာသခင် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံရာတွင် ညာဘက်လက်ရုံး လက်သီးဆုပ်ကို ဆန့်တန်း၍ “ဟေ့---တို့ဗမာ၊ ဟေ့---တို့ဗမာ” ဟု ပြန်လှန်နှုတ်ဆက်ကြသည်အထိ တီထွင်ကျင့်ဆောင် ခဲ့ကြသည်။ တို့ဗမာအစည်းအရုံးကြီးသည် လွတ်လပ်ရေးနှင့်အတူ အချုပ်အခြာအာဏာနှင့် တကွ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ရင်း မြေကတုတ်လုပ်၍ သစ္စာရှိစွာကာကွယ်ရန် ကြည်း၊ ရေ၊ လေတပ်များ အပါအဝင် မြန်မာ့ တပ်မတော်ကြီးကို စတင်အုတ်မြစ်ချ ဖွဲ့စည်းနိုင်ခဲ့ပါ သည်။ တို့ဗမာအစည်းအရုံးကြီး၏ မျိုးချစ်နိုင်ငံရေး သမားသခင်များသည် ပြည်သူလူထုအကျိုးအတွက် လွတ်လပ်ရေးကို မဖြစ်မနေရယူရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာမျိုးချစ်လူငယ်များသည် မြန်မာ့တပ်မတော်ကို စတင်ထူထောင်ဖွဲ့စည်းပြီး ယင်းတို့ကိုယ်တိုင် တပ်မတော်သားများအဖြစ် ဝင်ရောက်ဆောင်ရွက်ခဲ့ ကြသည်။ နိုင်ငံအကျိုးအတွက် လိုအပ်လျှင် အသက် ကို ပေးဆပ်မည့်သူများအဖြစ် သစ္စာပြုခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက် ကိုလိုနီ နိုင်ငံများမှာ လွတ်လပ်ဖွံ့ဖြိုးစနိုင်ငံများအဖြစ် ပေါ်ပေါက်လာကြပါသည်။ ထိုနိုင်ငံများအနက် “ဒီမိုကရေစီရေးနှင့် အမျိုးသားညီညွတ်ရေး” ကို ကောင်းစွာတည်ဆောက်နိုင်သောနိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်နိုင်ကြပြီး မတည်ဆောက်နိုင်သောနိုင်ငံများမှာ မတည်ငြိမ် မှုများ၊ အမျိုးသားချင်းပဋိပက္ခများဖြင့် နိုင်ငံရေး၊ စီးပွားရေးဇာတ်မျောကာ ပြည်တွင်းလက်နက်ကိုင် တိုက်ခိုက်မှုများအထိ ရင်ဆိုင်ကြရလေသည်။ မြန်မာပြည်၏ လွတ်လပ်ရေးသက်တမ်း ခုနစ်ဆယ် ကျော်ကာလတစ်လျှောက်တွင်လည်း ထိုအချက်ကို သက်သေခံခဲ့ပေသည်။
မြန်မာ့မျိုးဆက်သစ်လူငယ်များသည် အရှိန် အဟုန်ဖြင့် ပြောင်းလဲလာနေသော ကမ္ဘာကြီး၏ ပြဿနာအရပ်ရပ်ကို ရဲရင့်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကျဉ်းမြောင်းသော လူမျိုးရေးတရားကို အခြေခံ သည့် လူမျိုးရေးစိတ်ဓာတ်မျိုးထက် တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး၊ လူထုကြီးတစ်ရပ်လုံးအတွက် ထာဝရအင်အားကြီးမားသော ငြိမ်းချမ်းရေး၊ ဒီမို ကရေစီရေး၊ အမျိုးသားညီညွတ်ရေး၊ အမျိုးသား စီးပွားထူထောင်ရေး၊ ကမ္ဘာ့မိသားစုနိုင်ငံများနှင့် ရင်ပေါင်တန်း၍ တန်းတူရည်တူ အကျိုးတူဆက်ဆံ နိုင်ရေးမူကြီးများအပေါ် အခြေခံ၍ ကျယ်ပြန့် လေးနက်သည့် နိုင်ငံရေးအသိစိတ်ဓာတ်မျိုး၊ ခေတ်နောက်ပြန်ဆွဲအတွေးအခေါ်များကို ခဝါချ၍ တိုးတက်သော နိုင်ငံရေးအတွေးအခေါ်အမြော်အမြင် မျိုး၊ ဘဝတူပြည်သူများနှင့် ချစ်ကြည်သွေးစည်းရေး စိတ်ဓာတ်မျိုး အမှန်ပင်လိုအပ်ပေသည်။
ယနေ့အချိန်အခါသည် စစ်မှန်၍စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရန် နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ရှေ့လုပ်ငန်းစဉ်များအဖြစ် ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန် အတွက် ဦးတည်ချက်ထားရှိပြီးဖြစ်ပါသည်။ ပါတီစုံ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရန်မှာ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေဆောင်ရွက်ရ မည်ဖြစ်ပါသည်။ ဆောင်ရွက်ရန်အတွက်လည်း အခိုင်အမာသန္နိဋ္ဌာန်ချမှတ်ပြီးဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်း ရေးရရှိရန်မှာ မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါ သည်။ NLD ပါတီ၏ မဲမသမာမှု ဆောင်ရွက်ချက် များကြောင့် နိုင်ငံရေးအရဖြစ်ပေါ်လာသည့်ပြဿနာ များကို လက်နက်ကိုင်နည်းလမ်းနှင့် ဖြေရှင်း ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားဒေသများနှင့် ပြည်နယ်၊ တိုင်းဒေသကြီးအချို့တွင် လက်နက်ကိုင် သောင်းကျန်းမှုများဖြစ်ပေါ်ခဲ့ရပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသများတွင် မြန်မာနိုင်ငံ၏အချုပ် အခြာအာဏာနှင့် ပိုင်နက်နယ်မြေများကိုပါ ထိပါး စေနိုင်သည့်တိုက်ပွဲများ ဖော်ဆောင်လာသည့်အပြင် အမျိုးဘာသာသာသနာကိုပါ စော်ကားလာသည့် ဆောင်ရွက်မှုများ ရှိလာခဲ့ပြီးဖြစ်ပါသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်ဒေသ MNDAA နှင့် TNLA သောင်းကျန်းသူများအနေဖြင့် လက်နက်ကိုင် သောင်းကျန်းမှုများမှ မြန်မာနိုင်ငံ၏ပိုင်နက် နယ်မြေလုယက်မှုများအထိ ဆောင်ရွက်ခဲ့ကြပြီး မြန်မာတစ်မျိုးသားလုံး အမြတ်တနိုးထားသည့် စေတီနှင့် ဆင်းတုတော်များကို ဖျက်ဆီးခြင်းများ သည် မြန်မာလူထုတစ်ရပ်လုံးကို စော်ကားခြင်း ဖြစ်ပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် စိတ်မချမ်းမြေ့စရာဖြစ်ရပ်မျိုးအထိ ဆောင်ရွက်လာ ကြသည်ကို တွေ့မြင်နေရပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီ ၃၉ ပါတီမှ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မိမိတို့အစိုးရ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ကို ကျင်းပပြီး အနိုင်ရသည့်ပါတီကို နိုင်ငံတော် တာဝန် ပြန်လည်လွှဲပြောင်းပေးနိုင်ရေးပင် ဖြစ်ကြောင်း၊ သို့သော် နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းဘဲ အကြမ်းဖက် မှုနည်းလမ်းများဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာမှု များကြောင့် နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ရကြောင်း၊ တစ်ဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ပွဲလန့်တုန်းဖျာခင်းဆိုသကဲ့သို့ အကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပုံဖော်လုပ်ဆောင်လာခဲ့သဖြင့် ယခုအချိန်ထိ အချို့နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ အကြမ်းဖက်တိုက်ခိုက် မှုများ လျော့နည်းပပျောက်ရေး တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီအားလုံး သည် ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်သည့်သူများ ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ပါတီဝင်များအနေဖြင့် လည်း ပါတီ၏အမာခံများဖြစ်သကဲ့သို့ ဒီမိုကရေစီ၏ အမာခံများဖြစ်ရန် လိုအပ်ပြီး ပါတီများ၏ အင်အားကို နိုင်ငံတော်အတွက် အကျိုးရှိရှိမှန်မှန်ကန်ကန်ဖြင့် အသုံးချနိုင်ရန်လိုကြောင်း၊ ထို့အပြင် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေး အတွက် ပါတီဝင်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ကြရန်လိုကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်း ရန်အတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိရန် လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိရန် အားလုံး ပါဝင်သည့် ပြည်သူ့လုံခြုံမှုစနစ်ဖြင့် ဆောင်ရွက်သွား ရန်လိုကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ဖြစ်ပေါ် လာသည့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်း သူများ၏ လုပ်ရပ်များကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများရှိသကဲ့သို့ အသက်အိုးအိမ်စည်းစိမ်များ လည်း ထိခိုက်ခဲ့ရကြောင်း၊ နိုင်ငံရေးပါတီများအနေ ဖြင့် သဘောကွဲလွဲမှုများ၊ အားနည်းမှုများကို သိရှိ နားလည်ထားရန် လိုအပ်ပြီး ပါတီမူဝါဒလုပ်ငန်းစဉ် များကို တိကျခိုင်မာစွာ ချမှတ်ထားရန်လိုကြောင်း၊ ထို့နောက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ များကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံအတွင်း ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်ရန် အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကို အားပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံ၏ ပညာရေးမြင့်မားရေးအတွက် နိုင်ငံရေးပါတီများ အနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့ ပါသည်။
ယနေ့ဖြစ်ပွားနေသော လက်နက်ကိုင် သောင်းကျန်းမှုများနှင့် PDF များ၏ အကြမ်းဖက် ဆောင်ရွက်မှုများသည် ပြည်သူလူထု၏ အသက် အိုးအိမ်များကို များစွာထိခိုက်ခဲ့သည့်အပြင် စားဝတ် နေရေးအတွက် လမ်းပန်းဆက်သွယ်ရေးအပါအဝင် အလုပ်အကိုင်ဆောင်ရွက်မှုများကို ထိခိုက်ခဲ့ရပါ သည်။ လူသတ်၊ ဆက်ကြေးတောင်း၊ ဂိတ်ကြေး ကောက်၊ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ် ကြသည့်အပြင် အပြစ်မဲ့ဝန်ထမ်းမိသားစုများနှင့် ကျောင်းဆရာ ဆရာမများကိုပါ သတ်ဖြတ် ခြိမ်းခြောက်ဆောင်ရွက်ခဲ့မှုများသည် အနာဂတ် မြန်မာနိုင်ငံတော်အတွက် မည်သို့မျှလက်ခံနိုင်စရာ အကြောင်းမရှိကြောင်း ထင်ထင်ရှားရှားတွေ့မြင်နေရပြီဖြစ်ပါသည်။ မလုံမခြုံဖြင့် ကုန်ဈေးနှုန်း ကြီးမြင့်လာမှုများကြောင့် စားဝတ်နေရေး အတိဒုက္ခ ရောက်ခဲ့ကြရပါသည်။ စစ်ပွဲဖြစ်ပွားသော ဒေသများ ရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများမှာ စစ်ဘေး ရှောင်ရင်း စစ်ဘေးဒုက္ခသည်များဖြစ်ခဲ့ရပါသည်။ EAO အဖွဲ့တချို့၏ ဆောင်ရွက်မှုများကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ထိခိုက်နိုင်သည့် အပြင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုပါ ထိပါးလာနိုင်သဖြင့် နိုင်ငံတော်အတွက် အရေးကြီး ဆုံးအချိန်အခါလည်းဖြစ်ပါသည်။ နိုင်ငံရေးပါတီများ အနေဖြင့် ပါတီဝင်အင်အားများကို စည်းရုံးပြီး ပါတီဝင်အမာခံများဖြင့် ပြည်သူ့လုံခြုံရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်ရမည့် အချိန်အခါလည်း ဖြစ်ပါသည်။ ပြည်သူလူထု၏ စားဝတ်နေရေးအတွက် ဦးစီးရှေ့ဆောင်ပြုကာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများတွင် တတ်နိုင်သမျှ ပါဝင် ဆောင်ရွက်သင့်ပါသည်။ ပြည်သူလူထုအခက်အခဲ တွေ့နေချိန်တွင် ပြည်သူလူထုနှင့်အတူ အေးအတူ ပူအမျှ ထဲထဲဝင်ဝင် စည်းရုံးဆောင်ရွက်ကြခြင်းဖြင့် မိမိပါတီ၏ အမာခံအင်အားများ တိုးပွားလာမည် ဖြစ်သလို ပြည်သူ၏ ထောက်ခံယုံကြည်မှုလည်း ရရှိလာမည်ဖြစ်ပါသည်။ နိုင်ငံရေးပါတီများသည် အသွင်သဏ္ဌာန် ကောင်းမွန်ရန်အတွက် ဥပဒေ ပြဋ္ဌာန်း၍ ဖွဲ့စည်းပုံပါတီဝင်အင်အား၊ ပါတီရုံးခန်း အဆောက်အဦ၊ ပါတီရန်ပုံငွေတို့ကို သတ်မှတ် ဆောင်ရွက်နိုင်သော်လည်း ပါတီ၏ မူဝါဒရည်မှန်း ချက်၊ လုပ်ဆောင်ချက်များ ကောင်းမွန်မှသာ အနှစ်သာရရှိပြီး ပြည်သူလူထုအားကိုးထောက်ခံ ယုံကြည်မှုဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်ပေသည်။ ယနေ့ခံယူကြရ မည့် အမျိုးသားရေးရည်မှန်းချက်မှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးပင်ဖြစ်သည့်အတွက် ပါတီဝင်များ၏ စည်းရုံးမှုမှ နိုင်ငံသားအားလုံး အမျိုးသားရေးတာဝန်ကြီး တစ်ရပ်အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရေး နိုင်ငံရေး ပါတီအားလုံးက ဝိုင်းဝန်းပါဝင်ဖော်ဆောင်ပေးကြ စေလိုပါကြောင်း တို့ဗမာအစည်းအရုံးကြီးကဲ့သို့ အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများကိုကြိုဆိုလိုက်ရပါသည်။ ။
ရည်ညွှန်းချက်များ
၁။ သခင်များနှင့် အမျိုးသားလွတ်လပ်ရေးကြိုးပမ်း မှုကြီး (၁၉၃၀-၁၉၄၈)၊ တက္ကသိုလ်စိန်တင်။
၂။ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ များအပေါ် လေ့လာခြင်း (ပထမတွဲ၊ ဒုတိယတွဲ)။
၃။ Ref; APORNRATH PHOONPHONGPHIPHAT, Nikkei staff writer August 23, 2023 Thailand’s new PM Srettha to lead next government; 5 things to know.
၄။ နှစ်တစ်ရာပြည့် တရုတ်ကွန်မြူနစ်ပါတီနှင့် အခြေမတည်နိုင်သေးသော ပါတီစနစ်အခြေခံ မြန်မာ့နိုင်ငံရေး(ဆောင်းပါး)။
၅။ ကမ္ဘာ့နိုင်ငံရေးပါတီစာတမ်းများ(ဦးမြသောင်း)။
- Log in to post comments