အမျိုးသားပြတိုက်(နေပြည်တော်၊ ရန်ကုန်)၊ ရှေးဟောင်းသုတေသနပြတိုက်များနှင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်၊ ရန်ကုန်) ဖွင့်လှစ်

 

နေပြည်တော်   အောက်တိုဘာ   ၂၉  


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည်  အများပြည်သူသို့  ပညာရပ်များ  ဖြန့်ဖြူးပေးခြင်းဖြင့် ယဉ်ကျေးမှု အသိစိတ်ဓာတ်များ ပေါ်ပေါက်ခိုင်မာ လာစေခြင်း၊ မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို   ထိန်းသိမ်း စောင့်ရှောက်စေလိုသည့်   စိတ်ဓာတ်များ   ပေါ်ပေါက်လာစေခြင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားမှုတို့ကို သိမြင်လာနိုင်စေခြင်း  စသည့် ရည်ရွယ်ချက်များဖြင့်  တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီးတွင် ပြတိုက်များ ဖွင့်လှစ်ထားရှိသည်။ 

 


ထိုနည်းတူ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနသည်လည်း အများပြည်သူများ  စာပေဖတ်ရှုလေ့လာနိုင်ရန် အတွက် အမျိုးသားစာကြည့်တိုက်(နေပြည်တော်) နှင့် အမျိုးသား စာကြည့်တိုက်(ရန်ကုန်)တို့ကို ဖွင့်လှစ်ထားရှိခဲ့သည်။

 


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ပြတိုက်များ နှင့် စာကြည့်တိုက်များအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း   တယ်လီဖုန်းမှတစ်ဆင့်   ဝန်ဆောင်မှုပေးခြင်းနှင့် Online မှတစ်ဆင့် ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

 


ယခုအခါ အဆိုပါ ပြတိုက်များနှင့် စာကြည့်တိုက်များကို နိုဝင်ဘာ  ၁ ရက်မှစ၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးစည်းမျဉ်းစည်းကမ်းများ၊ Standard Operating Procedure(SOP)နှင့်အညီ ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။ ပြတိုက်များကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ မှအပ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိလည်းကောင်း၊ အမျိုးသားစာကြည့်တိုက်များကို တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက်  ၉ နာရီခွဲမှ ညနေ ၄ နာရီအထိလည်းကောင်း ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။

 


စာကြည့်တိုက်ဝန်ဆောင်မှုများအနေဖြင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၏ Website ဖြစ်သော www.nlmnpt.gov.mm တွင်လည်းကောင်း၊   အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ၏ Website  ဖြစ်သော   www.nlm.gov.mm   တွင်လည်းကောင်း အမျိုးသားစာကြည့်တိုက်ပိုင်  စုဆောင်းထားရှိသော Digital စာစု များဖြစ်သည့် စာအုပ်၊ စာနယ်ဇင်း၊ ပေစာ၊ ပုရပိုက်စာ၊ သမိုင်းနှင့် ရှေးဟောင်းသုတေသနစာစုများ၊ အစိုးရထုတ်စာအုပ်များ၊ အာဆီယံ စာစုများ၊ ကမ္ဘာ့ကုလသမဂ္ဂစာစုများ၊ ရှားပါးစာစုများ၊ မြန်မာနိုင်ငံ အကြောင်းဆိုင်ရာ  အင်္ဂလိပ်စာအုပ်များ၊  သုတေသနစာတမ်းများ၊ မြန်မာနိုင်ငံ ပြန်တမ်းများစသည့် e-Resources များကို ဝင်ရောက် ရှာဖွေဖတ်ရှုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်