
နေပြည်တော် ဒီဇင်ဘာ ၃၀
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသား လွှတ်တော်ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသ ကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်များမှ ပညာရေးနှင့် သက်ဆိုင်သော ကိုယ်စားလှယ်များနှင့် ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ အွန်လိုင်းဖြင့် ပါဝင်ဆွေးနွေးကြ သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁ အရ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်း သား ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦး တစ်ယောက်မျှမကျန်ရစ်စေရေး၊ ကျောင်းထွက်သူမရှိရေး၊ သင်ယူမှုအခွင့်အလမ်းမဆုံးရှုံးစေရေးတို့သည် ပညာရေး ဝန်ကြီးဌာန၏ မူဝါဒများဖြစ်ပြီး မျှော်မှန်းရလဒ်များမှာ ကမ္ဘာ့လူသားကောင်းဖြစ်ရန်၊ ပူးပေါင်းဆောင်ရွက်တတ်ရန်၊ တာဝန်ယူ တာဝန်ခံတတ်ရန်နှင့် ဆန်းသစ်တီထွင်ဖန်တီး တတ်ရန်တို့ ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် များက ပူးပေါင်းဆောင်ရွက်ပေးမှုဖြင့် ပညာရေးအသုံးစရိတ် များ တိုးမြှင့်ပေးခြင်းကြောင့် တိုင်းရင်းသားဒေသများ ဦးစား ပေးပြီး လိုအပ်ချက်များဖြစ်သော ဆရာ၊ နည်းပညာနှင့် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးလျက်ရှိပါ ကြောင်း။
အခမဲ့ပုံနှိပ်ဖြန့်ဝေပေးရန်ဆောင်ရွက်
အခြေခံပညာသင်ရိုးညွှန်းတမ်း အညွှန်းဘောင်အရ ဒေသသင်ရိုးအဖြစ် သတ်မှတ်ထားသည့် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းတို့အတွက် တိုင်းရင်းသား ဘာသာစကား သင်ကြားရေးစာအုပ်များကို တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီများ၊ သက်ဆိုင်ရာ တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ပူးပေါင်းပြုစု၍ သင်ကြားသင်ယူပေးလျက်ရှိပြီး ပညာရေးဝန်ကြီးဌာနက အခမဲ့ပုံနှိပ်ဖြန့်ဝေပေးရန် ပူးပေါင်းဆောင်ရွက်လျက် ရှိပါ ကြောင်း၊ ဘာသာစကားသင်ဆရာများ၊ သင်ကြားရေး အထောက်အကူပြု နေ့စားလပေး ဆရာ ဆရာမများကို အရည်အချင်းသတ်မှတ်ချက်များအရ ခန့်ထားပေးခြင်း၊ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် တိုင်းရင်းသားဒေသခံ များကိုလည်း ပညာရေးဆိုင်ရာသင်တန်းများ၊ ပညာရေး ဒီဂရီကောလိပ်နှင့် တက္ကသိုလ်များသို့ တက်ရောက်ရန် အားပေးလျက်ရှိပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ်များရှိ တိုင်းရင်းသားဒေသခံ များကို ဦးစားပေး ရာထူးခန့်/ ပြောင်း/ တိုးနိုင်ရေးစနစ်ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒသမတန်း၊ ဧက ဒသမတန်း၊ ဒွါဒသမတန်းတို့တွင် ဒေသသင်ရိုးအဖြစ် အိုင်စီတီ၊ အိမ်တွင်းမှုသက်မွေးသင်တန်းနှင့် အကြိုသက်မွေး သင်တန်းတို့ကို သင်ကြားသင်ယူပေးနိုင်ရန် အခြေခံပညာ သင်ရိုးညွှန်းတမ်းအညွှန်းဘောင် သတ်မှတ်ချက်နှင့်အညီ အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊
ထိုသို့အားပေးမှုကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြီးမြောက်သူ ဦးရေတိုးမြင့်လာပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမဆုံးအကြိမ် အထက် တန်း ကျောင်းသားဦးရေ စုစုပေါင်း တစ်သန်းကျော်ရှိလာပြီး ၂၀၂၀ ပြည့်နှစ်တွင် သတ်မှတ်ချက် ခုနစ်ချက်နှင့် ပြည့်မီသူ ၅၆၆၂၇၄ ဦးကို အထက်တန်းသင်ယူပြီးမြောက်သည့် လက်မှတ်ပေးအပ်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ နိုင်ငံတကာသင်္ချာအိုလံပီယာ့ International Mathematical Olympiad တွင် အထက်တန်းကျောင်းသား များ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် Honorary Mention ခြောက်ခုရရှိရန် စွမ်းဆောင်နိုင်ခဲ့ပါကြောင်း။
အရှေ့တောင်အာရှ မူလတန်းသင်ယူတတ်မြောက်မှုဆန်းစစ်ချက် South-East Asia Primary Learning Matrix (SEA-PLM) သည် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများ၏ စာဖတ်စွမ်းရည်၊ အရေးစွမ်းရည်၊ အတွက်စွမ်းရည်နှင့် ကမ္ဘာ့လူသားကောင်းဖြစ်မှုတို့ကို စစ်ဆေးအကဲဖြတ်ခြင်းဖြစ်ပြီး မိဘ၊ ဆရာများ၊ ကျောင်းအုပ် များကိုလည်း စစ်ဆေးအကဲဖြတ်ပါကြောင်း၊ ယင်းစစ်ဆေး အကဲဖြတ်မှုတွင် အရှေ့တောင်အာရှနိုင်ငံ ၆ နိုင်ငံတွင် အဆင့် ၃ တွင်ရှိခြင်းနှင့် ကျား-မ၊ ကျေးလက်-မြို့ပြ၊ ဝင်ငွေနည်း-များ၊ စာသင်ခန်း-ကျောင်းသားအချိုး စသည် တို့တွင် ကွာဟမှုအနည်းဆုံးဖြစ်ခြင်းတို့သည် အားသာ ချက်များဖြစ်သော်လည်း ကျောင်းသား ကျောင်းသူများ တွင် အပြုသဘောဆောင်သည့် သဘောထားများနှင့် တန်ဖိုး ထားမှုများရှိရန်နှင့် မိဘများသည် ဆရာ ဆရာမနှင့် ပိုမို ပူးပေါင်းဆောင်ရွက်ခြင်းများတွင် အားကောင်းရန် လိုအပ် ပါကြောင်း။
ထို့ပြင် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု (IQ) နှင့် စိတ်ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူကို စာနာပေးနိုင်မှု (EQ) စသည့် ၂၁ ရာစုဆိုင်ရာ ကျွမ်းကျင်မှုများရရှိစေရန် အတွက် အခြေခံပညာကဏ္ဍ၊ နည်းပညာနှင့် သက်မွေး ပညာကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍတို့တွင် သင်ရိုး ညွှန်းတမ်းမြှင့်တင်ခြင်း၊ သင်ကြားသင်ယူမှုနည်းလမ်းများ သင်တန်းပေးခြင်း၊ စစ်ဆေးအကဲဖြတ်မှုပြောင်းလဲခြင်း၊ ဆရာ ဆရာမများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင် သတ်မှတ်ချက်နှင့်အညီ ဆရာ ဆရာမများ ကို ရာထူးခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်းနှင့် ရာထူးတိုးမြှင့် ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဆရာ ဆရာမ များ၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရာတွင် ကျွမ်းကျင်မှုများကို Reskilling လုပ်ခြင်း၊ Upskilling လုပ်ခြင်းတို့ဖြင့် စဉ်ဆက်မပြတ် အရည်အသွေးမြှင့်တင်မှု အခွင့်အလမ်းများအတွက် သင်တန်းများပေး၍ ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု အခြေအနေအရ နိုင်ငံတကာတွင် Massive Open Online Courses၊ Massive Open Online Distance Learning ကဲ့သို့ အခမဲ့သင်တန်းများသင်ယူရန် အခွင့်အလမ်းများ များပြားလာပြီး ပညာရေးဝန်ကြီးဌာနတွင်လည်း Myanmar Digital Education Platform - MDEP ဖြင့် သင်တန်းများ ဆောင်ရွက်ထားပါကြောင်း။
ထိုသို့ ပြည်တွင်းပြည်ပသင်တန်းများတွင် တစ်သက် တာ သင်ယူနိုင်ရန်အတွက် အင်္ဂလိပ်ဘာသာစကားနှင့် အိုင်စီတီကျွမ်းကျင်မှုသည် အခြေခံလိုအပ်ချက်ဖြစ်သဖြင့် အင်္ဂလိပ်ဘာသာစကား အရည်အချင်းမြှင့်တင်ခြင်းနှင့် အိုင်စီတီဆိုင်ရာသင်တန်းများ၊ စီမံခန့်ခွဲမှုသင်တန်းများ ဆောင်ရွက်ပေးရန် အရေးကြီးပါကြောင်း၊ ပြည်သူ့ဘဏ္ဍာကို ပွင့်လင်းမြင်သာ၍ အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုသင်တန်းများ ပေးခြင်း၊ ဒီဂျစ်တယ်/ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်း၊ အောင်လက်မှတ်ချီးမြှင့်ခြင်းနှင့် ဒီဂျစ်တယ်ဘဏ်စနစ် များကို ပံ့ပိုးဖြည့်ဆည်းပေးရန်နှင့် ပြည်တွင်းပြည်ပ ပညာသင်ဆုများရရှိရေး၊ အသုံးချသုတေသနများ၊ Quality Culture၊ အရည်အသွေးရှိ အချက်အလက်များဖြစ်ပေါ် လာရေး အားပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ပြည်သူ့ဘဏ္ဍာငွေများကို ပညာရေးရင်းနှီးမြှုပ်နှံမှု များဆောင်ရွက်ရာ၌ ပညာရေးဝန်ကြီးဌာနသည် မည်သည့် ပေးခြင်း၊ ယူခြင်းနှင့်အုပ်စုဖွဲ့ခြင်း၊ ဘက်လိုက်ခြင်းများကိုမျှ အားမပေးပါကြောင်း၊ ပညာရေးအသုံးစရိတ်များကို ပွင့်လင်းမြင်သာစွာ၊ အကျိုးရှိထိရောက်စွာ အသုံးပြုလျက် Value for money အဓိကဦးစားပေးရန် အရေးကြီးပါ ကြောင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့် စာရင်းစစ်စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
သင်ယူမှုအခွင့်အလမ်းများ ပံ့ပိုးပေး
ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာ တွင် သင်ယူခြင်းသည် တန်ဖိုးမဖြတ်နိုင်သော အနန္တ ရတနာသိုက်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသားပညာ အရည်အချင်းမူဘောင်သည် တစ်သက်တာသင်ယူမှု အတွက် အရေးကြီးပါကြောင်း၊ မူလတန်းသင်ယူပြီးမြောက် လျှင် Level – 1 ဖြစ်ပါကြောင်း၊ အလယ်တန်းသင်ယူပြီး မြောက်လျှင် Level – 2 ဖြစ်ပါကြောင်း၊ အထက်တန်း သင်ယူပြီးမြောက်လျှင် Level – 3 ဖြစ်ပါကြောင်း၊ Level– 4 သည် Short Cycle တစ်နှစ်အထိ သင်တန်းလေးများ ဖြစ်ပြီး တက္ကသိုလ်တိုက်ရိုက်တက်၍ မရသော်လည်း Level – 5 ကို သွားလို့ရပါကြောင်း၊ Level – 5 သည် Short Cycle တစ်နှစ်ကနေ နှစ်နှစ်အထိရှိသည့် ဒီပလိုမာသင်တန်း၊ အဆင့်မြင့်ဒီပလိုမာသင်တန်းများဖြစ်ပြီး သတ်မှတ်အရည် အချင်းနှင့် ကိုက်ညီပါက Level - 6 သို့ ဆက်လက်ကူးပြောင်း သင်ယူလို့ရပါကြောင်း၊ Level – 6 သည် Bachelor Degree ဖြစ်ပြီး Level – 3 မှ Level – 4 နဲ့ Level – 5 ကို ခုန်ကျော်ပြီး Level – 6 သို့ တိုက်ရိုက်တက်ရောက် ပညာသင်ယူနိုင်ရန်မှာ အင်္ဂလန်တွင် GCE- A စာမေးပွဲ၊ USA တွင် SAT၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံတွင် ဂေါင်းဂေါင်၊ ဂျပန်တွင် National Examination ကဲ့သို့ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသည် Level – 3 မှ Level – 6 တက္ကသိုလ်သို့ တိုက်ရိုက်ခုန်တက်နိုင်ရေး ကျောင်းသား ကျောင်းသူ အားလုံးအတွက် တရားမျှတသော စစ်ဆေးအကဲဖြတ်ခြင်း ဖြစ်ပါကြောင်း၊ Level – 7 သည် မဟာဘွဲ့သင်တန်းဖြစ်ပြီး Level – 8 သည် ပါရဂူဘွဲ့သင်တန်းဖြစ်ပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မသင်မနေရ အခြေခံပညာရေးအဆင့် ပေါ်မူတည်ပြီး Level အဆင့်သတ်မှတ်ချက်မတူညီသဖြင့် ဂုဏ်သိက္ခာရှိသော ကောင်းမွန်သည့်အလုပ်အကိုင်များ ရရှိ ရန်အတွက် Level သတ်မှတ်ချက်နှင့်အညီ တစ်သက်တာ သင်ယူမှုအခွင့်အလမ်းများ ပံ့ပိုးပေးရန်သည် အရေးကြီးပါ ကြောင်း။
နည်းပညာခေတ်တွင် ဉာဏ်ရည်တု၊ စက်ရုပ်တီထွင် အသုံးချမှုပညာ၊ Cloud Computing၊ Big Data၊ Auto-mation Technology၊ Internet of Things များ အားကောင်းလာသဖြင့် လုပ်သားဈေးကွက်ပြောင်းလဲလာ ခြင်းနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းအတွက် ပြိုင်ဆိုင် မှုပြင်းထန်လာ၍ အဆင့်မြင့်ကျွမ်းကျင်မှုအရေးပါလာပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိရန်၊ မတူညီမှု များ လျှော့ချရန်နှင့် အနာဂတ်သာယာလှပရန်အတွက် အရည်အသွေးရှိသောပညာရေးသည် အရေးကြီးပါကြောင်း။
ရှေးထုံးစဉ်လာပညာရေးတွင် လူနည်းစုကသာ ဆုံးဖြတ်ခြင်း၊ ဆရာများက ကျောင်းသားများကို သင်ကြား ခြင်း၊ ကျောင်းသားများက သင်ကြားပို့ချသည်ကို အလွတ် ကျက်မှတ်ခြင်း၊ ဆရာများက သင်ကြား၍ ကျောင်းအုပ် များက စီမံခန့်ခွဲခြင်း၊ သင်ရိုးညွှန်းတမ်းများ တစ်သမတ် တည်း စံသတ်မှတ်ထားခြင်း၊ ကျောင်းသားများကို စံသတ်မှတ်ထားသည့် စာမေးပွဲများဖြင့် စစ်ဆေးအကဲ ဖြတ်ခြင်း၊ စာမေးပွဲရလဒ်ကိုသာ ဦးစားပေးခြင်းတို့ကို တွေ့ရှိ ရပါကြောင်း။
New Normal Education တွင် တန်ဖိုးထားမှုများ၊ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးမှုပန်းတိုင်၊ သဘာဝ၊ ရွှေ့ပြောင်းနေထိုင်မှု၊ လူ့သက်တမ်းရှည်ကြာမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ၊ ရာသီဥတုပြောင်းလဲ လာမှုများ၊ အသင်းအဖွဲ့စိတ်ဓာတ်များ၊ လိုက်လျောညီထွေ ဖြစ်မှု၊ ပွင့်လင်းမြင်သာမှု၊ စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံမှုတို့ဖြင့် ကျောင်းနှင့် လူ့အဖွဲ့အစည်းများ အချင်းချင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယင်းအချက်များကို သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်း ရန်လိုအပ်ပါကြောင်း၊ ထို့အပြင် တစ်သက်တာဒီဂျစ်တယ် သင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှုတို့ လိုအပ်လာပါကြောင်း။
ပေါင်းစပ်သင်ယူမှုတို့ လိုအပ်လာ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်အတိုင်း ဆန္ဒ၊ ဝီရိယ၊ ကြိုးစားမှု၊ တည်ငြိမ်မှုနှင့် ပညာသင်ယူရန်သည် အလွန်အရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပြည်သူများ၏ ညီညွတ်မှုဖြင့် ပူးပေါင်းပံ့ပိုး ဖြည့်ဆည်းဆောင်ရွက်ခြင်း သည် ပညာရေးဝန်ကြီးဌာနအတွက် တန်ဖိုးရှိ၍ အရေးကြီး ပါကြောင်း၊ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်သည့် အင်အားဖြင့်သာ အဆင့်မြင့်ကျွမ်းကျင်မှုနှင့် စွမ်းရည်များကို ပြည့်ဝနိုင်မည်ဖြစ်ပါကြောင်း၊ လိုအပ်သည့်သင်ယူမှုအတွက် ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်း၊ ဒီပလိုမာသင်တန်းများ တိုးချဲ့ဖွင့်လှစ် ပေးနိုင်ရန် အရေးကြီးပါကြောင်း၊ တက္ကသိုလ်များတွင် University Autonomy ကို ဦးတည်အကောင်အထည် ဖော်ရန်အတွက် Master Plan၊ တက္ကသိုလ်ပဋိညာဉ်စာတမ်း များနှင့်အညီ University Council၊ Senate၊ Admini-strative Board များဖွဲ့စည်းခြင်း၊ အခြေခံသုတေသန၊ အသုံးချသုတေသန ဆောင်ရွက်မှုကို အားပေးခြင်း၊ သင်ရိုး ညွှန်းတမ်းများမြှင့်တင်ခြင်း၊ သင်ကြားသင်ယူမှု နည်းလမ်း များကို လက်တွေ့ကျကျ Theory နှင့် လက်တွေ့ပေါင်းစပ်ပြီး လုပ်ငန်းခွင်နှင့် ချိတ်ဆက်ကာ ဘွဲ့ရရှိသူများကို အလုပ် အကိုင်ကောင်းများရရှိရန်နှင့် လိုအပ်သော စွမ်းဆောင်ရည် များပြည့်ဝစေရန် ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသလိုအပ်ချက်နှင့် ကိုက်ညီ၍ ပြည်ထောင်စု၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် ဒီပလိုမာသင်တန်း၊ ရိုးရိုးဘွဲ့ သင်တန်း၊ မဟာဘွဲ့သင်တန်းများဖွင့်လှစ်နိုင်ရေး ပူးပေါင်း ပံ့ပိုး ဖြည့်ဆည်းပေးရန် အရေးကြီးပါကြောင်း။
နိဂုံးချုပ်အနေဖြင့် High–Tech Learning သည် Understanding နှင့် Remembering Skills တို့ကိုသာ မြှင့်တင်ပေးနိုင်ပါကြောင်း၊ ဘေးကင်းလုံခြုံ၍ ကျန်းမာ ပျော်ရွှင်ပြီး အရည်အသွေးရှိသည့် သင်ယူမှုဝန်းကျင်ကောင်း ဖြင့်သာ ဖော်ဆောင်နိုင်သော Face-to-Face Teaching Learning တစ်နည်းအားဖြင့် High–Touch learning သည် ယနေ့အထိ မည်သို့မျှ အစားထိုး၍မရသေးပါကြောင်း၊ Application၊ Analysis၊ Evaluation၊ Innovation တို့ကို High-Touch အသုံးပြု၍သာ မြှင့်တင်ပေးနိုင်ပါသဖြင့် High–Tech learning နှင့် High–Touch learning ကို ပေါင်းစပ်သင်ယူခြင်း Blended Learning သည် ယနေ့ ဒီဂျစ်တယ်ခေတ်၌ အရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ စုပေါင်းအင်အားဖြင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ ပါကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အခြေခံပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အဆင့်မြင့်ပညာကဏ္ဍတို့မှ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ရင်းနှီး ပွင့်လင်းစွာ မေးမြန်း၊ ဆွေးနွေး၊ အကြံပြုခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်