အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နိုင်ငံတကာနှစ်သစ်ကူးအထိမ်းအမှတ် အခါသမယတွင် ပြောကြားသည့် မိန့်ခွန်း

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဥက္ကဋ္ဌ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နိုင်ငံတကာနှစ်သစ်ကူးအထိမ်းအမှတ် အခါသမယတွင် ပြောကြားသည့် မိန့်ခွန်း

========================================================================================================================

 

(၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်)

 

၂၀၂၁ ခုနှစ် နှစ်သစ်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်သူ ပြည်သားအပေါင်း ကျန်းမာကြပါစေ။ အချင်းချင်း မေတ္တာ ပွားနိုင်ကြပါစေ နှလုံးစိတ်ဝမ်း အေးချမ်းကြ ပါစေ။

 

၂၀၂၀ ပြည့်နှစ်ဟာ တစ်ကမ္ဘာလုံး အတွက် အခက်အခဲတွေ ကြီးမားတဲ့နှစ် ဖြစ်ခဲ့သလို ကျွန်မတို့ ပြည်သူတွေလည်း သိပြီးသား ဖြစ်ပါတယ်။ ကျွန်မတို့အတွက် လည်း ခက်ခဲတဲ့နှစ်ဖြစ်ခဲ့ပါတယ်။ မြန်မာ နိုင်ငံကလည်း အခြားနိုင်ငံများနည်းတူ COVID-19 ကပ်ရောဂါရဲ့ ပြဿနာတွေကို ကိုင်တွယ်ရတဲ့ တစ်ချိန်တည်းမှာ ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်အတွက် အရေးကြီးလှတဲ့ စိန်ခေါ်မှုကြီးတွေကိုလည်း လျစ်လျူရှု မထားဘဲ ရင်ဆိုင်ခဲ့ရပါတယ်။

 

ပြဿနာအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုး ကို ကျော်လွှားရာမှာ နိုင်ငံရဲ့ အဓိက အင်အား၊ တန်ဖိုးအကြီးဆုံး အရင်းအမြစ် ဖြစ်တဲ့ ပြည်သူလူထုရဲ့ ဝန်းရံပူးပေါင်းကူညီ အားဖြည့်ပေးမှုများအတွက် လွန်စွာမှ ကျေးဇူးတင်ကြောင်း နိုင်ငံတော်အစိုးရ ကိုယ်စား ကျွန်မပြောချင်ပါတယ်။

 

ပြည်သူအများ ယခုအချိန်မှာ အသိချင် ဆုံးကိစ္စကတော့ COVID ကာကွယ်ဆေး ထိုးပေးမယ့်အစီအစဉ် ဘယ်တော့စတင်နိုင် မလဲဆိုတာ ဖြစ်ပါလိမ့်မယ်။ ပထမဆုံး ကာကွယ်ဆေးတစ်သုတ် အိန္ဒိယနိုင်ငံမှ ရရှိရေးအတွက် အရောင်းအဝယ်စာချုပ်ကို ချုပ်ဆိုထားပြီးပါပြီ။ ကာကွယ်ဆေးသုံးစွဲ ခွင့်ကို အိန္ဒိယရှိ သက်ဆိုင်ရာဌာနက

 

ထုတ်ပြန်ပြီးတာနဲ့ မြန်မာပြည်တွင်းကို သွင်းနိုင်ဖို့လည်း စီစဉ်ထားပါတယ်။ ဒီအစီအစဉ်အရ၊ ဖေဖော်ဝါရီလမှာ ကာကွယ်ဆေးတွေကို ဦးစားပေးရမည့် အစုအဖွဲ့ဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းများကို ပထမဆုံးစတင်ထိုးပေးမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးရရှိရေး ကမ္ဘာ့နိုင်ငံအားလုံးက ‌ဆောင်ရွက်နေတာကြောင့် ယှဉ်ပြိုင်မှုများပါတယ်။ ဒါပေမယ့်လည်း ၂၀၂၁ ခုနှစ်တစ်လျှောက် ကာကွယ်ဆေး ထိုးပေးရေးလုပ်ငန်းများ နိုင်ငံတစ်ဝန်း၊ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်နိုင်မယ်လို့ ယူဆရပါတယ်။ ကာကွယ် ဆေးမထိုးရသေးမီကာလအတွင်း ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး COVID အောင်နိုင် ရေးကို ပံ့ပိုးပေးဖို့ ပြည်သူတွေကို  မေတ္တာရပ်ခံပါတယ်။ သတိရှိပါ၊ သည်းခံကြပါ၊ အနာဂတ်ကို ရှေးရှုပြီး အားတင်း ထားကြပါ။ အားလုံးအတူရှိနေကြပါတယ်။

 

၂၀၂၀ အတွင်းမှာ COVID-19 ရောဂါကို အကောင်းဆုံး ကိုင်တွယ်ဖို့ ကြိုးစားရသလို၊ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ် အတွက် အလွန်အရေးကြီးတဲ့ အထွေထွေရွေးကောက် ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်း ဆောင်ရွက်ရပါတယ်။ ရောဂါမပြန့်ပွားရေးအတွက် လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းဘောင်အတွင်းက ပြည်သူ များ မိမိတို့ရဲ့ဆန္ဒကို ဥပဒေနဲ့အညီမဲပေးပြီး ဖော်ထုတ်နိုင် ခွင့် အပြည့်အဝရှိရေးအတွက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်များကို နိုင်ငံတော်က တတ်အားသရွေ့ ပံ့ပိုးပေးခဲ့ပါတယ်။

 

ပြည်သူများရဲ့ မိမိကံကြမ္မာ မိမိသာလျှင် ဖန်တီးရ မည်ဆိုတဲ့ တာဝန်သိစိတ် ကြီးမားခိုင်မာစွာရှိမှုကြောင့် အထွေထွေရွေး‌ကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့နိုင်ငံအတွက် တကယ့်ကို ဂုဏ်ယူစရာဖြစ်လို့ ပြည်သူအပေါင်းကို ကျေးဇူးတင် ကြောင်း ထပ်လောင်းပြောပါရစေ။

ဆန္ဒမဲများနဲ့ ကျွန်မတို့အစိုးရအပေါ် ယုံကြည်မှုရှိ ကြောင်း ပြသခဲ့ခြင်းအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ပြည်သူရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်အောင် ဆက်လက်ကြိုးစားဆောင်ရွက်သွားဖို့ကိုလည်း သန္နိဋ္ဌာန် ချထားပါတယ်။

 

မျက်ခြည်မပြတ်ခဲ့

 

၂၀၁၆ ခုနှစ်၊ ကျွန်မတို့ အစိုးရ ပထမဦးစွာ တာဝန်ယူ ကတည်းကစပြီး အေးချမ်းသာယာ တိုးတက်အောင်မြင် တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ခိုင်မာစွာ တည်ဆောက်ရေးဆိုတဲ့ အန္တိမပန်းတိုင်ကို မျက်ခြည် မပြတ်ခဲ့ပါဘူး။ ဒီပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ရာ၊ ငြိမ်းချမ်းရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်း ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီရှင်သန်ရေး၊ ဒီမိုကရေစီရှင်သန်ရေး နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေး ဒီကိစ္စတွေဟာ တစ်ခုနဲ့တစ်ခု အရှေ့ပြန်၊ အနောက် ပြန်ဝိုင်းပတ်ဆက်နွှယ်နေကြောင်းကိုလည်း တစိုက် မတ်မတ်ဆင်ခြင်ပြီး ‌ဆောင်ရွက်ခဲ့ပါတယ်။

 

ဒါကြောင့် ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရကြုံရ၊ ကျွန်မတို့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာမှာ အစလည်းဖြစ်၊ အဆုံးလည်းဖြစ်၊ အလယ်ဗဟိုလို့လည်းဆိုနိုင်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းတွေကို ဘယ်အခါမှ မရပ်တန့်ခဲ့ပါဘူး။ အခြေအနေလိုအပ်ချက်တွေအရ ပြောင်းသင့်တာပြောင်း၊ ပြုပြင်သင့်တာ ပြုပြင်ပြီးတော့သာ ဆက်လက်ဆောင်ရွက် ခဲ့ပါတယ်။

 

၁၉၈၈ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်စဉ်ကတည်းက ကျွန်မတို့ မျှော်မှန်း တောင့်တတဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းဖို့အတွက် မဖြစ်မနေ လိုအပ်ချက်ကတော့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဖြစ်တယ်ဆိုတာကို သိမြင်လက်ခံခဲ့ပါ တယ်။ ကျွန်မတို့ ပြည်ထောင်စုသားများအကြား မတူညီ တဲ့ အယူအဆ၊ သဘောထားအမြင်များကြောင့် မေတ္တာ ဆိတ်သုဉ်း၊ ‌ဒေါသပွားရာမှ စစ်မီးတွေ တောက်ကာ ငြိမ်းချမ်းမှုလောင်ကျွမ်းတဲ့ သံသရာဆိုးကြီးက လွတ်မြောက် စေနိုင်မယ့် အပြန်အလှန် နားလည်လေးစား ယုံကြည်မှုများ များစွာခိုင်မြဲဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၆ ခုနှစ် ကျွန်မ တို့အစိုးရ စတင်တာဝန်ယူပြီး ပထမဦးဆုံးဆောင်ရွက် ချက်တစ်ခုကတော့ “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)” ကို ထူထောင်ခဲ့ခြင်းပဲ  ဖြစ်ပါ တယ်။ ယခုနှစ်အတွင်းမှာ NRPC ရဲ့ လုပ်ငန်းများကို အထူး အလေးထား မြှင့်တင်တိုးချဲ့သွားမှာ ဖြစ်ပါတယ်။

 

ကြိုးပမ်းအားထုတ်ခဲ့ရ

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ အစည်းအဝေးတွေကို ၂၀၁၆ ခုနှစ်မှာ စတင်ကျင်းပခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ၂၀၁၅ ခုနှစ်က ယခင်အစိုးရ နဲ့ အချို့လက်နက်ကိုင်တပ်ဖွဲ့များ ရေးထိုးခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)အပေါ် မှာ အခြေခံပြီး ဆောင်ရွက်ရာမှာ အခက်အခဲများ ကြုံတွေ့ခဲ့ ရပါတယ်။ ဒါပေမယ့်လည်း တစ်ဆင့်ပြီးတစ်ဆင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အဆက်မပြတ် ‌ဆောင်ရွက်ခဲ့ပါတယ်။ သဘော ထား မတိုက်ဆိုင်မှုများကြောင့် တရားဝင်အစည်းအဝေးတွေ ရပ်ဆိုင်းသွားခဲ့ရတဲ့အခါတွေမှာ NRPC နဲ့ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုများ မြောက်မြားစွာကတစ်ဆင့် တရားဝင် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိ လာအောင် ကြိုးပမ်းအားထုတ်ခဲ့ရပါတယ်။

 

၂၀၂၀ မှာ Covid-19 ပြဿနာကြောင့် အထူးအခက် အခဲများရှိခဲ့ပေမယ့်လည်း ဇွဲမလျှော့ဘဲ ဆောင်ရွက်ခဲ့တဲ့ ရလဒ်ကတော့ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အစည်းအဝေးကျင်းပနိုင် ရုံမက နိုင်ငံရေးအနှစ်သာရ ပြည့်ဝတဲ့ သဘောတူစာချုပ်ကို ဆွေးနွေးဖက်တွေအားလုံး ကျေကျေနပ်နပ်နဲ့ လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်း စဉ်တွေ၊ အဆင့်လိုက် အကောင်အထည်ဖော်မှုတွေ ချမှတ် နိုင်ခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃)ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပါပြီ။

 

အခုဆိုရင် ၂၀၂၀ အလွန် ရှေ့ဆက်သွားမယ့် လမ်းကြောင်း အထင်အရှား၊ အဆင်သင့်ရှိနေပြီဖြစ်တဲ့ အချိန်မှာ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေအပြင် NCA လက်မှတ် မထိုးရသေးတဲ့အဖွဲ့တွေ ပူးပေါင်းပါဝင်လာဖို့ အတွက် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကျွန်မတို့ ချဉ်းကပ်မှုအသစ်တွေနဲ့ ဘက်စုံထောင့်စုံ ကြိုးပမ်း ဆောင်ရွက်သွားမှာပါ။ ၂၀၂၀ အလွန် ငြိမ်းချမ်းရေးမှာ လုပ်ငန်းစဉ်ပိုင်းလို့ ဆိုလိုက်တာနဲ့ တရားဝင်အစည်းအဝေး တွေရှိသလို၊ အလွတ်သဘောဆွေးနွေးမှုတွေ အရေးပါတာ ကိုလည်း ကျွန်မတို့ လက်တွေ့ကြုံခဲ့ပြီး ဖြစ်ပါတယ်။ အလားတူ ပါပဲ၊ အများပြည်သူပါ ပါဝင်ပတ်သက်ခွင့်ရှိရမယ့် လူထု အခန်းကဏ္ဍကိုလည်း အလေးထားပါတယ်။ ဒါဟာ ပါဝင်ရ မယ့်သူတွေအားလုံး အကျုံးဝင်ပါဝင်နိုင်အောင် လမ်းဖွင့်ပေး နိုင်ခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖော်ဆောင်ရာမှာလည်း မူဘောင်လမ်းညွှန်မှု၊ လိုအပ်တဲ့ စုဖွဲ့မှု၊ စနစ်နဲ့ယန္တရား တည်ဆောက်မှုစတဲ့ ဒီဇိုင်း ပိုင်းကိုလည်း ကျွန်မတို့ အာရုံစိုက်ရပါတယ်။

 

ဒီလိုဦးတည်ချက်ထားပြီး လုပ်ငန်းစဉ်ပိုင်း၊ ဒီဇိုင်းပိုင်း၊ ပါဝင်သူတွေအားလုံး အကျုံးဝင်စေခြင်းအပိုင်းတွေကို လာမယ့်ငါးနှစ်တာကာလမှာ လက်တွေ့အသက်ဝင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့ အတွက် ပညာရပ်ဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ အထောက်အကူ ပြုအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ကအစ ပြည်သူတွေအပါအဝင် အဓိက အင်အားစုတွေအဆုံး အကျေအလည် ဆွေးနွေးညှိနှိုင်းနိုင်မယ့် ပြန်လည်သုံးသပ် ရေး လုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ဘက်စုံစဉ်းစားပြီး ကိုယ်စားပြုမှုနဲ့ ထိရောက်မှု ဟန်ချက်ဘက်ညီမျှတစေမယ့် “၂၀၂၀ အလွန် ငြိမ်းချမ်းရေးဖွဲ့စည်းတည်ဆောက်မှုအသစ် (New Peace Architecture)” ကို အရှိန်အဟုန်နဲ့ ဖော်ဆောင် သွားမှာ ဖြစ်ပါတယ်။ “ပင်လုံစာချုပ်” လက်မှတ်ရေးထိုးမှု နှစ်ပေါင်း (၇၅)နှစ် ပြည့်မြောက်မယ့် “စိန်ရတုနှစ်” ဖြစ်တဲ့ ၂၀၂၂ ခုနှစ်မှာ ပြည်ထောင်စုရဲ့ပန်းတိုင်ကို အတူတကွ ဆက်ပြီး လျှောက်လှမ်းသွားမယ့် လမ်းကြောင်းတွေ ခိုင်ခိုင် မာမာ ထင်ထင်ရှားရှား လှမ်းမြင်နေရတဲ့ အားတက်ဖွယ်ရာ အခြေအနေတစ်ရပ်ကို ရောက်ရှိလာဖို့ ရည်မှန်းချက်ထားပြီး ၂၀၂၀ အလွန် ငြိမ်းချမ်းရေးဖွဲ့စည်းတည်ဆောက်မှုအသစ် အနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြား လိုပါတယ်။

 

ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ ဦးတည်ချက်ဖြစ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပေါ်ထွန်းရေးအတွက် မဖြစ်မနေလိုအပ်ချက်က တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးပဲ ဖြစ်ပါတယ်။ ရရှိမည့် ငြိမ်းချမ်းရေးသဘောတူညီချက်များ၊ နိုင်ငံရဲ့ ရေရှည်လိုအပ်ချက်များ၊ ပြည်သူလူထုရဲ့ လိုလား တောင့်တချက်များနဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွန်းရေးအတွက် ကျွန်မတို့အားလုံး ဉာဏ်စွမ်း၊ ကိုယ်စွမ်း ရှိသမျှ ကြိုးပမ်းသွားကြရပါမယ်။ နိုင်ငံလွတ်လပ်‌ရေးရပြီး သည်မှာ (၇၅)နှစ်ပြည့်ဖို့ နှစ်နှစ်သာလိုပါတော့တယ်။ ဘယ်လို နိုင်ငံမျိုးမှာ ကျွန်မတို့သာမက၊ နောင်လာနောက်သားများ နေထိုင်ရှင်သန်သွားရမယ်ဆိုတာကို ပုံဖော်ဖို့ ဒီနှစ်တွေ အတွင်းမှာ အထူးဂရုပြုဆောင်ရွက်ဖို့ရာကို နိုင်ငံတော်အစိုးရ ရဲ့ အဓိကလုပ်ငန်းစဉ်တစ်ရပ်အဖြစ် သတ်မှတ်ပါတယ်။ ပြည်သူရဲ့ လုပ်ငန်းစဉ်တစ်ရပ်လည်း ဖြစ်ပါတယ်။

 

စနစ်ဟောင်းခေတ်ဟောင်းနဲ့ လမ်းခွဲရမယ်

 

စနစ်‌‌ဟောင်းခေတ်ဟောင်းနဲ့ လမ်းခွဲခဲ့တဲ့အခါမှာ အခြေခံဥပဒေအရသာမဟုတ်ဘဲ ပြုမူလုပ်ကိုင်ပုံ၊ လုပ်နည်း လုပ်ဟန်တွေအရလည်း လမ်းခွဲဖို့လိုပါတယ်။ တစ်နည်းအား ဖြင့် မူဝါဒကောင်းတွေ၊ လုပ်ထုံးလုပ်နည်းကောင်းတွေနဲ့ ခေတ်ဟောင်း၊ စနစ်ဟောင်းကို လမ်းခွဲရတာဖြစ်ပါတယ်။ ဒီနေရာမှာ အထွေထွေအုပ်ချုပ်ရေးပြုပြင်ပြောင်းလဲရေးနဲ့ အုပ်ချုပ်ရေးစနစ်အဆင့်ဆင့်မှာ စီးပွားရေးနယ်ပယ်ကစလို့ ပြည်သူ့ရေးရာဝန်ဆောင်မှုတွေအဆုံး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို စံနမူနာပြလုပ်ဆောင်ပြပြီး လုပ်နည်း လုပ်ဟန်အရ စနစ်ဟောင်းခေတ်ဟောင်းနဲ့ လမ်းခွဲရမယ် ဆိုတာ အလေးအနက် ပြောကြားလိုပါတယ်။

 

လုပ်နည်းလုပ်ဟန်အရ စနစ်ဟောင်းကို လမ်းခွဲပြီး ပြည်သူ့အကျိုးပြု ကိစ္စရပ်တွေထဲမှာ လမ်းပန်းဆက်သွယ် ရေးအပါအဝင် အခြေခံအဆောက်အအုံ ကောင်းမွန်အောင် တည်ဆောက်မှုတွေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်မီးလင်းရေးကိစ္စတွေလည်း ပါဝင်ပါတယ်။

 

ကျွန်မတို့ အစိုးရတာဝန်ယူချိန်မှာ တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အား ရရှိနိုင်မှု (၃၄ ရာခိုင်နှုန်း)ပဲ ရှိခဲ့ပါတယ်။ ဒီကနေ့ ဒီအချိန်မှာတော့ တစ်နိုင်ငံလုံးရဲ့ (၅၇ ရာခိုင်နှုန်း)နီးပါး ရရှိ နေပြီဖြစ်ပြီးတော့ ၂၀၂၅ ခုနှစ်မှာ တစ်နိုင်ငံလုံးရဲ့ (၇၅ ရာခိုင်နှုန်း)၊ ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး (၁၀၀ ရာခိုင် နှုန်း) ကျော် ရရှိလာအောင် ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း အသိပေးလိုပါတယ်။

 

ဒါ့အပြင် လူတိုင်း လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေး လွှမ်းခြုံမှု Universal Health Coverage ဆိုတာကလည်း ကျွန်မတို့ ကတိကဝတ်ပြုထားခဲ့တာပါ။ ရှေ့လာမယ့် ငါးနှစ်တာအတွင်းမှာ လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေ၊ ကျန်းမာရေးအထောက်အကူပစ္စည်းတွေကို ပြည်တွင်း မှာပဲ ထုတ်လုပ်နိုင်ဖို့ ၊ နိုင်ငံတကာအဆင့်မီ ဆေးရုံတွေ၊ ဆေးခန်းတွေနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ နည်းပညာတွေ တိုးတက်မြင့်မား လာဖို့၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အဆင့် မြှင့်တင်ပြီး ပြည်ပထွက်ငွေ လျှော့ချနိုင်ဖို့အတွက် ကျန်းမာရေးအထောက်အကူပြု လုပ်ငန်းနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ တစ်ရှိန်ထိုးတိုးတက်လာဖို့ အထူးအစီ အမံတွေ ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

COVID-19 ထိခိုက်မှုဒဏ်ကို သက်သာစေဖို့အတွက် COVID-19 ထိခိုက်မှုသက်သာရေးစီမံချက် (CERP) ကို ရေးဆွဲခဲ့ပြီး အဲဒီစီမံချက်မှာပါတဲ့ ကာလတိုလုပ်ငန်းစဉ် များကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါတယ်။ ယခုအချိန်မှာ COVID-19 ထိခိုက်မှုဒဏ်ကို သက်သာစေဖို့အပြင် တစ်ဆင့်ရိုက်ခတ်မှုဒဏ်ကို ခံစား လာရတဲ့ မြန်မာ့စီးပွားရေးကို ပြန်လည်နိုးထလာစေဖို့ ပြည့်စုံကျယ်ပြန့်တဲ့ မူဝါဒများချမှတ် အကောင်အထည် ဖော်ဖို့ လိုအပ်လာပါတယ်။ အဲဒါကြောင့် မြန်မာ့စီးပွားရေး ထိခိုက်မှုကို တွန်းလှန်လွန်မြောက်နိုင်ရေးနှင့် ပြုပြင် ပြောင်းလဲရေးစီမံချက် (MERRP) မူကြမ်းကို ရေးဆွဲထား ပြီးဖြစ်ပါတယ်။ အဲဒီစီမံချက်မှာပါတဲ့ ကာလလတ်လုပ်ငန်း စဉ်များအနက် အမြန်ဆုံးသိသာနိုင်တဲ့ လုပ်ငန်းစဉ်များကို ရွေးချယ်ပြီး အကောင်အထည်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ MERRP ဟာ စီးပွားရေးကဏ္ဍကို ပိုမို ဇောင်းပေးထားပြီး အဲဒီစီမံချက်မှာပါတဲ့ လုပ်ငန်းစဉ်များ ကို အကောင်အထည်ဖော်ခြင်းအားဖြင့် မြန်မာနိုင်ငံရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံချက်ပါ ရည်မှန်းချက်များကို အကောင် အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

 

ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအားကောင်းလာစေဖို့အတွက် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများကို လက်ခံစိစစ်ခွင့်ပြုပေး ခြင်းထက် ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးများ ဖန်တီးပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် များမကြာ မီ အချိန်အတွင်းမှာ ပြည်တွင်းပြည်ပနဲ့ ဖက်စပ်ရင်းနှီး မြှုပ်နှံမှုတွေ အကောင်အထည်ဖော်တဲ့ အခြေခံအဆောက် အအုံတွေ ပေါ်လာနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။

COVID-19 ကာလအတွင်းနဲ့ COVID-19 ကာလ အလွန်များမှာပါ စီးပွားရေးတုံ့ပြန်မှုအပေါ် အခြေခံပြီး ဘဏ္ဍာရေးနဲ့ ငွေကြေးလှုံ့ဆော်မှုများကို ထိရောက်စွာ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အသုံးစရိတ်များကိုလည်း ထိရောက်တဲ့နေရာများမှာ ပိုမိုသုံးစွဲပြီး ပုဂ္ဂလိကကဏ္ဍကို ပိုမိုတွန်းအားပေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမှာ အလွန်အရေးပါတဲ့ ကဏ္ဍတစ်ခုကတော့ ပညာရေးကဏ္ဍဖြစ်ပါတယ်။ ပညာ ရေးကဏ္ဍ တိုးတက်မှုဟာ ရေရှည်လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့လည်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် ပုဂ္ဂလိကပညာရေး ကဏ္ဍကိုလည်း အားပေးသွားမှာ ဖြစ်ပါတယ်။ ခေတ်ရဲ့ လိုအပ်ချက်များနဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်အပြောင်း အလဲတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အသက်မွေး ဝမ်းကျောင်းပညာရေးကို ချဲ့ထွင်အားပေးခြင်းဖြင့် ကျွန်မတို့ လူငယ်များ အလုပ်အကိုင်ရရှိပြီး ဘဝလုံခြုံမှု ခိုင်မာရေးကို အာမခံနိုင်သွားမှာ ဖြစ်ပါတယ်။ ပညာရေးရဲ့ အဓိကစွမ်းအားကတော့ ရင်ဆိုင်ရမယ့် ပြဿနာများကို အကောင်းဆုံး ဖြေရှင်းနိုင်မယ့်လမ်း ရှာဖွေလျှောက်လှမ်း နိုင်တဲ့ အရည်အချင်းတွေ ဖြည့်ဆည်းပေးခြင်းပဲဖြစ်ပါ တယ်။ ၂၀၂၁ ခုနှစ်နဲ့ နောင်လာမယ့်နှစ်များမှာ ကျွန်မတို့ နိုင်ငံ ရင်ဆိုင်ရမယ့် ပြည်တွင်းပြည်ပ စိန်ခေါ်မှုများကို စဉ်ဆက်မပြတ် ကျော်လွှားနိုင်စွမ်းရှိတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်၊ ထိန်းသိမ်းရေး တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မယ့် ပြည်သူပြည်သား များ ပြုစုပျိုးထောင်ပေးမယ့် ပညာရေးစနစ်ကို အကောင် အထည်ဖော်ဖို့ ဖြစ်ပါတယ်။

 

နှစ်သစ်ဆိုတဲ့ အနာဂတ်ကို မျှော်လင့်ချက်နဲ့ လှမ်းကြည့်ကြတဲ့ အချိန်ဟာ အတိတ်ရဲ့ သင်ခန်းစာတွေ ကိုယူပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတည်ဆောက်ရေး အတွက် အခွင့်အလမ်းလို့ မြင်ကြပါတယ်။ တစ်ခါက နှစ်သစ်ကူးချိန်မှာ ကျွန်မဘာအတွက်များ ဆုတောင်းပါ သလဲလို့ အမေးခံခဲ့ရပါတယ်။ စဉ်းစားလိုက်တော့ ခေါင်းထဲ ပေါ်လာတဲ့ အတွေးအတိုင်းပဲ “ပြည်သူတစ်ဦးချင်းစီ တာဝန် ကျေစေချင်တယ်” လို့ ပြန်ပြောခဲ့ပါတယ်။ ယခု ဒီအဖြေ အပေါ်မှာ အဓိပ္ပာယ်နည်းနည်းချဲ့ပြီး ပြောချင်ပါတယ်။

 

တာဝန်ကျေဖို့ရာ ပထမလိုအပ်ချက်က တာဝန်သိဖို့ပဲ ဖြစ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟရဲ့တွန်းပို့မှုက ပေါ်လာ တဲ့ လိုအင်ဆန္ဒတွေဟာ ကိုယ့်ရဲ့တာဝန်တွေပဲလို့ မှားပြီးမထင် မိဖို့ အင်မတန်အရေးကြီးပါတယ်။ တာဝန်ကိုအမှန်သိဖို့ ကြိုးစားကြပါ။ ကိုယ့်ရဲ့လိပ်ပြာ ကြေးမုံ ရှေ့မှာ တည့်တည့် ရပ်ပြီး ကိုယ်ကတာဝန်ပါလို့ သတ်မှတ်ထားတာဟာ ကိုယ့် အတွက်လား၊ အခြားအများအတွက်လား၊ ယူဖို့အတွက်လား၊ ပေးဖို့အတွက်လား၊ သတ္တိရှိရှိနဲ့ အဖြေမှန်ကို လက်ခံပြီး တာဝန်ကျေပွန်ဖို့အတွက် ကျွန်မတို့ ပြည်သူတွေ လုပ်ဆောင် နိုင်မယ်ဆိုရင် ၂၀၂၁ ခုနှစ်မှာသာမက နောင်လာမည့်နှစ်တွေ မြောက်မြားစွာမှာလည်း ကျွန်မတို့ ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီးအတွက် စိတ်ချရမှာ ဖြစ်ပါတယ်။

 

ကျွန်မတို့ ပြည်သူပြည်သူများသာမက ကမ္ဘာသူ ကမ္ဘာသားများအားလုံး ၂၀၂၁ ခုနှစ်မှာ ငြိမ်းချမ်းမှုပေးနိုင် ကြပါစေ၊ ငြိမ်းချမ်းမှုရယူနိုင်ကြပါစေ၊ ရွှင်လန်းမှုပေးနိုင် ကြပါစေ၊ ရွှင်လန်းမှု ရယူနိုင်ကြပါစေ၊ မေတ္တာပေးနိုင်ကြပါ စေ၊ မေတ္တာရယူနိုင်ကြပါစေ။

 

နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။