အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားတွင် ပြောကြားသည့် ဝမ်းမြောက်စကား

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားတွင် ပြောကြားသည့် ဝမ်းမြောက်စကား

=====================================================================================

 

ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံလှတဲ့ ရန်ကုန် တက္ကသိုလ် နှစ်(၁၀၀)ပြည့်၊ ရာပြည့်သဘင် အခါသမယမှာ တိုင်းရင်းသားမိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပါစေ၊ ကပ်ရောဂါနဲ့ ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ဒီနေ့အချိန်အခါဟာ မြန်မာ့ ပညာရေးသမိုင်းအတွက် ထူးခြားလေးနက်ပြီး မင်္ဂလာရှိ လှတဲ့ အချိန်အခါဖြစ်သလို မြန်မာတစ်မျိုးသားလုံးအတွက် ဂုဏ်ယူစရာ အချိန်အခါလည်း ဖြစ်ပါတယ်။ ဒီလိုအချိန် အခါမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦး ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ဂုဏ်ပြုစကား ပြောကြားခွင့် ရတဲ့အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

 

မြန်မာနိုင်ငံဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်ဟာ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှာ စတင်ပေါက်ဖွား လာခဲ့တဲ့အတွက် ယခု ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှာ နှစ်ပေါင်း (၁၀၀) ပြည့်မြောက်ပြီဖြစ်လို့ ရာပြည့်ပွဲ သဘင်ကို ဆင်နွှဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၂ )ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်၊ ရာပြည့်အထိမ်းအမှတ် စတင်ကြောင်း ကြေညာခြင်း အခမ်းအနားကစလို့ ယခုနှစ် ဒီဇင်ဘာလ ကုန်အထိ ရာပြည့်အထိမ်းအမှတ် အခမ်းအနားတွေကို မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပပြီး ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲ သဘင်ကို ခမ်းနားသိုက်မြိုက်ထည်ထည်ဝါဝါ ကျင်းပဖို့ ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် ဒီအချိန်ကာလမှာ ကျွန်တော် တို့နိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကပ်ရောဂါ ဖြစ်ပွားနေတာကြောင့် ကျန်းမာရေး အကန့်အသတ်အတွင်းကသာ ကျင်းပနိုင်ခဲ့ပါတယ်။

 

ရန်ကုန်တက္ကသိုလ် စတင်ပေါ်ပေါက်ခဲ့တဲ့ သမိုင်း ကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ကိုလိုနီခေတ်မှာ ၁၉၂၀ ပြည့်နှစ် မတိုင်ခင်အထိ မြန်မာနိုင်ငံဟာ မြန်မာတိုင်းရင်း သား ပြည်သူတစ်ရပ်လုံးအတွက် ကိုယ်ပိုင်တက္ကသိုလ်ရယ် လို့မရှိသေးပါဘူး။ ကာလကတ္တားတက္ကသိုလ် လက်အောက်ခံ ရန်ကုန်ကောလိပ်နဲ့ အမေရိကန်ဘက်ပတစ် သာသနာပြု အဖွဲ့ရဲ့ ဘက်ပတစ် ကောလိပ်ပဲရှိခဲ့ပါတယ်။ ဘက်ပတစ် ကောလိပ်ကို နောင်အခါမှာတော့ ဂျပ်ဆင်ကောလိပ် (ယုဒသန်ကျောင်းတိုက်)လို့ အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါ တယ်။ ကျွန်တော်တို့နိုင်ငံမှာ ၁၉၂၀ မတိုင်ခင် အဆင့်မြင့် ပညာသင်ယူနိုင်ဖို့ တက္ကသိုလ်ဆိုတာမရှိခဲ့ဘဲ ရန်ကုန် ကောလိပ်နဲ့ ဂျပ်ဆင်ကောလိပ်တို့သာ ရှိခဲ့တာဖြစ်ပါတယ်။

 

ဒါကြောင့်မို့ မြန်မာအမျိုးသားခေါင်းဆောင်တွေနဲ့ မြန်မာပြည်သူပြည်သားတစ်ရပ်လုံးက မြန်မာနိုင်ငံမှာ ကာလကတ္တားတက္ကသိုလ်ရဲ့ ဩဇာအာဏာကင်းလွတ်တဲ့ နိုင်ငံပိုင် သီးခြားတက္ကသိုလ်တစ်ရပ် ပေါ်ပေါက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီလိုတောင်းဆိုမှုတွေဟာ အရှိန်အဟုန် မြင့်သထက်မြင့်လာတဲ့အတွက် အာဏာ ပိုင်တွေ မတတ်သာတော့ဘဲ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁)ရက်နေ့မှာ ရန်ကုန်ကောလိပ် (တက္ကသိုလ်ကောလိပ်)နဲ့ ဂျပ်ဆင်ကောလိပ်တို့ကို ပူးပေါင်းပြီး ရန်ကုန်တက္ကသိုလ် ကို တည်ထောင်ပေးခဲ့ရပါတယ်။ စတင်တည်ထောင်စဉ်က ဝိဇ္ဇာပညာရပ်အချို့ကိုသာ သင်ပေးနိုင်ခဲ့ပေမယ့် ဒုတိယ ကမ္ဘာစစ်မတိုင်မီ ရန်ကုန်တက္ကသိုလ်မှာ ပညာရပ်နယ်ပယ် ကျယ်ပြန့်လာပြီး ကောလိပ်တွေ ပွားများလာခဲ့ပါတယ်။ ၁၉၄ဝ-၅ဝ ခုနှစ်များအတွင်းမှာ ရန်ကုန်တက္ကသိုလ်ဟာ ပညာရပ်ပိုင်းမှာ အဆင့်မြင့်မားပြီး တက္ကသိုလ်ရဲ့ သာယာလှပတဲ့ သဘာဝအလှတရားတွေကြောင့် အရှေ့ တောင်အာရှရဲ့ အကောင်းဆုံးတက္ကသိုလ်အဖြစ် ဂုဏ်သတင်းထင်ရှားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ပညာရေးဥပဒေပြောင်းလဲမှုတွေနဲ့အတူ ရန်ကုန်တက္ကသိုလ် မှာရှိတဲ့ ပညာရပ်အသီးသီးဟာ သီးခြားတက္ကသိုလ်အဖြစ် ခွဲထွက်သွားပြီး ရန်ကုန်တက္ကသိုလ်ရဲ့ဂုဏ်သိမ် ညှိုးမှိန်ခဲ့ရ သလို ပညာရပ်အဆင့်အတန်းဟာလည်း နိမ့်ပါးကျဆင်းခဲ့ ရပါတယ်။

 

ရန်ကုန်တက္ကသိုလ်ကို အခြေခံပြီး မြန်မာနိုင်ငံတစ်ဝန်း မှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်အသီးသီး ပေါ်ပေါက်လာတာ ဖြစ်လို့ ရန်ကုန်တက္ကသိုလ်ဟာ မြန်မာပြည်တစ်ဝန်းမှာရှိတဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အားလုံးတို့ရဲ့ မိခင်ကြီးလို့ ဆိုနိုင်ပါတယ်။ ယခင်က ရန်ကုန်တက္ကသိုလ် ဟာ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပါ တယ်။ မြန်မာ့ပညာရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး မြန်မာ့ပညာရေးကြိုးပမ်းမှု၊ လွတ်လပ်ရေးကြိုးပမ်းမှု၊ အမျိုးသားရေးလှုပ်ရှားမှု၊ သမိုင်းကြောင်းနဲ့အတူ ရှင်သန် လာခဲ့တာဖြစ်ပါတယ်။ မြန်မာ့ပညာရေး တိုးတက်ဖြစ်ထွန်း လာမှုကို ပြောမယ်ဆိုရင် ရန်ကုန်တက္ကသိုလ်ကို ချန်လှပ် ထားလို့မရသလို မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုသမိုင်းနဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ သမိုင်းကိုလည်း ခွဲခြားလို့မရနိုင်ပါဘူး။

 

မျက်မှောက်ကာလမှာ နိုင်ငံတော်အနေနဲ့ ရန်ကုန် တက္ကသိုလ်အဆင့်မြှင့်တင်ရေးကို ဦးစားပေးလုပ်ငန်း တစ်ရပ်အဖြစ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးကို နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးအဖြစ် ပြန်လည်ဖြစ်ထွန်းလာစေရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်မယ့် တက္ကသိုလ် ဖြစ်လာစေရေးတို့ကို အရေးကြီးတဲ့ လုပ်ငန်းစဉ်ကြီးများ အဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ပတ်သက်တဲ့ မဟာစီမံကိန်း (Master Plan) တစ်ရပ်ကို ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။

 

နိုင်ငံတစ်နိုင်ငံရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးမှာ ပညာ ရေးဟာ အဓိကအခန်းကဏ္ဍက ပါဝင်နေတာ ဖြစ်ပါတယ်။ အခြေခံပညာအဆင့်မှာ ပညာအခြေခံကောင်းတွေကို ဖြည့်ဆည်းပေးနိုင်ဖို့လိုသလို အဆင့်မြင့်ပညာအဆင့်မှာ နိုင်ငံတော်ကို အကျိုးပြုမယ့် ပညာအရည်အသွေးတွေ၊ ၂၁ ရာစုမှာ ကမ္ဘာကြီးနဲ့ သဟဇာတဖြစ်မယ့် အရည်အချင်းတွေ ပြည့်ဝစေရန် ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံ တော်အနေနဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ အမျိုးသား ပညာရေးဥပဒေကို ရေးဆွဲအတည်ပြုခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အမျိုးသားပညာရေးဥပဒေကို ထပ်မံပြင်ဆင်ဖြည့်စွက် အတည်ပြုနိုင်ခဲ့ပါတယ်။

 

အမျိုးသားပညာရေးဥပဒေအရ မြန်မာ့ပညာရေးစနစ်ဟာ နိုင်ငံတော်က ဆောင်ရွက်လျက်ရှိ တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနဲ့ လိုက်လျော ညီထွေဖြစ်အောင် ဖော်ဆောင်နိုင်မှာဖြစ်ပြီး အရည်အသွေး အာမခံမှုကိုလည်း ပိုမိုခိုင်မာလာစေမှာ ဖြစ်ပါတယ်။ မြန်မာ့ ပညာရေးကို ဖော်ဆောင်ရာမှာ အစဉ်အလာကြီးမားပြီး မြန်မာနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံးဖြစ်တဲ့ ရန်ကုန် တက္ကသိုလ်အနေနဲ့ မြန်မာ့ပညာရေး အကောင်အထည်ဖော်မှု လုပ်ငန်းတွေမှာ ရှေ့တန်းက ဦးစီးဦးဆောင် ပြုသွားရမှာ ဖြစ်ပါတယ်။

 

မြန်မာ့ပညာရေးကို ပြုပြင်ပြောင်းလဲ အကောင်အထည် ဖော်ဆောင်ရာမှာ အခြေခံပညာမှာ သူငယ်တန်းနဲ့ ၁၂ တန်း စနစ် (KG+12)ကို စတင်နေပြီ ဖြစ်ပါတယ်။ စနစ်သစ်အခြေခံ ပညာ သင်ရိုးညွှန်းတမ်းတွေ ရေးဆွဲရာမှာ ရန်ကုန်တက္ကသိုလ် က ဘာသာရပ်ပါမောက္ခကြီးတွေက ဘာသာရပ်သင်ရိုး ကော်မတီဥက္ကဋ္ဌများအဖြစ်နဲ့ ဦးဆောင်ဦးရွက်ပြုနေကြ တယ်လို့ သိရပါတယ်။ စနစ်သစ်အခြေခံပညာမှာ ဒွါဒသမ တန်း (၁၂ တန်း) ပြီးဆုံးလို့ တက္ကသိုလ်ရောက်ရှိလာမယ့် ကျောင်းသား ကျောင်းသူတွေအတွက် စနစ်သစ် အခြေခံ ပညာနဲ့ အချိတ်အဆက်မိပြီး လက်တွေ့ဘဝမှာ အသုံးချ နိုင်မယ့် ပညာရပ်တွေကို အဆင့်မြင့်မြင့် သင်ကြားနိုင်မယ့် တက္ကသိုလ်သင်ရိုးညွှန်းတမ်းတွေကို ပြည်တွင်းပြည်ပ ပညာရှင်များရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ ရန်ကုန်တက္ကသိုလ် မှာ ရေးဆွဲဆောင်ရွက်နေတာကို သိရတဲ့အတွက်လည်း များစွာအားရဝမ်းမြောက်မိပါတယ်။

 

နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေဖို့ ဘက်ပေါင်း စုံက တည်ဆောက်တဲ့နေရာမှာ တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်ဖို့၊ နိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းဖို့ ဆိုတာ အလွန်ပဲအရေးကြီးပါတယ်။ ဒါကြောင့် ရန်ကုန် တက္ကသိုလ်ရဲ့ ရာပြည့်အခမ်းအနား ဦးတည်ချက်တွေထဲမှာ "ထာဝရ ငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိရောက်စွာ ဖော်ဆောင်နိုင်မည့် ပညာရေးစနစ် တိုးတက် ဖြစ်ထွန်းလာစေရေး" ဆိုတဲ့ ဦးတည်ချက်တစ်ရပ် ပါရှိတာ ကို တွေ့ရပါတယ်။

 

ဒါကြောင့် မြန်မာ့ပညာရေးကို ရန်ကုန်တက္ကသိုလ်က ဦးဆောင်ဦးရွက်ပြုပြီး သင်ရိုးညွှန်းတမ်းတွေကို အကောင် အထည်ဖော် ဆောင်ရွက်ရာမှာ ဒီဦးတည်ချက်နဲ့အညီ ဖော်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ရာပြည့်ကာလအတွင်းမှာ ရန်ကုန်တက္ကသိုလ်၊ မနုဿဗေဒ ဌာနအနေနဲ့ မြန်မာ့တိုင်းရင်းသားပညာကို တိုင်းရင်းသား များရဲ့ ဘာသာစကား၊ သမိုင်း၊ ပထဝီဝင်၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ဆိုင်ရာ ဒီပလိုမာသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဦးစီးဆောင်ရွက်နေတယ် ဆိုတဲ့ သတင်းကောင်းတစ်ရပ်ကိုလည်း ကြားသိခဲ့ရပါ တယ်။

 

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်ကြီးဟာ မြန်မာ တစ်မျိုးသားလုံး မြန်မာ့ပညာရေးလောကတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ အထိမ်းအမှတ်အခမ်းအနားတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်ဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့အတွက် ရန်ကုန် တက္ကသိုလ်ဟာ ကျွန်တော်တို့ရဲ့ မိခင်ကြီးပါပဲ။ ဒါကြောင့် ဒီနေ့ကျရောက်တဲ့ မိခင်ရန်ကုန်တက္ကသိုလ်ကြီးရဲ့ နှစ် (၁၀၀)ပြည့် မွေးနေ့၊ အနှစ်သာရပြည့်ဝလှတဲ့ ရန်ကုန် တက္ကသိုလ်ရဲ့ ရာပြည့်အခါသမယမှာ ရန်ကုန်တက္ကသိုလ်ရဲ့ ကောင်းမြတ်တဲ့သမိုင်းကြောင်းနဲ့ ကြီးမားတဲ့အစဉ် အလာကို ပြန်လည်သတိရပြီး မြန်မာတစ်မျိုးသားလုံး ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူနေကြမှာ ဖြစ်ပါတယ်။ ရာပြည့်အလွန်ကာလတွေမှာ ရန်ကုန်တက္ကသိုလ်ဟာ ကြီးမားတဲ့ အစဉ်အလာကောင်းနဲ့ မြင့်မားတဲ့ဂုဏ်သိက္ခာ ကို ထိန်းသိမ်းမြှင့်တင်ရင်း ရန်ကုန်တက္ကသိုလ် ရာပြည့် မှသည် နှစ်ပေါင်းအသင်္ချေ တည်တံ့ခိုင်မြဲစေရေးကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါစို့လို့ ပြောကြား ရင်း ကျွန်တော့်ရဲ့ ဂုဏ်ပြုဝမ်းမြောက်စကားကို နိဂုံးချုပ် လိုက်ပါတယ်။