အမျိုးသားစာပေဆုရှင်တို့၏ရင်တွင်းစကားသံများ

 

ရန်ကုန်  နို၀င်ဘာ  ၁၃   


ပြန်ကြားရေး၀န်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး ကြိုးပမ်းရေးသား ပြုစုခဲ့သူများအား လေးစားအသိအမှတ်ပြုသောအားဖြင့် ၂၀၂၀ပြည့်နှစ်အတွက် အမျိုးသား စာပေဆုရရှိသော  စာရေးဆရာ၊ စာရေးဆရာမကြီးများအား  မြန်မာ့အလင်းက  ဆက်လက်တွေ့ဆုံမေးမြန်းမှုကို  ဖော်ပြအပ် ပါသည် -  

 
Aye Phyu 
အင်္ဂလိပ်ဘာသာ(ရသ)ဆု


နေပြည်တော်ကို      ပြောင်းလာတဲ့ ၂၀၀၆ ခုနှစ်ကစပြီး စာသင်တဲ့အလုပ်ကိုလုံး၀စွန့်လွှတ်ပြီး  စာ‌တွေစရေးခဲ့တာပါ။ လူသေပေမယ့်  နာမည်မသေစေနဲ့ဆိုပြီး စာကောင်းပေကောင်းတွေ ရေးစမ်းပါလို့အမြဲအားပေးတိုက်တွန်းခဲ့တဲ့    ခင်ပွန်း သည်ရဲ့စကားနဲ့ စာကိုစခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ်‌မှာ ဆောင်းပါးပေါင်းချုပ် မြန်မာ ဘာသာနဲ့တစ်အုပ်၊  အင်္ဂလိပ်ဘာသာနဲ့ တစ်အုပ် ထုတ်ဝေနိုင်ဖို့ ရည်ရွယ်ခဲ့တာမှာ ကိုဗစ်အန္တရာယ် အရေးကြီးနေတဲ့အချိန် စာအုပ်နှစ်မျိုးလုံး   ထုတ်ဝေဖြစ်အောင် အဘက်ဘက်မှ      ကူညီပံ့ပိုးခဲ့သူများကို ကျေးဇူးတင်ပါတယ်။ ဒီစာအုပ်ရေးစဉ်က ဆုရဖို့ရည်ရွယ်ပြီး    ရေးခဲ့တာ  မဟုတ် ပေမယ့် နိုင်ငံတော်နဲ့အကဲဖြတ်ဆရာကြီးများက အသိအမှတ်ပြုပေးခဲ့လို့ အထူးပင် ၀မ်းသာကျေးဇူးတင်‌ကြောင်း   ပြောလို ပါတယ်။ စာရေးတိုင်းလူငယ်တွေအတွက် သင်ခန်းစာယူနိုင်ဖို့၊ မှတ်သားစရာကျန်ခဲ့ ဖို့ ရည်ရွယ်ပြီး ရေးဖြစ်တာဖြစ်ပါတယ်။ ဖတ်ဖူးသူတွေသိမှာပါ။ နည်းပညာခေတ် မှာ ကြီးပြင်းလာတဲ့ လူငယ်များအတွက် အလေးအနက် မှာကြားချင်တာကတော့ မိမိရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အချည်း အနှီး ဖြုန်းသုံး   ကုန်ဆုံးမနေကြဖို့ပါပဲ။ ရှာဖွေလေတွေ့ရှိလေဆိုသလိုမျိုး အသုံးချ စရာ    အရင်းအမြစ်မျိုးစုံ     ပေါများပြီး လက်တစ်ကမ်းမှာ ရှိ‌နေတာကို သုံးကြပါ။ အသိပညာ‌တွေ ဉာဏ်ရည်ဗဟုသုတတွေ  ပြည့်သည်ထက် ပြည့်အောင်ဖြည့်ဆည်း ကြပါလို့    မှာကြားချင်ပါတယ်။    ယခု စာအုပ်အပါအဝင်     အင်္ဂလိပ်-မြန်မာ စာအုပ်‌ပေါင်း ၁၀ အုပ် ထုတ်ဝေပြီး မြန်မာ ဘာသာနဲ့ ဆရာ၀န်တင်ရွှေ ဆုတစ်ဆုနဲ့ ထွန်းဖောင်ဒေးရှင်း  စာပေဆု တစ်ဆုရ ခဲ့ပြီး  အင်္ဂလိပ်ဘာသာနဲ့က  ထွန်းဖောင် ဒေးရှင်းစာပေဆုရခဲ့ပြီး    ဖြစ်ပါတယ်။ ယခုလိုအသိအမှတ်ပြုပေးတဲ့ တာ၀န်ရှိ ဆရာကြီးများအားလုံး  ဘုရား၊  တရား၊ သံဃာ၊ မိဘ၊ သင်ဆရာ မြင်ဆရာကြား ဆရာများနဲ့တကွ‌ ကျေးဇူးတင်ထိုက်သူ အားလုံးကို  အလေးအနက် ဂါရ၀ပြုအပ်ပါတယ်။ 

 


ဆရာမ‌ကြီး    ဒေါ်ခင်အေးကျင်(ခေါ်)ဒေါ်အေးအေး(Aye Phyu)သည်    မွန် ပြည်နယ် ဘီးလင်းမြို့တွင်   ၁၉၄၇ ခုနှစ်၌   မွေးဖွားခဲ့သည်။ မွေးချင်း ၁၁ ယောက်တွင်   တတိယမြောက်ဖြစ်ပြီး   သထုံမြို့   ဘီစီ ကျောင်း ယခုအလက(၁)နှင့် အထက(၁)ကျောင်းများ၌     ပညာသင်ကြားခဲ့ပြီး မော်လမြိုင်ကောလိပ်မှ     ဥပစာတန်း   အောင်မြင်ခဲ့သည်။     ၁၉၆၅   ခုနှစ်တွင်    စီးပွားရေးတက္ကသိုလ်မှ B.Com (Accoun-ting)ဘွဲ့ကို  ရရှိခဲ့သည်။ ၁၉၆၇ ခုနှစ်  R.A စာမေးပွဲတွင် ရွှေတံဆိပ်ရရှိ အောင်မြင်ခဲ့ သည်။ ၁၉၇၄ ခုနှစ်တွင် M.Com ဘွဲ့တို့ကို ရရှိခဲ့သည်။ ၁၉၆၆ ခုနှစ်မှ  ၁၉၉၀ ပြည့် နှစ်ထိ    ပညာရေးတက္ကသိုလ်နှင့်    စီးပွား ရေး    တက္ကသိုလ်များတွင်    နည်းပြ၊ လက်ထောက်ကထိက၊ ကထိကအဆင့် အထိ တာ၀န်ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်မှ  ၂၀၀၂  ခုနှစ်အထိ   ရန်ကုန် အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်း (ISY)တွင်  ဆရာမအဖြစ်  ဆောင်ရွက်ခဲ့ သည်။   ၂၀၂၀   ပြည့်နှစ်    အမျိုးသား စာပေဆုများအနက်   အင်္ဂလိပ်ဘာသာ (ရသ)ဆု ကို   Aye Phyu   ကလောင်အမည် ဖြင့်       ရေးသားခဲ့သည့်     A Motley Collection   of  My  Works   စာအုပ်ဖြင့် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။    ဆရာမ ကြီးသည်    ယခုအခါ    မိသားစုနှင့်အတူ   နေပြည်တော်တွင်      နေထိုင်လျက်ရှိ သည်။  

 


ချစ်စုအောင်
ကဗျာ(ဂန္ထ၀င်)ဆု


ဒီဆုကြီးဟာ    ကျွန်တော်ငယ်စဉ် ကတည်းက   စိတ်ကူးယဉ်   အိပ်မက်မက် ခဲ့ရတဲ့  ဆုကြီးပါ။   နိုင်ငံတော်က  ချီးမြှင့် တဲ့ဆုဆိုတော့    အသိအမှတ်ပြုပေးတဲ့ အတွက် အတိုင်းထက်အလွန် ဝမ်းသာ ပီတိဖြစ်ရပါတယ်။  ၁၉၆၈ ခုနှစ်လောက် ကျွန်‌တော်      ကိုးတန်း   စတက်တော့    “အထက်တန်း ကဗျာလက်ရွေးစင်” ဆိုပြီး ကျောင်းသုံး ပြဋ္ဌာန်းတဲ့ကဗျာတွေ   စသင် ရတယ်။   ကဗျာတွေကလည်း    အကုန် ကောင်း၊  မြန်မာစာဆရာတွေကလည်း အသင်အပြကောင်းတော့  အဲဒီမှာတင်  ကဗျာကိုစပြီး စွဲလမ်းသွားတာ။ ကျွန်တော် ကဗျာလေးတွေ   အတုမြင်    အတတ်သင်    စမ်းရေးနေတာကိုတွေ့တော့   ကျွန်တော့် အဖေ  (ဦးထွန်းအောင်၊  ခရိုင်ပညာဝန်-ငြိမ်း)က သံပေါက်ကဗျာ ရေးနည်းလေး စသင်ပေးတယ်။ နောက်ကျွန်တော်တို့ရဲ့ မြန်မာစာဆရာ  ဦးသန်းဆွေ    (ကဗျာ ဆရာကြီး ဆွေသန်း)က  လေးလုံးစပ်နဲ့ အချိုးကဗျာ ရေးနည်းတွေ   သင်ပေးတယ်။  ဒီလိုနဲ့   ကဗျာလေးတွေ  စမ်းရေးရင်း   ဝါသနာက ခိုင်မာသွားတာ။ လူငယ်ဆို တော့  ငါကြီးရင် ကဗျာဆရာ လုပ်မယ် ဆိုတဲ့    ဆုံးဖြတ်ချက်   ချဖြစ်ခဲ့တာ။  တကယ်လည်း     ဘဝကို     ကဗျာ‌တွေနဲ့    ဖြတ်သန်းဖြစ်ခဲ့ပါတယ်။   ကျွန်‌တော်တို့ လူမျိုး‌တွေက ကဗျာကို ချစ်တဲ့လူမျိုးပါ။ “လူလေးရယ်ငို ဖမ်းလို့ပေး”နဲ့   က‌လေး ဘ၀   ဖြတ်သန်းခဲ့တာ။   “အပြန်တစ်ရာ ကောင်းတဲ့   သံပုရာပေါင်းတွေ”   “အသေ အလဲ ကောင်းတဲ့   ရေခဲချောင်းတွေ”တဲ့၊ “ဈေးသည်လေးရဲ့ ပါးစပ်ဖျားမှာ ကဗျာ ရှိတယ်”၊ “ဘာကြောင့်ရပ်ရပ် လမ်းဘေး ချရပ်”တဲ့။   လမ်းဘေးဆိုင်းဘုတ်မှာလဲ ကဗျာရှိတယ်။ ဇာတ်ပွဲသွားကြည့်မယ်ဆို လည်း    ကဗျာကို     ခွန်းထောက်တွေ၊   ငိုချင်းတွေ၊    ဆိုင်းဆင့်ဇာတ်စကားတွေ အဖြစ်  တွေ့ရမှာပါ။ နောက်ဆုံးဘုရားရှိခိုး ရင်တောင်မှ “ရိုသေမြတ်နိုးလက်စုံမိုး၍  ရှိခိုးပူဇော်  ဖူးမြော်မာန်လျော့”တဲ့ဒါလည်း ကဗျာပဲဗျ။   ကျွန်တော်တို့  လူမျိုးတချို့ လည်း   ချစ်မှန်းသိသိ၊   တချို့ကလည်း ချစ်မှန်းမသိ    ကဗျာကို     ချစ်ကြတာ။ ဒါကြောင့်   ကျွန်တော့်အ‌နေနဲ့   စာဖတ် ပရိသတ်ကို   သတင်းစကားပါးချင်တာ က   ကဗျာကိုဆက်ချစ်ပါလို့။  ကျွန်‌တော် ၁၅ နှစ်သား  ကျောင်းသားဘဝမှာ ကြက်‌ ခြေနီစာ‌စောင်တို့၊  ယုဝတီဂျာနယ်တို့မှာ ကဗျာ‌လေး‌တွေ စ‌ရေးခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာ    ပညာတန်ဆောင်မဂ္ဂဇင်းမှာ စတင်‌ဖော်ပြခံရပါတယ်။ ၁၉၈၂ ခုနှစ်မှာ   မြဝတီ၊‌ ငွေတာရီမဂ္ဂဇင်းကြီး‌တွေ ကဗျာ‌ တွေ‌  ရွေးချယ်‌ဖော်ပြခံရပါတယ်။ ၁၉၈၇ ခုနှစ်ကျ‌တော့  ရန်ကုန်ပန်တျာ‌ကျောင်း မှာ     ကဗျာနည်းပြအဖြစ်     တာဝန် ထမ်း‌ဆောင်ရပါတယ်။     အဲဒီတုန်းက ကျွန်‌တော်   ကဗျာသင်‌ပေးခဲ့တဲ့    တပည့်‌ လေး‌တွေဟာ    အခုဆို   ဗီဒီယို၊    ရုပ်ရှင်၊ သဘင်လောကမှာ အောင်မြင်နေကြပါပြီ။

 

ကျွန်တော်သင်ပေးခဲ့တဲ့ ကဗျာတွေဟာ  သူတို့အတွက် တစ်စုံတစ်ခု‌သော အတိုင်း အတာထိ    အ‌ထောက်အပံ့ဖြစ်ခဲ့တယ် ဆိုတာ   သူတို့ကိုယ်တိုင်လည်း    သ‌ဘော ပေါက်ကြပါတယ်။  ၁၉၉၁ ခုနှစ်ကစပြီး အနုပညာဦးစီးဌာန၊   မန္တ‌လေးဌာနခွဲမှာ ဦးစီးအရာရှိ အဆင့်က‌နေ ညွှန်ကြား‌ရေး မှူးအဆင့်ထိ  တာဝန်ထမ်း‌ဆောင်ခဲ့ပါ တယ်။ ရာထူးသာ အဆင့်ဆင့်‌ပြောင်းသွား တာ  ဇာတ်သဘင်နဲ့ပတ်သက်တဲ့ ကဗျာ လင်္ကာ‌တေးသီချင်း‌တွေကို နှစ်‌ပေါင်း၂၀‌ လောက် စဉ်ဆက်မပြတ်‌ ရေးဖွဲ့‌ပေးခဲ့ရ ပါတယ်။ ဗဟိုအဆင့် ဆို၊  က၊‌  ရေး၊  တီး၊   ပြိုင်ပွဲများမှာလည်း  အ‌ရေး၊  ပြဇာတ်နဲ့ ဇာတ်ညွှန်းအကဲဖြတ် တာဝန်‌ကျေပွန်စွာ ထမ်း‌ဆောင်ခဲ့ပါတယ်။ စာနယ်ဇင်းများစွာ မှာလည်း   ယ‌နေ့အထိ    ကဗျာ၊ ဝတ္တု‌ ဆောင်းပါး အပုဒ် ၃၀ဝ ခန့်‌ ရေးသားခဲ့ပြီး ဖြစ်ပါတယ်။  ၂၀၁၄ ခုနှစ်မှာ အမျိုးသား ယဉ်‌ကျေးမှုနှင့်    အနုပညာတက္ကသိုလ် (ရန်ကုန်) ရုပ်ရှင်နှင့်  ပြဇာတ်ပညာဌာန ‌ပါမောက္ခရာထူးမှ အငြိမ်းစားယူခဲ့ပေမယ့် ကဗျာနဲ့   အနုပညာကိုတော့  ယနေ့အထိ   အငြိမ်းစားမယူဘဲ  တာဝန်ထမ်းဆောင် နေကြောင်း  ပြောလိုပါတယ်။

 


ကဗျာရေးတဲ့အပိုင်းမှာ     အဓိက နှစ်ချက်ရှိပါတယ်၊     အတ္တအလင်္ကာရ အကြောင်းအရာနဲ့    သဒ္ဒအလင်္ကာရ အသံကာရန်ပေါ့။   အကြောင်းအရာက သနားစရာဆိုရင်   စိတ်ထဲမှာ  သနားပြီး ပျော်စရာဆိုရင်လည်း  ရေးနေတုန်းမှာ စိတ်က ပျော်နေတာမျိုး။  ကိုယ်ခံစားတဲ့ အရသာကို ကဗျာဖတ်သူတွေ ခံစားနိုင်ပါ စေဆိုပြီး  မျှဝေပေးချင်တဲ့  စေတနာက လည်း တဖွားဖွားနဲ့ ကြည်နူးကျေနပ်နေ မိတာပေါ့။ အဲဒါကဗျာဆရာရဲ့ဘ၀အရသာ လို့ ဆိုချင်ပါတယ်။

 


ဆရာဦးစုအောင်   (ချစ်စုအောင်)ကို ချောက်မြို့နယ်၌  ၁၉၅၃ ခုနှစ်တွင် အဘ ဦးထွန်းအောင်၊    အမိဒေါ်စုစုဝေတို့က  ‌မွေးဖွားသည်။ ၁၉၈၀ ပြည့်နှစ်တွင်  ဝိဇ္ဇာ ဘွဲ့ (မြန်မာစာ)ရရှိခဲ့သည်။  ၁၉၇၅ ခုနှစ်မှ ၁၉၈၇ အထိ  ရန်ကုန်ပန်တျာကျောင်း တွင်    ကဗျာနည်းပြအဖြစ်    တာဝန် ထမ်းဆောင်ခဲ့သည်။    ၁၉၉၁ ခုနှစ်မှ   ၂၀၁၁ ခုနှစ်အထိ ယဉ်ကျေးမှုဝန်ကြီးဌာန၊    အနုပညာဦးစီးဌာနတွင်  ထမ်းဆောင်ခဲ့ သည်။  ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အမျိုးသားယဉ်ကျေးမှုနှင့်     အနုပညာ တက္ကသိုလ် (ရန်ကုန်)တွင်     ရုပ်ရှင်နှင့် ပြဇာတ်၊ ၂၀၁၃ ခုနှစ်တွင် ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့ (ရုပ်ရှင်၊ ပြဇာတ်)  ချီးမြှင့် ခြင်း ခံရသည်။ ၂၀၂၀ ပြည့်နှစ်  အမျိုးသား စာပေဆုကို     “မြင်းမိုရ်စိတ်ကူးကဗျာ များ”   စာအုပ်ဖြင့်    ကဗျာ(ဂန္ထဝင်)ဆု  ‌ရွေးချယ်ခံရခြင်း ဖြစ်သည်။   ယခုအခါ ဆရာသည်      မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင်   နေထိုင်လျက် ရှိသည်။        

တင်စိုး၊ ဓာတ်ပုံ-အာကာစိုး