
ဝါရှင်တန် ဇန်နဝါရီ ၁၈
အမေရိကန်နိုင်ငံတစ်ဝန်း အိုမီခရွန်ကူးစက်မှု များပြားလာချိန်တွင် ဘိုးဘွားရိပ်သာများတွင်လည်း ကူးစက်မှုများ တစ်ဖန်မြင့်မားလာကြောင်း အမေရိ ကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (စီဒီစီ )အချက်အလက်များအရ သိရသည်။
ဘိုးဘွားရိပ်သာတွင် နေထိုင်ကြသူများ၌ ကိုဗစ်- ၁၉ကူးစက်ခံရသူ ၃၂၀၀၀ ကျော်ရှိပြီး ယခင်လကနှင့် နှိုင်းယှဉ်လျှင် ခုနစ်ဆနီးပါးတိုးလာခြင်းဖြစ်သည်ဟု စီဒီစီ၏အချက်အလက်များအရ သိရသည်။
သီတင်းပတ်တစ်ပတ်အတွင်း ဘိုးဘွားရိပ်သာ၌ နေထိုင်ကြသူများအနက် ကိုဗစ် - ၁၉ ကြောင့်သေဆုံး သူဦးရေမှာ ၆၄၅ ဦး ရှိကြောင်း သိရသည်။
ယခင်သီတင်းပတ်နှင့် နှိုင်းယှဉ်လျှင် ၃၀ ရာခိုင် နှုန်း တိုးလာခြင်းဖြစ်သည်။ အိုမီခရွန်ကူးစက်မှုများတိုင်းပြည်အနှံ့ပျံ့နှံ့လာချိန် လူသေဆုံးမှုများပို၍ များပြားလာမည်ကို ကျန်းမာရေးကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။
ဘိုးဘွားရိပ်သာများ၌ ရောဂါကူးစက်မှုများ များလာရာ ရိပ်သာမှ ဝန်ထမ်းများက လာရောက် လည်ပတ်သူဦးရေကိုလျှော့ချခြင်း၊ လူအချင်းချင်း ခပ်ခွာခွာနေကြရန် သတိပေးထားခြင်းနှင့် ဘိုးဘွား ရိပ်သာတွင် နေထိုင်ကြသူများနှင့် ဝန်ထမ်းများ တတိယအကြိမ် ကာကွယ်ဆေးထိုးကြရန် တိုက်တွန်းမှုများ ပြုလုပ်ထားသည်။
ဆင်ဟွာ