အမှားတွေကို အကျိုးရှိအောင် အသုံးချမယ်ဆိုရင်

Type

 

သိန်းထွန်း (IR)

ဆင်ခြင်မှု


လူတစ်ယောက်အနေနဲ့     အသက်အရွယ်၊ အတွေ့အကြုံ၊  ရင့်ကျက်မှု၊  စဉ်းစားဆင်ခြင်မှုတွေ ကိုယ့်အတိုင်းအတာနဲ့ကိုယ်    ရလာတဲ့အခါ   မိမိ ကိုယ်ကိုမိမိ    ပြန်ပြီးဆင်ခြင်မိတတ်ကြပါတယ်။ ပြန်ပြီးဆင်ခြင်မိတဲ့အထဲမှာ ကိုယ့်ဘဝတစ်လျှောက် ဖြတ်သန်းခဲ့ရာမှာ   ဘယ်ဟာတွေက   မှန်ခဲ့လဲ၊ ဘာတွေမှားခဲ့လဲဆိုတဲ့   ဆင်ခြင်စရာလည်း   ပါပါ တယ်။   ကိုယ်ဖြတ်သန်းခဲ့တဲ့တစ်လျှောက်    ကိုယ့် အတွက်၊ အများအတွက် အကျိုးဖြစ်အောင် လုပ်နိုင် ခဲ့တာတွေရှိသလို တစ်ဖက်မှာလည်း ဘယ်သူကိုမှ အကျိုးမပြုတာတွေ ဒါမှမဟုတ် အခြားသူတွေအပေါ် အကျိုးပျက်စီးစေတဲ့  မှားယွင်းမှုတွေ   တွေ့ရပါ တယ်။ မှားယွင်းတဲ့အပြုအမူတွေထဲမှာမှ အချိန်မီ ပြင်ဆင်နိုင်တာတွေလည်းရှိသလို အချို့အပြုအမူ တွေကတော့ ပြင်ဆင်လို့မရနိုင်အောင် ခက်ခဲတာ၊ အချိန်နှောင်းသွားတာနဲ့    အခြေအနေမပေးတော့ တာတွေကြောင့် နောင်တရစရာတွေလည်း တွေ့မိပါ တယ်။ အဲလိုဖြစ်စဉ်တွေကတော့   တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ဘူးပေါ့။

 


ဒီလိုအခြေအနေတွေဆိုတာ     ဖြစ်တတ်တဲ့ သဘောဆိုပေမယ့် ကိုယ့်အနေနဲ့ အထက်ကပြောခဲ့ သလိုပဲ  အသက်အရွယ်၊ အတွေ့အကြုံ၊ ရင့်ကျက်မှု၊ စဉ်းစားဆင်ခြင်မှုတွေ     ကိုယ့်အတိုင်းအတာနဲ့ ကိုယ်ရလာတဲ့အခါ မြင်မိ၊ ဆင်ခြင်မိတာလည်းရှိရဲ့၊ မမြင်မိ မဆင်ခြင်မိတာတွေလည်းရှိရဲ့။  အသက် အရွယ်  ငယ်စဉ်က  မှားခဲ့တဲ့အမှားတွေကို   တစ်ခါ တစ်ခါ ပြန်စဉ်းစားမိရင်   ရယ်စရာတွေလည်း  ပါပါ သေးတယ်။အချို့ကိစ္စတွေမှာတော့ ငါဒီလိုမလုပ်ခဲ့ သင့်ဘူးလို့ တွေးမိတော့ နောင်တရမိတာတွေလည်း  ရှိပါတယ်။ ဪ .. အရင်တုန်းကများဒီလိုတွေးတတ်ခဲ့ ရင် ဆောင်ရန်၊ ရှောင်ရန်တွေကို ဆင်ခြင်နိုင်ခဲ့မှာပဲလို့ တွေးမိပါတယ်။   မိမိကိုယ်ကို   ထိန်းကျောင်းနိုင် တဲ့အသိ အားနည်းခဲ့လို့လည်း ဖြစ်မှာပေါ့။ ဒါကြောင့် အချို့ကိစ္စတွေဆို မမှားသင့်ပဲမှားခဲ့တာ၊ လုပ်သင့် တာကို မလုပ်နိုင်တာ၊ ဘဝဆုံးဖြတ်ချက် လွဲချော်တာ တွေ ကြုံခဲ့ရပြီးပါပြီ။ အဲဒီထဲကမှ ယူသင့်တာယူ၊ ပြင်သင့်တာပြင်၊ ပြောင်းသင့်တာ  ပြောင်းလုပ်နိုင် မယ်ဆိုရင် ကျန်တဲ့ဘဝခရီးကို တည့်တည့်မတ်မတ် လျှောက်နိုင်မယ် ထင်ပါရဲ့။

 


အမှားမကင်းတတ်ကြ


လူတိုင်းဟာ စင်းလုံးချော မကောင်းနိုင်ဘူးဆိုတဲ့ စကားရှိပါတယ်။ အပြစ်အနာအဆာ၊ အမှားမယွင်း ရှိတတ်တဲ့ သဘောလို့မြင်ပါတယ်။ ဘယ်တုန်းကမှ အမှားမလုပ်ခဲ့တဲ့သူဟာ ဘာကိုမှ မလုပ်ခဲ့တဲ့သူပဲ လို့  ရုစဘဲ့က    ပြောဖူးပါတယ်။   သဘောကတော့ အလုပ်လုပ်ရင်တော့     အမှားရှိတတ်ကြမှာပဲလို့ ဆိုတာပါ။   လက်တွေ့မှာလည်း    အမှားဆိုတာက လူတိုင်းနဲ့မကင်းနိုင်တဲ့ သဘာဝတစ်ခုပါပဲ။ လူတိုင်း အမှားတွေ့ကြုံဖူးကြမယ်လို့    မဆိုနိုင်ပေမယ့် အများစုကတော့   ကြုံဖူးကြပါတယ်။  ကိုယ်တိုင် လည်း ဘဝတစ်လျှောက် အနည်းနဲ့အများ ကြုံခဲ့ရ ပြီးပါပြီ။   အဲဒီကြုံတွေ့ခဲ့ဖူးတဲ့   အမှားတွေမှာ ကြီးကြီးမားမားအမှား၊ သေးသေးမွှားမွှား အမှား ဆိုတာတော့ ရှိတာပေါ့။ အဲဒီထဲကမှ အမှားကြီးရင် ကြီးသလို ကိုယ်တိုင်နဲ့ပတ်ဝန်းကျင်ကို ထိခိုက်မှု များစေတာပါတယ်။  သာမန်အမှားလေးတွေကတော့ အကျိုးသက်ရောက်မှု  နည်းတတ်ပါတယ်။ အချို့ အမှားလေးကကိုယ့်တစ်ယောက်တည်းကိုပဲ ထိခိုက် ပေမယ့် အချို့အမှားတွေကျပြန်တော့လည်း ပတ်ဝန်း ကျင်ကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေပြန်ရော။ 

 


မိမိတို့ရဲ့ နေ့စဉ်ဘဝတွေမှာ စိတ်အတွေးအကြံ၊ အပြုအမူ၊    အပြောအဆိုတွေအပါအဝင်    ဘဝရဲ့ ဆုံးဖြတ်ချက်မှာလည်း အမှားတွေရှိတတ်ကြတာကို သတိထားမိရင် တွေ့နိုင်ပါတယ်။ သာမန်အမှားလေး တွေကို အမှုမဲ့အမှတ်မဲ့ထားတတ်ပေမယ့် ကြီးကြီး မားမားဆိုရင်တော့ စွဲနေအောင် မှတ်မိနေတတ်ကြ ပါတယ်။   အမှားရဲ့သဘောက   ကြီးကြီးသေးသေး အကျိုးသဘောထက် အပျက်သဘောကို ဦးတည် စေတာမို့ ဘယ်သူမှတော့ အမှားမဖြစ်ချင်ကြပါဘူး။ ဒါပေမယ့်လည်း ဘယ်သူမှ စင်းလုံးချောမဖြစ်နိုင် ဘူးဆိုတဲ့စကားလိုပဲ   လူ့ပတ်ဝန်းကျင်မှာ အများနဲ့ နေထိုင်ကျင်လည်နေကြတဲ့အချိန်မှာ   တစ်ကြိမ် မဟုတ်တစ်ကြိမ်    အမှားတွေ့တတ်ကြတာပါပဲ။ အမှားမရှိချင်လို့၊  အမှားဖြစ်မှာ  ကြောက်လို့ဆိုပြီး တစ်ယောက်တည်းနေတာဖြစ်ဖြစ်၊   ဘာမှမလုပ်ဘဲ ဖြစ်ဖြစ် နေလို့မှမရနိုင်တာကိုး။ ဒီတော့ ဖြစ်တတ်တဲ့ အမှားကို ဘယ်လိုရှုမြင်မလဲ၊ ဘယ်လိုတုံ့ပြန်မလဲ၊ ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ အရေးပါလာပါတယ်။

 


အမှန်နဲ့အမှား


မှား ဆိုတာကို  မြန်မာအဘိဓာန်မှာ  မမှန်ကန် သော၊ အမှန်၏ဆန့်ကျင်ဘက်ဖြစ်သော၊ ယွင်းသော လို့ ဖွင့်ဆိုပါတယ်။ အမှားဆိုတာကို ရှင်းဖို့ အမှန်ဆို တာကို ဦးစွာသိဖို့လိုနေပါတယ်။ တစ်ခါတစ်ရံ အမှန် အမှား သတ်မှတ်တဲ့ကိစ္စကို လက်ဖမိုး၊ လက်ဖဝါး ကြည့်တဲ့ နှစ်ဖက်အမြင်နဲ့ တိုင်းတာတတ်ကြပါ တယ်။   လက်ဖမိုးဘက်က   ကြည့်တဲ့သူအတွက် လက်ဖမိုးဟာအမှန်လို့ ဆိုတတ်ကြသလို လက်ဖဝါး ဘက်က ကြည့်တဲ့သူကတော့ လက်ဖဝါးကိုမြင်ရလို့ လက်ဖဝါးဟာ  အမှန်လို့    ဆိုတတ်ကြပါတယ်။ လက်ဖမိုး၊  လက်ဖဝါး  နှစ်ဖက်စလုံးဟာ  သူ့ဘက် ကိုယ့်ဘက်   မှန်ကောင်းမှန်နိုင်ပေမယ့်   အားလုံးနဲ့ အကျုံးဝင်တဲ့  အမှန်တရားဟာ သူ့ဘက်ကိုယ့်ဘက် ဆိုတဲ့  နှစ်ဖက်အမြင်ထက်  ပိုပါတယ်။  မြတ်စွာ ဘုရားက  ဓမ္မစကြာတရားမှာ   သစ္စာလေးပါးကို ဟောခဲ့ပါတယ်။ သစ္စာဆိုတာ မဖောက်မပြန်မှန်ကန် သော တရားကိုဆိုခြင်းပါ။ အခြေအနေ၊ အချိန်အခါ၊ လူပုဂ္ဂိုလ်မရွေးအတွက် မှန်ကန်တဲ့ တရားဖြစ်ပါ တယ်။ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဆိုတဲ့ သစ္စာလေးပါးဟာ အရိယသစ္စာများ ဖြစ်ကြပါတယ်။   သစ္စာလေးပါးမှာ   ဒုက္ခသစ္စာ၊ သမုဒယသစ္စာနဲ့   နိရောဓသစ္စာတို့ဟာ လောကုတ္တ ရာနယ်ပယ်နဲ့  ပိုမိုသက်ဆိုင်ပြီး မဂ္ဂသစ္စာတရား ကတော့ လောကီ၊ လောကုတ္တရာ နှစ်ဖြာ သက်ဆိုင် ပါတယ်။ 

 


လောကုတ္တရာနယ်ပယ်မှာတော့ သစ္စာလေးပါး လို   မဖောက်မပြန်မှန်ကန်တဲ့  အမှန်တရားဖြစ်ဖို့ ခက်ခဲပါတယ်။ အခြေအနေ၊ အချိန်အခါနဲ့ နေရာ ဒေသလိုက်ပြီး ကွဲပြားနိုင်၊ ပြောင်းလဲနိုင်လို့ ဖြစ်ပါ တယ်။ လောကုတ္တရာမှာလို ခြွင်းချက်မရှိ အမှန် တရားဆိုတာထက်   ကိုယ့်အကျိုး၊    သူ့အကျိုးနဲ့ အများအကျိုးအတွက်    ကောင်းမွန်တဲ့လုပ်ရပ်နဲ့ အကျိုးတရားဖြစ်စေရင် အမှန်တရားလို့ အနီးစပ်ဆုံး ဆိုနိုင်ပါလိမ့်မယ်။ အဲဒါနဲ့ဆန့်ကျင်ဘက်ဖြစ်ကတော့ ငါ၊ သူ၊ သူတို့ဆိုတဲ့  သုံးဖက်ထဲက  ကိုယ့်အတွက်ပဲ ဖြစ်ဖြစ်၊ အခြားသူတွေအတွက်ပဲဖြစ်ဖြစ် တစ်ဖက် ဖက်ကို အကျိုးပျက်စီးစေတဲ့ ပြောဆို၊ လုပ်ဆောင် မှုဟာ   မှားယွင်းတဲ့လုပ်ရပ်ပဲ  ဖြစ်ပါတယ်။  ကိုယ့် အတွက် အကျိုးရှိလို့ မှန်တယ်လို့ ကိုယ့်ဘာသာ ယူဆကောင်းယူဆနိုင်ပေမယ့် အခြားသူတွေအပေါ် အကျိုးပျက်စီးစေရင်တော့ မှန်တယ်လို့ ယူဆလို့ မရနိုင်ပါဘူး။ ကိုယ့်အတွက် ကောင်းတယ်၊ အများ အတွက်  မကောင်းဘူး၊   ကိုယ့်အတွက်မကောင်း အများအတွက်လည်း   မကောင်း၊   အများအတွက် ကောင်းပေမယ့်  ကိုယ့်အတွက် မကောင်း၊  အများ အတွက်လည်းကောင်း     ကိုယ့်အတွက်လည်း ကောင်းဆိုတာကိုကြည့်ရင်      အမှန်နဲ့အမှားရဲ့ ကွာခြားချက်ကို ခွဲခြားသိနိုင်ပါတယ်။ 

 


အမှားဖြစ်စေတတ်


အမှားတွေကို ဘယ်အချိန်မှာ  လုပ်မိတတ်ကြ သလဲဆိုရင်တော့ အခြေအနေအလိုက် ကွဲပြားမှု တွေရှိပါတယ်။ ဥပမာ  ငယ်ရွယ်တဲ့သူနဲ့  အသက် အရွယ်ကြီးတဲ့သူ အမှားလုပ်မိတာခြင်း မတူတတ် ပါဘူး။   လူတစ်ယောက်နဲ့  တစ်ယောက်အကြား ပညာ၊ အသက်အရွယ်၊ အတွေ့အကြုံ၊ ရင့်ကျက်မှု၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်း၊ စိတ်ခံစားချက်၊ လောဘ ဒေါသ မောဟ၊ ပတ်ဝန်းကျင်လွှမ်းမိုးမှု ဆိုတာတွေ ကွာခြားရင် အမှားလုပ်မိတတ်တဲ့ အခြေအနေလည်း တူညီမှာမဟုတ်ပါဘူး။ အဲဒီ အမှားဖြစ်စေတတ်တဲ့ အကြောင်းရင်းခံတွေဟာ    မတော်တဆဖြစ်တဲ့ အမှားတွေ၊  ကိုယ်နဲ့အခြားသူတွေအပေါ်  ထိခိုက်မှု မရှိစေတဲ့  အမှားသေးသေးလေးတွေကို  ဆိုတာ မဟုတ်ပါဘူး။ ကိုယ်နဲ့ပတ်ဝန်းကျင်ကို ထိခိုက်မှုများ စေတဲ့ အမှားတွေကို အဓိက ဆိုချင်တာ ဖြစ်ပါတယ်။
ပညာ၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်းနဲ့ သင်ခန်းစာယူ နိုင်မှုဟာ   အမှားမဖြစ်စေဖို့   ထိန်းကျောင်းနိုင်တဲ့ အရည်အသွေးတွေဖြစ်ပါတယ်။ အဲဒီအရည်အသွေး တွေ အားနည်းတာနဲ့အမျှ အမှားဖြစ်ဖို့ အခွင့်အလမ်း များမှာ ဖြစ်ပါတယ်။ အသက်အရွယ်၊  အတွေ့အကြုံ နဲ့   ရင့်ကျက်မှုဆိုတာကလည်း   ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းဖို့ အကောင်းဆုံးအရည်အသွေးတွေဖြစ်ပါတယ်။ ဒါပေမယ့် အသက်အရွယ်ငယ်ပေမယ့် အတွေ့အကြုံနဲ့ ရင့်ကျက်မှုရှိတာ၊ အသက်အရွယ်နဲ့အတွေ့အကြုံရှိပေမယ့်လည်း သင်ခန်းစာယူနိုင်မှု နဲ့     စဉ်းစားဆုံးဖြတ်နိုင်စွမ်း   အားနည်းတာ   စတဲ့ ဘက်မညီတဲ့အရည်အသွေးတွေလည်း ရှိနေပြန်ပါ သေးတယ်။ ဒါကြောင့် ကိုယ်ဘာကြောင့် အမှားတွေ လုပ်မိတာလဲဆိုတာကို ကိုယ့်မှာရှိတဲ့ အရည်အသွေး တွေနဲ့  ဆန်းစစ်လိုက်ရင်   အမှားဖြစ်စေတတ်တဲ့ အကြောင်းရင်းကို တွေ့နိုင်ပါတယ်။

 


အမှားသံသရာကျော့တတ်


အထက်မှာဆိုခဲ့သလို   လူတိုင်းလိုလို   အမှား မကင်းတတ်ကြပါဘူး။ မှားတဲ့အခါ မတော်တဆ တစ်ခါတစ်ရံ မှားတတ်တာတွေရှိသလို အမှားတစ်ခု ကိုပဲ ထပ်ကာထပ်ကာမှားနေတတ်တာလည်းရှိပါ တယ်။ အချို့က စရိုက်လိုဖြစ်နေတဲ့ အကျင့်တွေ ကြောင့် ထပ်ကာထပ်ကာမှားတတ်ပါတယ်။ ဆိုပါစို့ ဒေါသဖြစ်တဲ့စရိုက်၊   မူးယစ်သောက်စားပြီးရင် ပြဿနာရှာတတ်တဲ့စရိုက်တွေကြောင့် အမှားတွေ ထပ်ကာထပ်ကာ  ဖြစ်တတ်တာမျိုးတွေ  ဖြစ်ပါတယ်။  အဲဒီလို အမှားမျိုးတွေက ဖြစ်လေ့ဖြစ်ထ ရှိတတ်ကြ ပါတယ်။ စရိုက်ကြောင့်ဖြစ်တဲ့အမှားမဟုတ်ဘဲ လောဘ၊ ဒေါသ၊  မောဟတွေ လွှမ်းမိုးလို့၊ တစ်ဖက်စွန်း စိတ် ခံစားချက်များ ပြင်းထန်နေလို့ ဖြစ်လာတဲ့အမှား တွေဟာ      ကိုယ့်ကိုယ်ကိုယ်   ထိန်းချုပ်နိုင်စွမ်း လျော့နည်းလာပြီး အမှားတွေကို ထပ်ကာထပ်ကာ ဖြစ်စေတတ်တာ တွေ့ရပါတယ်။ စိတ်ခံစားချက်တွေ ထဲမှာပါတဲ့ ဒေါသစိတ်၊ အာဃာတစိတ်၊  ချစ်စိတ်၊ မုန်းစိတ်တို့လို   ခံစားချက်လွန်ကဲလာရင်  အမှား အမှန်ကို ဝေဝါးစေပြီး မှားပြီးရင်း မှားတတ်ကြပါ တယ်။ 

 


ဒီလိုပဲ   အတ္တနဲ့   လောဘ   စိတ်အားကြီးပြီး ကိုယ်ကျိုးစီးပွားတွေများလာရင်လည်း အမှားအမှန် ခွဲခြားဆုံးဖြတ်နိုင်စွမ်း   အားနည်းလာစေပါတယ်။ ဒီအခါမှာ အမှားကို အမှန်ထင်ပြီး အမှားသံသရာမှာ ကျော့နေတတ်ပါတယ်။ အမှားသံသရာ ဖြစ်စေတဲ့ထဲ မှာ သင်ခန်းစာမယူတတ်ခြင်း ဒါမဟုတ် မယူနိုင်ခြင်း ဟာလည်း ထပ်ကာထပ်ကာ မှားစေဖို့ အကြောင်း တရားတစ်ရပ် ဖြစ်ပါတယ်။ လူတစ်ယောက်အနေနဲ့ မှားတတ်တယ်ဆိုပေမယ့်    ဖြစ်ခဲ့တဲ့အမှားကိုပဲ ထပ်ကာထပ်ကာမှားနေခြင်းဟာ အမှားကို သင်ခန်း စာမယူနိုင်တဲ့ အားနည်းချက်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင်   အထက်မှာဆိုခဲ့တဲ့   အရည်အသွေးတွေ အားနည်းချက်ကြောင့်    သင်ခန်းစာမယူနိုင်တာ လည်း ဖြစ်နိုင်ပါတယ်။ 

 


လောကမှာ မှားတတ်ကြလို့ အမှားတွေဖျက်ဖို့ ခဲတံမှာတောင် ခဲဖျက်တပ်ထားတယ်ဆိုပေမယ့် ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်ရဲ့ ဘယ်ဘက်ကိုပဲဖြစ်ဖြစ် အကျိုးပျက်စီးစေတဲ့ အမှားတွေ ထပ်ကာထပ်ကာ ဖြစ်နေရင် အဲဒီရဲ့အကျိုးဆက်ကို ကိုယ်တိုင်ရော လူ့ပတ်ဝန်းကျင်ကိုရော ထိခိုက်စေပါတယ်။ ဒီတော့ ကိုယ်တိုင်က အမှားကျူးလွန်မိတယ်ဆိုရင်တောင် မတော်တဆဖြစ်သွားတဲ့  အမှားလား၊  မှားပြီးသား ကို   ထပ်ပြီးမှားနေတာလားဆန်းစစ်ကြရမှာပါ။ ဒါ့အပြင် အရင်က မှားပြီးသား အမှားကို ထပ်ပြီးမှားတဲ့အထဲမှာ သူတစ်ပါးမှားပြီး သားအမှားကို မိမိကိုယ်တိုင်ကလိုက်ပြီး  မှားတာ လည်း   ပါပါတယ်။   အခြားသူမှားခဲ့တာတွေကို တွေ့နေ    မြင်နေပါလျက်   သင်ခန်းစာမယူနိုင်လို့ ကိုယ်တိုင်က   အဲဒီအမှားတွေအတိုင်း   လိုက်ပြီး မှားတာဖြစ်လို့   မဆုံးရှုံးသင့်တာ၊   မနစ်နာသင့် တာတွေ ဖြစ်တတ်ပါတယ်။ 

 


အမှားနှင့် သင်ခန်းစာ


အမှားတွေကနေ   သင်ခန်းစာယူရာမှာ   မိမိ ကိုယ်တိုင်ရဲ့အမှားတွေကနေ သင်ခန်းစာယူခြင်းနဲ့  အခြားသူတွေရဲ့အမှားတွေမှ   သင်ခန်းစာယူခြင်း နှစ်မျိုးတွေ့ရပါတယ်။ သင်ခန်းစာယူနိုင်တဲ့ နှစ်မျိုး ထဲကမှ ပထမတစ်မျိုးဖြစ်တဲ့ ကိုယ်တိုင်ပြုလုပ်မိတဲ့ အမှားကနေ သင်ခန်းစာယူတတ်ဖို့ ဦးစွာ လိုအပ်ပါ တယ်။ ကိုယ်ပြုလုပ်လိုက်တဲ့ အမှားကနေ သင်ခန်း စာယူဖို့အတွက် အဓိကလိုအပ်ချက်က မိမိရဲ့အမှား ကို ကိုယ်တိုင်က  သိရှိလက်ခံဖို့ဖြစ်ပါတယ်။   ဒီလို တွေးမိတာ၊ ပြောမိတာ၊ လုပ်မိတာ ငါလွဲသွားတယ် ဒါမှမဟုတ် ငါမှားသွားတယ်လို့ ကိုယ်တိုင်သိရှိလက်ခံ မှ ကိုယ့်ရဲ့အမှားကို ပြင်ဆင်နိုင်ဖို့ လမ်းပွင့်သွားမှာပါ။ ကိုယ်လုပ်လိုက်တာကို   မှားလို့  မှားမှန်းမသိဘူး၊ မှားမှန်းသိပေမယ့် အဲဒီအမှားကို လက်မခံဘူးဆိုရင် သင်ခန်းစာယူဖို့ ဒါမှမဟုတ် အမှားပြင်ဖို့  ခက်ပါ တယ်။  ကိုယ်ရဲ့  လုပ်ရပ်ကိုတောင်   မှန်မှန်းမသိ၊ မှားမှန်းမသိတဲ့နောက်တော့ သူများဆီက သင်ခန်း စာယူဖို့က ပိုခက်ခဲသွားပါပြီ။

 


အမေရိကန်စာရေးဆရာနဲ့ ဈေးကွက်ကျွမ်းကျင် သူ Roy H. Williams က စမတ် (smart) ဖြစ် တဲ့လူတစ်ယောက်ဟာ အမှားတစ်ခုလုပ်မိရင် အဲဒီ အမှားကနေ သင်ခန်းစာယူတယ်၊ အဲဒီလို အမှားမျိုး ဘယ်တော့မှ    ထပ်မလုပ်တော့ဘူး။   ဒါပေမယ့် ပညာရှိ (wise man) တဲ့လူကတော့ စမတ်ဖြစ်တဲ့ လူမျိုးကိုရှာပြီး သူ့ဆီကနေ အမှားတွေကို ဘယ်လို ရှောင်ရမလဲဆိုတာ သင်ခန်းစာယူတယ်လို့  ဆိုပါ တယ်။  ကိုယ်တိုင်အမှားကနေ  သင်ခန်းစာယူနိုင် တဲ့သူက smart man ဖြစ်ပြီး အခြားသူရဲ့ အမှား တွေကနေ သင်ခန်းစာယူနိုင်တဲ့သူက wise man ဖြစ်တယ်လို့ ဆိုတာပါ။ 

 


အမှားတွေကနေ သင်ခန်းစာယူဖို့ရာမှာ အမှား ကို သိဖို့၊ လက်ခံဖို့အတွက် အမှားတွေအပေါ် ထားတဲ့ ကိုယ့်ရဲ့စိတ်သဘောထားနဲ့    သက်ဆိုင်ပါတယ်။ အမှားအမှန်သိဖို့နဲ့   မှားနေရင်လည်း   လက်ခံပြီး ပြင်ဆင်လိုတဲ့ စိတ်ရှိမှ သင်ခန်းစာယူနိုင်မှာ ဖြစ်ပါ တယ်။  အများအားဖြင့်  အမှားကို  မရည်ရွယ်ဘဲ လုပ်မိတတ်ကြပါတယ်။ ဒါအပြင် သိသိကြီးနဲ့ မှားတဲ့ အမှားမျိုးလည်း ရှိကြပါတယ်။ နောက်တစ်မျိုးက တော့ ဖြစ်သွားတဲ့အမှားကို ထပ်ကာထပ်ကာလုပ်နေ တာမျိုးဖြစ်ပါတယ်။ အဲဒီထဲကမှ မှားမှန်းလည်းမသိ၊ မသိတဲ့အပြင်   ကိုယ့်အမှားကို   အမှန်လို့ယူဆတာ ကြောင့် အဲဒီအမှားကို ပြင်ဖို့ကတော့ အခက်ခဲဆုံး ဖြစ်ပါတယ်။ လောကနီတိထဲက လူမိုက်ဆိုတာကို ဖော်ပြထားတာနဲ့ ဆင်တူပါတယ်။ လူမိုက်ဆိုတာကို လောကနီတိမှာ မိမိမိုက်သော အဖြစ်ကို သိ၏။ ထိုသို့ သိခြင်းကြောင့် ထိုသို့ မိုက်သောသူဖြစ်လျက် လည်း  ပညာရှိမည်၏။ အကြင် လူမိုက်သည်ကား မိုက်လျက်လျှင် မိမိကိုယ်ကို ပညာရှိဟု ထင်၏။ ထိုသူမိုက်သည်သာလျှင် စင်စစ်သူမိုက်ဟူ၍ ဆိုအပ် ၏ လို့ဆိုထားသလို ဖြစ်သွားမှာပါ။

 


အကျိုးရှိအောင်သုံး


အမှားနဲ့မကင်းတတ်တဲ့ လူ့လောကမှာ အမှား တွေဟာ အသုံးချတတ်ရင် အကျိုးရှိပါတယ်။ တီထွင် မှုတစ်ခုလိုပဲ ပထမဆုံးစမ်းသပ်လုပ်ဆောင်ရာကနေ တွေ့လာတဲ့အမှားတွေကို ပြင်ရင်းပြင်ရင်း တိုးတက် မှုတွေ၊ အောင်မြင်မှုတွေရလာကြတာဖြစ်ပါတယ်။ သူတစ်ပါးရဲ့အမှားတွေကို သင်ခန်းစာယူတတ်လို့ ကိုယ်တိုင် နစ်နာဆုံးရှုံးမှုနည်းနည်းနဲ့ တိုးတက်လာ တာတွေလည်း    အများအပြားပါပဲ။  အမှားတွေဟာ အကျိုးပျက်စီးစေတယ်ဆိုပေမယ့် အသုံးချတတ်ရင် အကျိုးရှိစေလို့ ဒီကနေ့ လူသားတွေ တိုးတက်နေကြ တာ ဖြစ်ပါတယ်။ ဒါပေမယ့် မှားပြီးရင်း မှားနေရင် တော့ နစ်နာဆုံးရှုံးမှုတွေနဲ့ပဲ နပန်းလုံးနေရတာမို့ တိုးတက်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒီတော့ ကိုယ်နဲ့ကိုယ့် ပတ်ဝန်းကျင် တိုးတက်ဖို့၊ မိမိတို့ကိုယ်တိုင်လည်း smart man ဖြစ်ဖို့နဲ့ wise man ဖြစ်ဖို့အတွက်ဆို အမှားတွေကို  အကျိုးရှိအောင်   အသုံးချကြရမှာ ဖြစ်ပါတယ်။           ။