အလုပ်ရုံများနှင့် စျေးဝယ်စင်တာများမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေး

 

ရန်ကုန်     စက်တင်ဘာ    ၈


ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်စေရန်နှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်က ကျန်းမာရေးဦးစီးဌာနမှ  ဝန်ထမ်းများက  မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများနှင့်  စျေးဝယ် စင်တာများမှ  ဝန်ထမ်းများအား  Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တာမွေမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။    


အဆိုပါ   တာမွေမြို့နယ်အတွင်းရှိ    စက်ရုံ/ အလုပ်ရုံ များနှင့် စျေးဝယ်စင်တာများမှ ဝန်ထမ်းများအား ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင်   လူစုလူဝေးမဖြစ် ပေါ်စေရေးနှင့် လာရောက်ထိုးနှံသူများအနေဖြင့်  အဆင်ပြေ ချောမွေ့စွာ  ထိုးနှံနိုင်စေရေးအတွက်   မြို့နယ် ကိုဗစ်-၁၉   ရောဂါ  ထိန်းချုပ်ရေးနှင့်   အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း  ကော်မတီဝင်များ၊    နယ်မြေခံ   တပ်မတော်သားများ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊    ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊  မြို့နယ်ကြက်ခြေနီ အသင်း  တပ်ဖွဲ့ဝင်များ၊  မြို့နယ်အတွင်းရှိ  လူမှုကူညီရေး ပရဟိတ အသင်းဝင်များနှင့်   ရပ်မိရပ်ဖများက ကိုယ်ပူချိန် တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေ ခြင်းနှင့်    တစ်ဦးနှင့်တစ်ဦး   ခြောက်ပေအကွာမှ    တန်းစီ စောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။


“ ကျွန်တော်တို့လို   စက်ရုံအလုပ်ရုံ   ဝန်ထမ်းတွေကို  အခုလို  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ထိုးနှံပေးတဲ့ အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို    ကျေးဇူးအထူးပဲ တင်ရှိပါတယ်။  ဘာဖြစ်လို့လဲဆိုတော့  ကျွန်တော်တို့လို ဝန်ထမ်းတွေက လုပ်ငန်းခွင်မှာ လူအများနဲ့  ပြောဆိုဆက်ဆံ လုပ်ကိုင်ရတာက      များပါတယ်။    အဲဒီအတွက်ရောဂါ ကူးစက်နိုင်ခြေကလည်း    ရာခိုင်နှုန်းအားဖြင့်   များပါတယ်။    အခုလို   ကာကွယ်ဆေးတွေကို   ကြိုတင်ထိုးနှံထားခြင်း အားဖြင့်  ရောဂါကူးစက်မှုကနေ ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်သလို မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံတွေက ဝန်ထမ်း တွေအပြင် နေ့စဉ်လူအများနဲ့ ပြောဆိုဆက်ဆံ လုပ်ကိုင်ရသူ တွေအနေနဲ့   ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ  နေထိုင်ကြပါလို့လည်း တိုက်တွန်း ချင်ပါတယ် ”  ဟု  ကာကွယ်ဆေး  လာရောက်ထိုးနှံသူ စက်ရုံဝန်ထမ်း တစ်ဦးက ပြောသည်။


ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို  ၂၀၂၁ ခုနှစ် ဩဂုတ် ၂ ရက်က စတင်ထိုးနှံပေးလျက်ရှိပြီး    ၂၀၂၁   ခုနှစ်   စက်တင်ဘာ ၆ ရက်အထိ တာမွေမြို့နယ်အတွင်းရှိ  အသက်  ၆၅  နှစ် နှင့်အထက်  ဘိုးဘွား ၆၄၅၃ ဦးကိုလည်းကောင်း၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း ၁၃၉၃ ဦးကိုလည်းကောင်း၊ ပရဟိတအသင်းဝင် ၁၀၇၅ ဦးကိုလည်းကောင်း၊ ဘုန်းတော် ကြီးကျောင်း/    သီလရှင်ကျောင်းနှင့်     ဘာသာရေး ကျောင်းများမှ ၃၇၁ ဦးကိုလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း ၁၁၄၅  ဦးကိုလည်းကောင်း၊   နိုင်ငံ့ဝန်ထမ်းမိသားစု   ၂၁၀   ကိုလည်းကောင်း၊     ဟိုတယ်/မိုတယ်နှင့်    တည်းခိုခန်း  များမှ    ဝန်ထမ်း  ၁၆    ဦးကိုလည်းကောင်း၊      ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ ဝန်ထမ်း ၁၇ ဦးကိုလည်းကောင်း ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့်  ယခုအခါ  မြို့နယ်အတွင်းရှိ  စက်ရုံ / အလုပ်ရုံများနှင့်   စျေးဝယ်စင်တာများမှ  ဝန်ထမ်း  ၅၈၁  ဦးကို နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထိုးနှံ ပေးလျက်ရှိကြောင်း     မြို့နယ်   ကိုဗစ်-၁၉      ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေး လုပ်ငန်းကော်မတီမှ သိရသည်။  

  
နိုင်လင်းအောင် (ပြန်/ဆက်)