
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့်ကယ်ဆယ်ရေးပစ္စည်းများ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့်ပို့ဆောင်
နေပြည်တော် မေ ၂၀
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင် ပြည်နယ် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူ များကို လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှု များပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုး ရေယာဉ်ပထမ အစင်းသည် စစ်ထောက်ချုပ်ရုံးမှ ရေသယ်ယာဉ် တစ်စီး၊ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်းမှ ဒီဇယ်ဆီ ကိုးလုံး၊ နယ်မြေခံခဲယမ်း မီးကျောက်တပ်ရင်းမှ ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်း ကုန်တန်ချိန် ၁၀ တန်တို့အားလည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ် ဒုတိယမြောက်အစင်း သည် ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်မှ ကယ်ဆယ်ရေး ဆန်အိတ် ၈၀၊ ရေသန့် ဘူး ၄၀၀ စုစုပေါင်းကုန်တန်ချိန် ၄ ဒသမ ၅ တန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၇၂ ဦးတို့ကို လည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ် တတိယ မြောက်အစင်းသည် စစ်ထောက်ချုပ်ရုံးမှ Sino Truck ယာဉ်တစ်စီး၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ ဒီဇယ်ဆီ ရှစ်လုံး၊ နယ်မြေခံခဲယမ်းမီးကျောက်တပ်မှ ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်းကုန်တန်ချိန် ၉ ဒသမ ၈ တန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၃ ဦးတို့ကို လည်းကောင်း ယနေ့နံနက်ပိုင်းတွင် ရေချမ်းပြင် ချောင်းဝအနီးမှ တင်ဆောင်၍ ရသေ့တောင်သို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ထောက်ပံ့ရေးနှင့် ကယ် ဆယ်ရေးပစ္စည်းများ ထပ်မံသယ်ဆောင်ပေးရန် အတွက် ရေချမ်းပြင်၌ ပြန်လည်အခြေပြုခဲ့သည်။
အလားတူ တင့်ကားတင်ကမ်းထိုးရေယာဉ် တစ်စင်းသည် စစ်ရေးချုပ်ရုံးမှ SENO TRUK ကား နှစ်စီး၊ TA TA ကား တစ်စီး၊ ကယ်ဆယ်ရေးကြိုးခွေ ၁၀ ခွေ၊ ယာဉ်အုပ်ချုပ်မှုပစ္စည်းနှင့် ဆက်သွယ်ရေး ပစ္စည်း ငါးမျိုး၊ ထောက်ပံ့ရေး ရိက္ခာထုပ် ၅၀၀၊ မီးစက် တစ်လုံး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ MAL TRUK နှစ်စီး၊ DOYUNG တစ်စီး၊ TA TA တစ်စီး၊ မိုးကာတဲ ၅၀၊ တာပေါ်လင်ချပ် ၁၆၀၊ ဒီဇယ်ဆီ ခြောက်လုံး၊ ဆက်သွယ်ရေးစက်နှင့် ဆက်စပ်ပစ္စည်း ငါးမျိုး၊ လျှပ်စစ်နှင့် အပိုပစ္စည်းကိရိယာ ငါးမျိုး၊ Kubota မီးစက်အသေး တစ်လုံး၊ နယ်ခြားစောင့်တပ်ဖွဲ့ မှ အမဲစည်သွပ် ၂၂၈ ဖာ၊ စားတော်ပဲစည်သွပ် ၅၂၉ ဖာ၊ သွပ်ပြားအချပ် ၅၀၀၊ မိုးကာလိပ် ၂၀၊ ရွက်ဖျင်တဲ ခြောက်လုံး၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဝတ် အထုပ် ၆၀ စုစုပေါင်း ကုန်တန်ချိန် ၈၀ ဒသမ ၅ တန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁၁ ဦးတို့ကို ယနေ့ နံနက်ပိုင်းတွင် မင်းဂံကမ်းထိုးရပ်၌ တင်ဆောင်၍ အငူမော်သို့ ပို့ဆောင်ပေးခဲ့သည်။
ထို့နောက် မေ ၁၆ ရက်တွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ ဆန်အိတ် ၁၂၂၅၀၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ သွပ်ချပ် ၈၀၀၀၊ သွပ်သံ ၁၇ ဖာ၊ စားအုန်းဆီ ၁၁၄၄ ဖာ၊ သွားတိုက်ဆေးဘူး ၆၆၇ ဖာ၊ သွားတိုက်တံ ဖာ ၈၀၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ မှတ်ပုံတင်တောင်းခံလွှာပုံစံများ ၄၈ ထုပ်၊ မြန်မာ့မီးရထားမှ တာပေါ်လင် ၁၅ ချပ်၊ မီးစက် နှစ်လုံး၊ ချိန်းဆော နှစ်လက်၊ Water Pump တစ်ခု၊ ပို့ဆောင်ရေးမှ တာပေါ်လင် ငါးလိပ်၊ မီးစက် နှစ်လုံး၊ ၃ မူး နိုင်လွန်ကြိုး သုံးခွေ၊ ချိတ်ကွင်း ၁၀၀၀ ခုပါ တစ်ထုပ်၊ စက်ပစ္စည်း နှစ်ထုပ်၊ ရိက္ခာခြောက်ဂျပ်ဖာ သုံးခု၊ ဖယောင်းပုဆိုး တစ်လိပ်၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မီးစက်နှင့် ဆက်စပ်ပစ္စည်းများ၊ ဆန်အိတ် ၇၀၊ ဆီဘူး ၇၀၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကော်ပုံး နှင့် ဒန်အိုးများ စုစုပေါင်းကုန်တန်ချိန် ၆၆၀ တို့ကို တင်ဆောင်၍ ရန်ကုန်မြို့မှ ထွက်ခွာလာသော စစ်ရေယာဉ်(ပြည်တော်အေး-၂)သည် ယနေ့ ညနေပိုင်းတွင် စစ်တွေမြို့ Essar တံတားသို့ရောက်ရှိ ခဲ့ပြီး သယ်ဆောင်သွားသည့် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့် ပြည်သူများထံသို့ အမြန်ဆုံးဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်