
ရန်ကုန် အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ်ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့ပြီး သီတင်းကျွတ် ဈေးရောင်းပွဲတော်ကြီးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်မှ ထုတ်လုပ်သည့်ပစ္စည်းများ၊ MSME လုပ်ငန်းများ၊ အသေးစားစက်မှုလုပ်ငန်းများ၊ သမဝါယမဝန်ကြီးဌာနမှ ထုတ်ကုန်များ၊ စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထွက်ကုန်ပစ္စည်းများကို ဆိုင်ခန်းပေါင်း ၅၀၀ ခန့်ဖြင့် ပြသရောင်းချလျက်ရှိရာ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်း များအပါအဝင် ပြည်သူများ ဝယ်ယူအားပေးမှုများပြားခဲ့သည်။
ထို့ပြင် အောက်တိုဘာ ၂၇ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ပွဲတော်ရက် အတွင်း နေ့စဉ် E-sport ဂိမ်းပြိုင်ပွဲများ၊ စတုဒိသာကျွေးမွေးမှုများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ ဆပ်ကပ်၊ မျက်လှည့်၊ DJ ၊ Dancer အက များဖြင့် ဖျော်ဖြေမှုများကို နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ အားပါးတရ ကြည့်ရှု ခံစားနိုင်မည်ဖြစ်သည်။ ယနေ့တွင် အဆိုပါပွဲတော်ရှိ တာဝန်ရှိသူများနှင့် လာရောက်သူများ၏ စကားသံများကို လည်း စုစည်းဖော်ပြလိုက်ပါသည်။
ဦးမျိုးမြင့်အောင်
ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး
မနှစ်ကလည်း သီတင်းကျွတ်ပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်၊ လွတ်လပ်ရေး နေ့၊ ပြည်ထောင်စုနေ့ စတဲ့နေ့တွေမှာ ဈေးရောင်းပွဲတော်တွေ ဆောင်ရွက်တဲ့ အခါ လာရောက်ကြည့်ရှုတဲ့ပြည်သူတွေကို ဖျော်ဖြေပွဲတွေထည့်ပြီး ဆောင်ရွက်ခဲ့ပါ တယ်။ ဒီနှစ်မှာလည်း သီတင်းကျွတ် ပွဲတော်ကို စက်မှုထုတ်ကုန်၊ ရေထွက် ပစ္စည်းအားလုံး ဆိုင်ခန်းပေါင်း ၅၀၀ နဲ့ ဖွင့်လှစ်ရောင်းချခြင်းဖြစ်ပါတယ်။ ဒီနှစ် ထူးခြားချက်က ယခင်နှစ်နဲ့မတူတဲ့ ရေထွက်ကုန်ပစ္စည်းတွေ ပြည်သူလူထု သိရှိအောင် ငါး၊ ပုစွန်၊ ကဏန်း စတဲ့ ပင်လယ်စာတွေကို ကျွန်တော်တို့နိုင်ငံမှာ စနစ်အသစ်နဲ့ ဒါတွေကို ဆောင်ရွက်နေ တယ်ဆိုတာရယ်၊ ဈေးသက်သက် သာသာနဲ့ဝယ်ယူလို့ရအောင် ဒါတွေကို ပရိုမိုးရှင်းလုပ်ပြီး ထည့်သွင်းရောင်းချတာ ဖြစ်ပါတယ်။ ဒါ့အပြင် လာရောက် လည်ပတ်တဲ့ လူငယ်တွေအတွက်လည်း ၂၇၊ ၂၈၊ ၂၉ ပေါ့။ နေ့လယ်ပိုင်းမှာဆိုရင် E-Sport ဂိမ်း ယှဉ်ပြိုင်ပွဲရှိပါတယ်။ ပြိုင်ပွဲပြီး ဆုပေးမယ့်အစီအစဉ် ပါဝင် တယ်။ နောက်ဆုံး ၃၀ ရက်နေ့ကျရင် ကျွန်တော်တို့နိုင်ငံမှာ အကောင်းဆုံးဖြစ် တဲ့ ဖယ်လ်ကွန်အသင်းနဲ့ အုပ်စုလိုက် ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
နံပါတ်တစ်ကတော့ မြန်မာနိုင်ငံမှာ ထုတ်နေတဲ့ MSME ထုတ်ကုန်တွေကို တော်တော်များများ မသိကြဘူး။ ကျွန်တော် တို့ကိုယ်တိုင်ကအစ စက်ရုံတွေရောက်မှ တွေ့ရတဲ့အခြေအနေ။ အရည်အသွေးပိုင်း ကြည့်လို့ရမယ်။ ပစ္စည်းချင်းတူလို့ရှိရင် ပြည်ပသွင်းတဲ့ ကုန်ပစ္စည်းနဲ့စာရင် ဒီပစ္စည်း တွေက ဈေးနှုန်းအများကြီးသက်သာတယ်။ ရေထွက်ပစ္စည်း၊ ငါး၊ ပုစွန်၊ ကဏန်း၊ ပင်လယ်စာတွေ ကို ကျွန်တော်တို့နိုင်ငံမှာ စနစ်အသစ်နဲ့ ထုတ်နေတာရှိပါတယ်။ ဒါက ယုဇနကဆောင်ရွက်တဲ့ Global Earth Agro & Aqua Industry Public Company Limited ဆိုရင် အရှေ့တောင် အာရှမှာ တစ်ခုပဲရှိတယ်။ ငါးတွေကို စနစ်အသစ်နဲ့ မွေးထားတာဖြစ်ပါတယ်။ ငါးရဲ့အရည်အသွေးပိုင်းလည်း ကောင်းပါ တယ်။ ဈေးနှုန်းကလည်း သက်သက် သာသာနဲ့ တစ်ပိဿာကို ခြောက်ထောင် နဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။
သွားလာရေး အဆင်ပြေအောင် လည်း ည ၁၀ နာရီအထိ၊ မြို့နယ်အသီးသီး ကို ပြန်နိုင်ဖို့ YBS ယာဉ်တွေကို စီစဉ် ဆောင်ရွက်ပေးထားပါတယ်။ ညနေပိုင်း ဆိုရင် ၆ နာရီကနေ ညပိုင်း ၁၀ နာရီအထိ ရုပ်ရှင်၊ ဂီတ နာမည်ကြီးအနုပညာရှင် တွေက နေ့စဉ်ဖျော်ဖြေပေးသွားမှာဖြစ်ပါ တယ်။ စတုဒိသာကျွေးမွေးဖို့အပိုင်းက မနက်ပိုင်းနဲ့ ညနေပိုင်းအတွင်း တစ်နေ့ တာကို ဒန်ပေါက် အထုပ် ၆၀၀၀ ကျွေးမွေး ပေးသွားမှာဖြစ်ပါတယ်။
ဒေါက်တာ တိုးနန္ဒာတင်
အကြီးတန်းဒုတိယဥက္ကဋ္ဌ၊
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်
ကျွန်မတို့ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ ပြည်သူတွေအတွက်ဆိုရင် ပညာပေး ရယ်၊ တကယ်တမ်းလုပ်နေတဲ့ လုပ်ငန်း တွေလည်းရှိတယ်။ ငါးလုပ်ငန်းနဲ့ ပတ်သက် တဲ့ ရှင်းလင်းချက်တွေ၊ လက်ရှိ ရှိနေတဲ့ ရေလုပ်ငန်းကဏ္ဍရယ်၊ နောက်ပြီး တိုးတက် အောင်ဘာလုပ်မလဲဆိုတဲ့ ရှင်းလင်းချက် တွေကို တစ်ခါတည်း ဗီဒီယိုကလစ်နဲ့ ပြသ ထားပါတယ်။ ငါးထုတ်နေတဲ့ကုမ္ပဏီတွေ၊ ဥပမာ ငါးနီတူခြောက်တို့၊ ဒါတွေကို ရောင်းလည်းရောင်းတယ်၊ ပြလည်းပြ ထားတယ်။ ငါးကနေလုပ်တဲ့ ငါးအသား လုံးလေးတွေ၊ ငါးကိတ်တို့၊ ငါးအသား ချောင်းတွေကို ရောင်းပေးနေတယ်။ အဲဒါတွေကိုလည်း ကြော်ပြီးရောင်းပေး တယ်။ အထုပ်လိုက်လည်း ရောင်းပေး တယ်။ ငါးနဲ့ပတ်သက်ရင် အဓိကက ငါးတန်ကို အခုပွဲတော်မှာ တစ်ကောင်ကို သုံးထောင်နဲ့ ခွဲပြီး ဆေးကြောပြီးသားကို ပြည်သူလူ ထုကို ဈေးသက်သက်သာသာနဲ့ ရောင်းပေးပါတယ်။
ဒေါ်ဇာခြည်ဌေး
ဒါရိုက်တာ၊ Global Earth Agro & Aqua
Industry Public Company Limited
ဒီပြပွဲမှာ ကျွန်မတို့မွေးမြူထားတဲ့ Fresh Silver Dory Fish နဲ့ပတ်သက်ပြီး အသေးစိတ် ပြသသွားမှာဖြစ်ပါတယ်။ ဒီငါးကို ပုံမှန် သမားရိုးကျ ငါးမွေးမြူတာနဲ့ ဘယ်လိုမျိုးတွေ ကွာခြားလဲ၊ နောက်ပြီး ထုတ်ကုန်တွေကို ဘယ်လိုမျိုးပြန်ပြီးတော့ ပြုပြင်ပြီး စားသုံးလို့ရလဲပေါ့။ အခု ကျွန်မတို့ထုတ်တဲ့ပစ္စည်း သုံးမျိုးမှာ တစ်မျိုး က ဈေးကွက်အနေနဲ့ ပုံမှန်ငါးနဲ့မတူဘဲ လတ်လတ်ဆတ်ဆတ် အနံအသက် မရှိ ဘူး။ နောက်တစ်မျိုးက အေးခဲထားတဲ့ ပစ္စည်း၊ အိမ်ရောက်တဲ့အခါ ငါးမိနစ်ကနေ ၁၀ မိနစ်အတွင်း ဟင်းတစ်ခွက်အဖြစ် ဖန်တီးလို့ရတယ်။ အဲဒီလိုပုံစံမျိုးနဲ့ ဟင်း အမယ်မျိုးစုံ၊ မြန်မာဟင်းပုံစံမျိုးလည်း ရှိတယ်။ နောက်ပြီး ပေါင်မုန့်ကတ်တွေနဲ့ လုပ်ထားတဲ့ မုန့်လိုသဘောမျိုး အကြော် လေးတွေလည်းရှိတယ်။ အကင်သဘော လိုမျိုး လုပ်စားလို့ရတာလည်း ရှိတယ်။ ငါးဖယ်လုံးလိုမျိုး လုပ်ထားတာလည်း ရှိတယ်။ ပုံစံတော်တော် အမျိုးစုံစုံလင်လင် ပြသထားပါတယ်။ ဈေးနှုန်းလည်း အသင့်အတင့်လေးရှိပါတယ်။ ပြပွဲကာလ မှာလည်း ငါးနဲ့ပတ်သက်ပြီး ပရိုမိုးရှင်း ကာလအနေနဲ့ လက်ဆောင်ပစ္စည်းအနေ နဲ့လည်း ဝယ်ယူတဲ့အခါ ကံစမ်းမဲလေးတွေ လည်း လုပ်ပေးသွားပါမယ်။ ပြပွဲကို လာရောက်ကြည့်ရှုပါလို့ ဖိတ်ခေါ်ချင်ပါ တယ်။
ဒေါက်တာ ခင်သော်တာဝင်း
ဒုတိယညွှန်ကြားရေးမှူး၊
ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်
ရေးနှင့် စစ်ဆေးရေးဦးစီးဌာန
၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ် ဈေးရောင်းပွဲတော်ကျင်းပရတဲ့ ရည်ရွယ် ချက်က နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ ပြည်တွင်း ထုတ်ကုန်တွေ အားပေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန်အစားထိုးထုတ်ကုန်တွေကို အားပေးမြှင့်တင်ရန်၊ ပြည်တွင်း ထုတ်ကုန်တွေကို ပြည်ပသို့ တင်ပို့ ရောင်းချနိုင်ရေး ရည်ရွယ်ဆောင်ရွက်ရန် လမ်းညွှန်ချက်တွေအပေါ် အထောက် အကူဖြစ်စေမယ့် ကဏ္ဍတစ်ရပ်နဲ့အညီ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ စက်မှုထုတ်ကုန်များနဲ့ MSME ထုတ်ကုန် များကို ပြသရောင်းချတာဖြစ်ပါတယ်။ သီတင်းကျွတ် ဈေးရောင်းပွဲတော်ကို အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက်အထိ လေးရက်တိုင်တိုင် ခင်းကျင်းပြသ ရောင်းချသွားမှာ ဖြစ်ပါတယ်။ နံနက် ၈ နာရီကနေ ည ၁၀ နာရီအထိ ဖျော်ဖြေ ရေး အစီအစဉ်တွေအပါအဝင် E-Sport ဂိမ်းပြိုင်ပွဲတွေ၊ စတုဒိသာကျွေးမွေးတာ တွေ၊ ရုပ်ရှင်၊ သဘင်နဲ့ ဂီတနယ်ပယ်က ကျော်ကြားလျက်ရှိတဲ့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ၊ DJ ၊ Dancer တွေနဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ကြည့်ရှုခံစားနိုင်ကြမှာဖြစ်ပြီး ဆန်၊ ဆီ၊ ကြက်ဥနဲ့ ဟင်းသီးဟင်းရွက် စတဲ့ အခြေခံ စားသောက်ကုန်တွေကိုလည်း ဈေးနှုန်း ချိုသာစွာနဲ့ ရောင်းချပေးသွားမှာဖြစ်ပါ တယ်။ ဈေးရောင်းပွဲတော်မှာ ရန်ကုန် တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စက်မှု ဇုန်တွေ၊ UMFCCI နဲ့ ညီနောင်အသင်း တွေဖြစ်တဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်၊ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ MSME လုပ်ငန်းရှင်တွေ၊ မြန်မာနိုင်ငံ လက်လီ ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီး စွမ်းဆောင်ရှင်များအသင်း၊ လူငယ် စွန့်ဦးတီထွင်သူများအသင်း၊ ကွန်ပျူတာ အသင်းချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းဦးစီးဌာန၊ သမဝါယမ ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့က ထုတ်ကုန် အရောင်းပြခန်းများနဲ့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ရေထွက်ပစ္စည်း ပြခန်းနဲ့ ဆိုင်ခန်းများ စတဲ့ဆိုင်ခန်းတွေ ပါဝင်ပြီး အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ် က လာရောက်ပြသတဲ့ ပြခန်းတွေအနေနဲ့ ကချင်ပြည်နယ်က သုံးခန်း၊ ပဲခူးတိုင်း ဒေသကြီးက ငါးခန်း၊ မန္တလေးတိုင်းဒေသ ကြီးက နှစ်ခန်း၊ ရှမ်းပြည်နယ်က ငါးခန်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက တစ်ခန်းနဲ့ ဧရာဝတီတိုင်းဒေသကြီးက နှစ်ခန်းပါဝင်တာကြောင့် စားသောက် ဆိုင်များအပါအဝင် ဆိုင်ခန်းပေါင်း ၅၀၀ ခန့်နဲ့ ပြသရောင်းချလျက်ရှိပါတယ်။ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ခင်းကျင်းပြသထားတာ ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ စိတ်လက်ပေါ့ပါး ပျော်ရွှင်စွာ အလှပန်းခင်းနဲ့ အလှမီးထွန်းပွဲ ကို ကြည့်ရှုခံစားရင်း ထုတ်ကုန်ပစ္စည်း တွေကို ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင် ရန်နှင့် ထုတ်လုပ်ပြသရောင်းချသူတွေ အဆင်ပြေစွာ ရောင်းချနိုင်စေရန် လာရောက်ဝယ်ယူအားပေးကြဖို့ ဖိတ်ခေါ် အပ်ပါတယ်။
ဒေါ်သန်းသန်းစိုး
ပြပွဲလာရောက်သူ တစ်ဦး
ဈေးပွဲတော်ရှိလို့ ကြည့်မြင်တိုင်ကနေ လာတာပါ။ အခု ဒီမှာ ဆီရောင်းနေတာ တွေ့လို့ အပြင်ထက် ဈေးသက်သာတာနဲ့ အရင်ဆုံး ဆီဝယ်လိုက်တယ်။ နောက်ပြီးမှ ပြခန်းတွေ၊ ဆိုင်ခန်းတွေကို သွားကြည့် မယ်။ တခြားသူတွေကို ဒီပွဲတော်ကို လာရောက် ကြည့်ရှု ဝယ်ယူအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
တွေ့ဆုံမေးမြန်း - ချိုကြီး
ဓာတ်ပုံ - ကျော်ကြီး