
နေပြည်တော် မတ် ၂၂
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအနှံ့ရှိ ပြည်သူလူထု ကုန်ကျစရိတ်သက်သာစွာဖြင့် ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ အမြန် လူစီးရထားခရီးစဉ် ၁၈ ခု၊ စာပို့ရထား ခရီးစဉ် ၁၂ ခု၊ လူစီးကုန်တင် ရထားခရီးစဉ် ရှစ်ခုတို့နှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထား ခရီးစဉ် ၃၀၊ စုစုပေါင်း ရထားခရီးစဉ် ၆၈ ခုတို့နှင့် ကုန်ရထားခရီးစဉ်များကို နေ့စဉ်စီစဉ်ပြေးဆွဲပေးလျက်ရှိသည်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၌ အမြန်ရထား လေးစင်း၊ စာပို့ ရထား နှစ်စင်းနှင့် လူစီးကုန်တင် ရထားနှစ်စင်းတို့ကို နေ့စဉ်ပြေးဆွဲ ပေးလျက်ရှိရာ လက်ရှိအခြေအနေအရ အခြေခံပညာကျောင်းများ အတန်းတင်စာမေးပွဲပြီးစီးပြီဖြစ်၍ ပြည်သူများသည် မိသားစုအလိုက် ခရီးဝေးသွားလာခြင်း၊ ဘုရားဖူးခရီးစဉ်များ သွားလာခြင်းတို့ဖြင့် ရထား များအားလုံးတွင် ခရီးသည်များ တွဲဆိုင်းအပြည့် လိုက်ပါစီးနင်းလျက် ရှိသည်။
အဆိုပါ ရထားခရီးစဉ်များအနက် ရန်ကုန်မှ မတ် ၂၁ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် မန္တလေးသို့ ပုံမှန်ထွက်ခွာလာသော အမှတ် (၃) အဆန် လူစီးအမြန်ရထားသည် ယနေ့နံနက် ၁ နာရီခန့်တွင် ပဲခူးတိုင်း ဒေသကြီး၊ အုတ်တွင်းမြို့နယ် ဇေယျဝတီဘူတာနှင့် ညောင်ခြေထောက် ဘူတာအကြား မိုင်တိုင် အမှတ် (၁၄၂/၉-၁၀) ကို ဖြတ်သန်းခုတ်မောင်းစဉ် အကြမ်းဖက်သောင်းကျန်းသူများက ယုတ်မာပက်စက်စွာဖြင့် ရထား လမ်းဘေးမှ အင်အားပြင်း လက်လုပ်မိုင်းတစ်လုံး ဖောက်ခွဲခဲ့သဖြင့် ရထားစက်ခေါင်း၏ လေကာမှန်များ ကွဲအက်ပျက်စီးခြင်း၊ စက်ခေါင်း နောက်ကပ်လျက် ရိုးရိုးတန်းလူစီးတွဲ၏ တက်/ဆင်းပေါက် တံခါးမကြီး တစ်ခု ပြုတ်ထွက်ခြင်း၊ ပြတင်းပေါက် နှစ်ပေါက် ပျက်စီးခြင်းအပြင် စီမံကိန်း ဆောင်ရွက်နေသည့် အစုန်လမ်းပေါ်မှ ကွန်ကရစ်ဇလီဖားတုံး အသစ် သုံးတုံးတို့ ပျက်စီးခဲ့ခြင်း စသည့်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် အဆိုပါလူစီးတွဲ၌ လိုက်ပါလာသည့် ခရီးသည် အမျိုးသား နှစ်ဦးတို့၏ ဦးခေါင်းနှင့် လက်တို့တွင် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့ကို ကျွဲပွဲဆေးရုံသို့ ချက်ချင်းပို့ဆောင်၍ ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ မိုင်းဖြစ်စဉ်ကြောင့် အမှတ် (၃)အဆန် လူစီးအမြန်ရထား သည် ၂ နာရီခန့်၊ အမှတ် (၆) အစုန် လူစီးအမြန်ရထားသည် ၅ နာရီခွဲခန့် နှင့် အမှတ် (၄) အစုန် လူစီးအမြန်ရထားသည် ၃ နာရီခွဲခန့် နီးစပ်ရာ ဘူတာများတွင် စောင့်ဆိုင်းကြန့်ကြာခဲ့ရသဖြင့် ရထားစီးခရီးသည် စုစုပေါင်း ၃၀၀၀ ခန့်တို့သည် လမ်းခရီး၌ အခက်အခဲများစွာ ကြုံတွေ့ ခဲ့ရသည်။
မိုင်းဖောက်ခွဲမှုဖြစ်စဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်း လင်းမှုဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် ရထား လမ်းအဆင့်မြှင့်တင်မှုစီမံကိန်း ဆောင်ရွက်နေသည့် အစုန်လမ်းပေါ် တွင် အင်အားပြင်းထန်သော လက်လုပ်မိုင်းဗုံး တပ်ဆင်၍ အဆန်လမ်း ပေါ်မှ ခုတ်မောင်းလာသည့် လူစီးအမြန်ရထားအား အချိန်ကိုက် အကြမ်းဖက်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်းနှင့် ရထားနှင့် ခရီးသည်များ ကိုသာမက ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းကိုပါ ထိခိုက်ပျက်စီးရန် ရည်ရွယ်လုပ်ဆောင်ခဲ့သည့် အကြမ်းဖက် သောင်းကျန်းသူများ၏ စက်ဆုပ်ရွံရှာဖွယ် ယုတ်မာပက်စက်မှုကို သိရှိရသည်။
သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက် တစ်ခုလုံး တွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲ ဖျက်ဆီးခြင်း (၁၀၉) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၃၇) ကြိမ်၊ ဘူတာများ မီးရှို့ ဖျက်ဆီးခြင်း (၁၁) ကြိမ်တို့ကို ကျူးလွန် ခဲ့ကြပြီးဖြစ် ကြောင်းနှင့် အဆိုပါအကြမ်းဖက် သောင်းကျန်းသူများကို ပြည်သူတစ်ရပ်လုံးမှ ရွံ့ရှာမုန်းတီးလျက် ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ရှုတ်ချမှုများဖြင့် တုံ့ပြန်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်