
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထဲရေးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် (၂၃၉/ ၂၀၂၃)
၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်
(၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်)
ပြည်ထဲရေးဝန်ကြီးဌာနသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၇၂၊ ပုဒ်မခွဲ (က) အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤနည်းဥပဒေ များကို ထုတ်ပြန်လိုက်သည်။
အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤနည်းဥပဒေများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေများ ဟု ခေါ်တွင်စေရမည်။
၂။ ဤနည်းဥပဒေများတွင် ပါရှိသောစကားရပ်များသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါ အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -
(က) ဥပဒေ ဆိုသည်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဆိုသည်။
(ခ) လေယာဉ်မှူး (Commander) ဆိုသည်မှာ လေယာဉ်ပျံသန်းချိန်တွင် ဘေးကင်းရေးနှင့် လေယာဉ် ပျံသန်းရာတွင် ကွပ်ကဲမောင်းနှင်ရေးတို့အတွက် တာဝန်ပေးခြင်းခံရသည့် လေယာဉ်မှူးကြီး သို့မဟုတ် တွဲဖက်လေယာဉ်မှူးကိုသော်လည်းကောင်း၊ ထိုသူ မဆောင်ရွက်နိုင်လျှင် လေယာဉ်ကို ကွပ်ကဲမောင်းနှင်သည့် လေယာဉ်မောင်းသူ (Pilot) ကိုသော်လည်းကောင်း ဆိုသည်။
(ဂ) ကောင်စစ်ဝန် ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံက ခန့်အပ်တာဝန်ပေးထားသည့် ကောင်စစ်ဝန် ကို ဆိုသည်။ ယင်းစကားရပ်တွင် ကောင်စစ်ဝန်ချုပ်လည်း ပါဝင်သည်။
(ဃ) တိုကျိုကွန်ဗင်းရှင်း (Tokyo Convention) ဆိုသည်မှာ ၁၉၆၃ ခုနှစ်တွင် လက်မှတ်ရေးထိုးချုပ်ဆို သည့် လေယာဉ်ပေါ်တွင် ကျူးလွန်သောပြစ်မှုများနှင့် အခြားပြုလုပ်မှုများဆိုင်ရာ ကွန်ဗင်းရှင်း ကို ဆိုသည်။
(င) လေယာဉ်ပျံသန်းချိန် ဆိုရာတွင် အောက်ပါကာလတစ်ခုခုပါဝင်သည် -
(၁) လေယာဉ်ထွက်ခွာရန် လေယာဉ်တံခါး ပိတ်လိုက်သည့်အချိန်မှစ၍ လေယာဉ်လှုပ်ရှားမှု
သို့မဟုတ် ပျံသန်းမှုပြုပြီးနောက် ခရီးသည်များဆင်းသက်ရန် လေယာဉ်တံခါးဖွင့်သည့်
အချိန်အတွင်းကာလ၊
(၂) လေယာဉ်တံခါးပိတ်ပြီးနောက် လေယာဉ်မှူး၏ တာဝန်နှင့်လုပ်ပိုင်ခွင့်အရ လေယာဉ်ပေါ်
ရှိသူများနှင့် ပစ္စည်းများအား ဘေးအန္တရာယ်ကျရောက်နိုင်သဖြင့် လေယာဉ်ပေါ်မှ ဆင်းသက်
ရန် လေယာဉ်တံခါးဖွင့်သည့် အချိန်အတွင်းကာလ သို့မဟုတ် လေယာဉ်ကို အဓမ္မဆင်းသက်
ခိုင်းသည့်ကိစ္စတွင် လေယာဉ်ပေါ်ရှိသူများနှင့် ပစ္စည်းများကို လေယာဉ်မှူးက ရဲအရာရှိ
သို့မဟုတ် အခွင့်အာဏာပိုင်တို့ထံ လွှဲပြောင်းပေးသည့် အချိန်မတိုင်မီအထိကာလ၊
(၃) အကြောင်းတစ်စုံတစ်ရာကြောင့် နိုင်ငံတစ်ခုခု၏ပိုင်နက်တွင်မရှိသည့် ပင်လယ်ရေပြင်ပေါ်
တွင်ဖြစ်စေ၊ ကုန်းပေါ်တွင်ဖြစ်စေ ဆင်းသက်နေရသည့်အချိန်ကာလ။
(စ) စာချုပ်ဝင်နိုင်ငံ ဆိုသည်မှာ နိုင်ငံတော်ကအဖွဲ့ဝင်အဖြစ်လက်ခံထားသော အကြမ်းဖက်မှုဆိုင်ရာ ကွန်ဗင်းရှင်းတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်သော အခြားနိုင်ငံတစ်ခုခုကို ဆိုသည်။
(ဆ) အကြမ်းဖက်အုပ်စုဝင် ဆိုသည်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ခ) ပါ အကြမ်းဖက်မှုတစ်ခုခုကို ကျူးလွန်မှု၊ ကျူးလွန်ရန်အားထုတ်မှု၊ အားပေးကူညီမှု၊ လှုံ့ဆော်မှု သို့မဟုတ် ထိုပြစ်မှုကျူးလွန်ရာတွင် ကြံရာပါအဖြစ် ပါဝင်ဆောင်ရွက်မှုကျူးလွန်သည့် အကြမ်းဖက်အုပ်စု၏ အဖွဲ့ဝင်တစ်ဦးဦးကို ဆိုသည်။
(ဇ) ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ ဆိုသည်မှာ ငွေကြေးခဝါချမှုများအား စုံစမ်း ထောက်လှမ်းဖော်ထုတ်ရန် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရဖွဲ့စည်းသည့် အဖွဲ့ကို ဆိုသည်။
(ဈ) ကြားဖြတ်ဖမ်းယူခြင်း ဆိုသည်မှာ သူတစ်ဦးဦးက ကြိုးဖြင့်ဖြစ်စေ၊ ကြိုးမဲ့ဖြစ်စေ အီလက် ထရောနစ် သို့မဟုတ် ဆက်သွယ်ရေးပစ္စည်းကိရိယာတစ်ခုခုကို အသုံးပြု၍ နှုတ်ဖြင့် ဆက်သွယ် ပြောကြားခြင်း၊ အခြားတစ်နည်းနည်းဖြင့် သတင်းအချက်အလက် ပေးပို့ခြင်း၊ ဖမ်းယူခြင်း၊ ဆက်သွယ်ခြင်းကို ကြားမှဖြတ်၍ ယူခြင်း သို့မဟုတ် နားထောင်ခြင်းကို ဆိုသည်။
(ည) လုပ်ငန်းကော်မတီ ဆိုသည်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ဤနည်းဥပဒေများအရ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ဗဟိုအဖွဲ့က ဖွဲ့စည်းသော လုပ်ငန်းကော်မတီ တစ်ခုခုကို ဆိုသည်။
(ဋ) လုပ်ငန်းအဖွဲ့ ဆိုသည်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ဤနည်းဥပဒေများအရ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ဗဟိုအဖွဲ့က ဖွဲ့စည်းသော လုပ်ငန်းအဖွဲ့တစ်ခုခုကို ဆိုသည်။
(ဌ) သံတမန် ဆိုသည်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဇ)တွင် အဓိပ္ပာယ်ဖွင့်ဆို ထားသည့် အပြည်ပြည်ဆိုင်ရာအကာအကွယ်ပေးရမည့် ပုဂ္ဂိုလ်ဆိုသည့် စကားရပ်တွင်ပါဝင်သည့် သံတမန်အဖွဲ့အစည်းနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဆိုသည်။ ယင်းစကားရပ်တွင် အောက်ပါပုဂ္ဂိုလ်များပါဝင်သည် -
(၁) သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းအပိုဒ် ၁ ပါ သံတမန်အဖွဲ့ဝင်များ
(Members of the mission)နှင့် သံတမန်အဖွဲ့အမှုထမ်းစုတွင် ပါဝင်သူများ (Members
of the staff of the mission)၊
(၂) ယင်းကွန်ဗင်းရှင်းအပိုဒ် ၄၀ ပါ နိုင်ငံတော်သို့ တတိယနိုင်ငံအဖြစ် ဝင်ရောက်ဖြတ်သန်းသည့်
တော်ဝင်နိုင်ငံကူးလက်မှတ်၊ သံတမန်နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ်
ကိုင်ဆောင်ထားသည့် သံတမန်ကိုယ်စားလှယ်များ။
(ဍ) ရေကြောင်းကာကွယ်ရေးလက်နက်ကိုင်တပ်ဖွဲ့ ဆိုသည်မှာ တပ်မတော်(ရေ)၊ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ရေကြောင်းရဲတပ်ဖွဲ့တို့ကို ဆိုသည်။
(ဎ) ဗဟိုအဖွဲ့ရုံး ဆိုသည်မှာ ဗဟိုအဖွဲ့နှင့် ဥပဒေအရ ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီများနှင့် အဖွဲ့များ၏လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာနက ဖွဲ့စည်းသည့်ရုံးကို ဆိုသည်။
(ဏ) ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်းနှင့်တာဝန်ခံများ ဆိုသည်မှာ အကြမ်းဖက်အုပ်စုအဖြစ် အမည်စာရင်းတင်သွင်းခြင်းခံရသည့် အုပ်စု သို့မဟုတ် အဖွဲ့အစည်းတွင် တစ်နည်းနည်းဖြင့် ပါဝင်လှုပ်ရှားခြင်း၊ ဆက်သွယ်ပေါင်းစည်းခြင်းပြုသည့် အဖွဲ့အစည်းနှင့် တာဝန်ယူ၍ ဆောင်ရွက် သည့် တာဝန်ခံများကို ဆိုသည်။
အခန်း (၂)
လုပ်ငန်းကော်မတီများနှင့် လုပ်ငန်းအဖွဲ့များဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ
သတ်မှတ်ပေးခြင်း
၃။ ဗဟိုအဖွဲ့သည် -
(က) အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ မိမိအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန်အလို့ငှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးတစ်ဦးဦးက ဦးဆောင်ပြီး သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းမှ သင့်လျော်သော ပုဂ္ဂိုလ်များပါဝင်သည့် အောက်ပါလုပ်ငန်းကော်မတီများကို ဖွဲ့စည်းရမည် -
(၁) အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီ၊
(၂) အမျိုးသားမြို့ပြလေကြောင်းလုံခြုံရေးလုပ်ငန်းကော်မတီ၊
(၃) ဇီဝ၊ ဓာတုနှင့် နျူကလီးယားလက်နက်ဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်း
ကော်မတီ၊
(၄) ရေကြောင်းပို့ဆောင်ရေးနှင့် ရေအောက်သယံဇာတရှာဖွေရေး အဆောက်အအုံများအား
အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းကော်မတီ၊
(၅) အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်း
ကော်မတီ၊
(၆) အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၊
(၇) အခြားလိုအပ်သော လုပ်ငန်းကော်မတီများ။
(ခ) အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ မိမိအဖွဲ့နှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းတာဝန်များ ကို ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန်အလို့ငှာ သက်ဆိုင်ရာ အစိုးရ ဌာန၊ အစိုးရအဖွဲ့ အစည်းမှ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးနှင့် အခြားသင့်လျော်သော ပုဂ္ဂိုလ်များပါဝင်သည့် အောက်ပါလုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းရမည်-
(၁) အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရေးလုပ်ငန်းအဖွဲ့၊
(၂) အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးလုပ်ငန်းအဖွဲ့၊
(၃) အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေးဆိုင်ရာ ရန်ပုံငွေကြီးကြပ်ထိန်းသိမ်းရေး လုပ်ငန်းအဖွဲ့၊
(၄) အကြမ်းဖက်ခံရသူများအား ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း
အဖွဲ့၊
(၅) ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများနှင့် အကြမ်းဖက်မှုများအား တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၊
(၆) အခြားလိုအပ်သော လုပ်ငန်းအဖွဲ့များ။
(ဂ) နည်းဥပဒေခွဲ (က)နှင့် (ခ) တို့အရ ဖွဲ့စည်းသော လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့များကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
၄။ (က) ဗဟိုအဖွဲ့သည် နည်းဥပဒေ ၃ အရ ဖွဲ့စည်းသော လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့များအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ဤနည်းဥပဒေများတွင် သတ်မှတ်ထားသော လုပ်ငန်း တာဝန်များအပြင် လိုအပ်သော အခြားလုပ်ငန်းတာဝန်များကို အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ပေးရမည်။
(ခ) နည်းဥပဒေ ၃ အရ ဖွဲ့စည်းသောလုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့များသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် ဤနည်းဥပဒေများတွင် သတ်မှတ်ထားသော လုပ်ငန်းတာဝန်များ အပြင် နည်းဥပဒေခွဲ (က)အရ သတ်မှတ်ပေးသော လုပ်ငန်းတာဝန်များကို ဗဟိုအဖွဲ့၏ လမ်းညွှန် ချက်နှင့်အညီ ဆောင်ရွက်ရမည်။
အခန်း(၃)
အကြမ်းဖက်သမားနှင့် အကြမ်းဖက်အုပ်စုများဖြစ်ကြောင်း
ကြေညာချက် ထုတ်ပြန်ခြင်းနှင့် ရုပ်သိမ်းခြင်း
၅။ အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီသည် ကိုယ်တိုင်ရရှိသော ခိုင်လုံသည့် သတင်းအချက်အလက်အရဖြစ်စေ၊ တားဆီးနှိမ်နင်းရေးတပ်ဖွဲ့၏ တင်ပြချက်အရဖြစ်စေ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၂ အရ စီရင်ပိုင်ခွင့်ရှိသော နေရာဒေသများတွင် အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ခ) ပါ အကြမ်းဖက်မှုတစ်ခုခုကို ကျူးလွန်မှု၊ ကျူးလွန်ရန် အားထုတ်မှု၊ အားပေး ကူညီမှု၊ လှုံ့ဆော်မှု သို့မဟုတ် ထိုပြစ်မှုတစ်ခုခုကို ကျူးလွန်ရာတွင် ကြံရာပါအဖြစ် ပါဝင်ဆောင်ရွက်မှု ကျူးလွန်သည့် အကြမ်းဖက်သမားတစ်ဦးချင်းအဖြစ် အမည်စာရင်း တင်သွင်းထုတ်ပြန်ကြေညာချက်ကို ပုံစံ(က)ဖြင့်ဖြစ်စေ၊ အကြမ်းဖက်အုပ်စုအဖြစ် အမည်စာရင်း တင်သွင်းထုတ်ပြန်ကြေညာချက်ကို ပုံစံ(ခ)ဖြင့်ဖြစ်စေ၊ ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်းနှင့် တာဝန်ခံများစာရင်းကို ပုံစံ(ဂ)ဖြင့်ဖြစ်စေ ပူးတွဲပြီး ထုတ်ပြန်ကြေညာနိုင်ရေးအတွက် အောက်ပါသတင်းအချက်အလက်နှင့် အထောက်အထားများ ဖော်ပြ၍ ဗဟိုအဖွဲ့သို့ တင်ပြရမည်-
(က) အကြမ်းဖက်မှုကျူးလွန်သည့်ဖြစ်စဉ်အကျဉ်းချုပ်နှင့် ကျူးလွန်သည့်ပြစ်မှု၏ ချမှတ်နိုင်သည့် အမြင့်ဆုံးပြစ်ဒဏ်၊
(ခ) အကြမ်းဖက်မှုနှင့်စပ်လျဉ်းသည့် ဖော်ထုတ်ရရှိသည့် သတင်းအချက်အလက်နှင့် အထောက် အထားများ၊
(ဂ) ဖော်ထုတ်ရရှိသည့် အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုအမည်၊ အကြမ်းဖက် အုပ်စုဝင်အသီးသီး၏ အမည်နှင့် နေရပ်လိပ်စာများ၊ ဆက်သွယ်ရန် ဖုန်း၊ ဖက်စ် အမှတ်နှင့် အီးမေးလ်လိပ်စာ(သိရှိလျှင်)၊
(ဃ) အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စု၏ ကိုယ်ရေးရာဇဝင်၊
(င) အကြမ်းဖက်မှုနှင့် ဆက်နွှယ်သော ပြည်တွင်း၊ ပြည်ပ အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်
အုပ်စု (ရှိလျှင်)၊
(စ) အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာရန် လိုအပ်သည့် အကြောင်းရင်း၊
(ဆ) သတ်မှတ်ကြေညာရန်လိုအပ်သည့် အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုပိုင် ငွေကြေးနှင့် ပစ္စည်းများတည်ရှိသည့်နေရာနှင့် အသေးစိတ်အထောက်အထားများ(ရှိလျှင်)၊
(ဇ) အကြမ်းဖက်မှုကို အားပေးကူညီမှု၊ ငွေကြေးထောက်ပံ့မှုများနှင့်စပ်လျဉ်းသည့် အချက်အလက်များ၊
(ဈ) တွေ့ရှိချက်နှင့် သုံးသပ်တင်ပြချက်။
၆။ ပြည်ပနိုင်ငံတစ်နိုင်ငံသည် မိမိနိုင်ငံတွင် အကြမ်းဖက်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်ပြီးနောက် နိုင်ငံတော်အတွင်းရောက်ရှိနေသော အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုအမည် သို့မဟုတ် ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်းနှင့် တာဝန်ခံများစာရင်းကို မြန်မာနိုင်ငံတွင် ထုတ်ပြန်ကြေညာပေးစေလို ပါက သတ်မှတ်ထားသည့် ပုံစံ(က)၊ ပုံစံ(ခ)နှင့် ပုံစံ(ဂ) တို့ကို ပူးတွဲ၍ နည်းဥပဒေ ၅ ပါ သတင်းအချက်အလက် နှင့် အထောက်အထားများအပြင် အောက်ပါတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ၊ ယင်းဘာသာနှစ်ရပ်လုံးဖြင့်ဖြစ်စေဖော်ပြ၍ သံတမန်လမ်းကြောင်းအတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ဗဟိုအဖွဲ့သို့လည်းကောင်း၊ စာချုပ်ဝင်နိုင်ငံဖြစ်ပါက ဗဟိုအဖွဲ့ရုံးသို့လည်းကောင်း ပေးပို့တောင်းဆို နိုင်သည်-
(က) ပြည်ပနိုင်ငံတွင် အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာ ထားမှု အခြေအနေ၊
(ခ) အကြမ်းဖက်မှုနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်ထားမှုအခြေအနေ၊
(ဂ) တောင်းဆိုသည့်နိုင်ငံ၏ အာဏာပိုင်အဖွဲ့အစည်း သို့မဟုတ် တာဝန်ခံပုဂ္ဂိုလ်အမည်နှင့် ဆက်သွယ်ရမည့် လိပ်စာ၊ ဖုန်း၊ ဖက်စ်အမှတ်နှင့် အီးမေးလ်လိပ်စာ။
၇။ နိုင်ငံခြားရေးဝန်ကြီးဌာန သို့မဟုတ် ဗဟိုအဖွဲ့ရုံးသည် နည်းဥပဒေ ၆ အရ ပြည်ပနိုင်ငံတစ်နိုင်ငံ၏ တောင်းဆိုချက်ကို လက်ခံရရှိပါက တောင်းဆိုစာနှင့်အတူ ပူးတွဲပေးပို့သည့် ပုံစံ(က)၊ ပုံစံ(ခ)နှင့် ပုံစံ(ဂ) တို့ကို ဗဟိုအဖွဲ့သို့ ချက်ချင်းအကြောင်းကြား၍ ပေးပို့ရမည်။
၈။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းကော်မတီသည် ဗဟိုအဖွဲ့၏ သဘောတူညီချက်ဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် သက်ဆိုင်ရာပြည်ပနိုင်ငံကို ခြေကုပ်စခန်းအဖြစ် အသုံးပြု၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၂ အရ စီရင်ပိုင်ခွင့်ရှိသော နေရာဒေသအတွင်းသို့ ဝင်ရောက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ခ) ပါ အကြမ်းဖက်မှုတစ်ခုခုကို ကျူးလွန်မှု၊ ကျူးလွန်ရန် အားထုတ်မှု၊ အားပေးကူညီမှု၊ လှုံ့ဆော်မှု သို့မဟုတ် ထိုပြစ်မှုတစ်ခုခုကို ကျူးလွန်ရာတွင် ကြံရာပါအဖြစ် ပါဝင်ဆောင်ရွက်မှု ကျူးလွန်သည့် အကြမ်းဖက်သမားတစ်ဦးချင်း အမည်စာရင်းကိုဖြစ်စေ၊ အကြမ်းဖက် အုပ်စု အမည်စာရင်းကိုဖြစ်စေ၊ ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်းနှင့် တာဝန်ခံများစာရင်းကိုဖြစ်စေ သက်ဆိုင်ရာ ပြည်ပနိုင်ငံ၏အာဏာပိုင်က ကြေညာချက်ထုတ်ပြန်ပေးရန် တောင်းဆိုနိုင်ရေးအတွက် သတ်မှတ်ထားသည့် ပုံစံ(က)၊ ပုံစံ(ခ)နှင့် ပုံစံ(ဂ) တို့ကို ပူးတွဲ၍ နည်းဥပဒေ ၅ နှင့် ၆ တို့ပါ သတင်းအချက် အလက်နှင့် အထောက်အထားများဖော်ပြပြီး ဗဟိုအဖွဲ့ရုံးသို့သော်လည်းကောင်း၊ သံတမန်လမ်းကြောင်းအရ ပေးပို့နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့သော်လည်းကောင်း ပေးပို့ရမည်။
၉။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၂ ပါ စီရင်ပိုင်ခွင့်ရှိသော နေရာဒေသအတွင်း အကြမ်းဖက်မှု များ ကျူးလွန်ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်းရှိသော သူတစ်ဦးချင်းကို အကြမ်းဖက်သမားအဖြစ် လည်းကောင်း၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့ သို့မဟုတ် အုပ်စုတစ်ခုခုကို အကြမ်းဖက်အုပ်စု သို့မဟုတ် ဆက်နွှယ်ပါဝင်သည့်အဖွဲ့အစည်းနှင့် တာဝန်ခံများအဖြစ်လည်းကောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ချမှတ်၍ ကြေညာကြောင်းသိရှိသည့်အခါ နိုင်ငံခြားရေးဝန်ကြီးဌာန သို့မဟုတ် ဗဟိုအဖွဲ့ရုံး သည် ယင်းဆုံးဖြတ်ချက်ကို ဗဟိုအဖွဲ့နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းကော်မတီသို့ ချက်ချင်းအကြောင်းကြားရမည်။
၁၀။ ဗဟိုအဖွဲ့သည် -
(က) ကုလသမဂ္ဂလုံခြုံရေးကောင်စီက အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု သို့မဟုတ် ဆက်နွှယ် ပါဝင်သည့် အဖွဲ့အစည်းနှင့် တာဝန်ခံများအဖြစ် သတ်မှတ်ကြေညာထားသည့် နိုင်ငံတော်အတွင်း ရှိသော သူတစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်း၊ အသင်းအဖွဲ့နှင့် အုပ်စုတစ်ခုခုမှာ အကြမ်းဖက်မှု ကျူးလွန်သည့်အတွက် နိုင်ငံတော်နှင့် အများပြည်သူကို ဘေးအန္တရာယ်ကျရောက်နိုင်သည့် အခြေအနေရှိပါက ထိုသို့သတ်မှတ်ကြေညာထားသူ တစ်ဦးချင်းနှင့် အုပ်စုတို့ကို အကြမ်းဖက် သမားနှင့် အကြမ်းဖက်အုပ်စုအဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ အမိန့်ကြော်ငြာစာဖြင့် ကြေညာချက်ထုတ်ပြန်ရ မည်။ ထိုကြေညာချက်ကို သတင်းစာ၊ ဂျာနယ်စသည့် စာစောင်များနှင့် ရေဒီယို၊ ရုပ်မြင်သံကြား အပါအဝင် သတင်းမီဒီယာတို့မှ အများပြည်သူသိရှိရန် အသိပေးကြော်ငြာရမည်။
(ခ) နည်းဥပဒေခွဲ (က) အရ ထုတ်ပြန်ကြေညာသည့် အကြမ်းဖက်သမားတစ်ဦးချင်းနှင့် အကြမ်းဖက် အုပ်စုများကိုလည်းကောင်း၊ ယင်းတို့ကိုအားပေးကူညီသူများနှင့် တစ်နည်းနည်းဖြင့် ငွေကြေး ထောက်ပံ့သော ပြည်ပနိုင်ငံများမှ အကြမ်းဖက်အဖွဲ့အစည်းများကိုလည်းကောင်း လိုအပ်သလို အရေးယူဆောင်ရွက်ပေးရေးအတွက် သက်ဆိုင်ရာ ပြည်ပနိုင်ငံ၏အာဏာပိုင်သို့ အကြောင်းကြား ရမည့်အပြင် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့သို့လည်း ဆောလျင်စွာ အကြောင်းကြားရမည်။
၁၁။ ဗဟိုအဖွဲ့သည်-
(က) နည်းဥပဒေ ၅ အရ အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီ၏ တင်ပြချက် ကိုဖြစ်စေ၊ နည်းဥပဒေ ၆ အရ ပြည်ပနိုင်ငံတစ်ခုခု၏ တောင်းဆိုချက်ကိုဖြစ်စေ စိစစ်ပြီး ဖော်ထုတ်ရရှိသည့် သတင်းအချက်အလက်နှင့် အထောက်အထားများအရ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၂ ပါ စီရင်ပိုင်ခွင့်ရှိသော နေရာဒေသအတွင်း အကြမ်းဖက်မှုများ ကျူးလွန်ကြောင်းတွေ့ရှိရပြီး နိုင်ငံတော်နှင့် အများပြည်သူကို ဘေးအန္တရာယ်ကျရောက်နိုင်သည့် အခြေအနေရှိသဖြင့် တားဆီးနှိမ်နင်းပြီး အရေးယူရန် ပေါ်ပေါက်သည့်အခါ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ၁၉၉၉ ခုနှစ်၊ ဆုံးဖြတ်ချက်အမှတ် ၁၂၆၉၊ ၂၀၀၁ ခုနှစ်၊ ဆုံးဖြတ်ချက်အမှတ် ၁၃၆၈၊ အမှတ် ၁၃၇၃ နှင့် အမှတ် ၁၃၇၇၊ ၂၀၀၃ ခုနှစ်၊ ဆုံးဖြတ်ချက်အမှတ် ၁၅၁၆၊ ၂၀၁၁ ခုနှစ်၊ ဆုံးဖြတ်ချက်အမှတ် ၁၉၈၉၊ ၂၀၁၅ ခုနှစ်၊ ဆုံးဖြတ်ချက်အမှတ် ၂၂၅၃၊ ၂၀၁၇ ခုနှစ်၊ ဆုံးဖြတ်ချက်အမှတ် ၂၃၄၇၊ အမှတ် ၂၃၆၈ နှင့် အမှတ် ၂၃၉၆၊ ၂၀၁၉ ခုနှစ်၊ ဆုံးဖြတ်ချက်အမှတ် ၂၄၆၂ နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆက်စပ်သော ဆုံးဖြတ်ချက်များနှင့်အညီ အကြမ်း ဖက်မှုများအား ထိရောက်စွာတားဆီးကာကွယ်ရေး၊ နှိမ်နင်းရေးနှင့် အရေးယူရေးတို့အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ခ) ပါ အကြမ်းဖက်မှုတစ်ခုခုကို ကျူးလွန်မှု၊ ကျူးလွန်ရန် အားထုတ်မှု၊ အားပေးကူညီမှု၊ လှုံ့ဆော်မှု သို့မဟုတ် ထိုပြစ်မှုတစ်ခုခုကို ကျူးလွန် ရာတွင် ကြံရာပါအဖြစ် ပါဝင်ဆောင်ရွက်မှု ကျူးလွန်သည့် အကြမ်းဖက်သမား၊ အကြမ်းဖက် အုပ်စု သို့မဟုတ် ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်းနှင့် တာဝန်ခံများအဖြစ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏အတည်ပြုချက်ဖြင့် ကြေညာချက်ကို အမိန့်ကြော်ငြာစာ ထုတ်ပြန် ရမည်။ ထိုကြေညာချက်ကို အများပြည်သူသိရှိရန် သတင်းစာ၊ ဂျာနယ် စသည့် စာစောင်များနှင့် ရေဒီယို၊ ရုပ်မြင်သံကြား အပါအဝင် သတင်းမီဒီယာတို့မှ အသိပေးကြော်ငြာရမည်။
(ခ) နည်းဥပဒေခွဲ(က) အရ အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု သို့မဟုတ် ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်းနှင့် တာဝန်ခံများအဖြစ် ထုတ်ပြန်ကြေညာချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီ အမှုဆောင်ညွှန်ကြားရေးမှူးရုံး (Counter Terrorism Committee Executive Directorate-CTED) သို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် သံတမန်လမ်းကြောင်းအရသော် လည်းကောင်း၊ ဗဟိုအဖွဲ့ရုံးသို့သော်လည်းကောင်း ပေးပို့နိုင်ရန် အကြောင်းကြားရမည်။
(ဂ) နည်းဥပဒေခွဲ (က) အရ ထုတ်ပြန်ကြေညာသည့် အကြမ်းဖက်သမားတစ်ဦးချင်းနှင့် အကြမ်းဖက် အုပ်စုများကို အားပေးကူညီသူများနှင့် တစ်နည်းနည်းဖြင့် ငွေကြေး ထောက်ပံ့သူများမှာ ပြည်ပ နိုင်ငံများမှ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်နွှယ်ပတ်သက်မှုများရှိပါက ထိုသူများနှင့် အဖွဲ့အစည်းများကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးရေးအတွက် သက်ဆိုင်ရာ ပြည်ပ နိုင်ငံ၏ အာဏာပိုင်သို့ အကြောင်းကြားရမည့်အပြင် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့သို့လည်း ဆောလျင်စွာ အကြောင်းကြားရမည်။
(ဃ) မိမိနိုင်ငံမှထုတ်ပြန်ကြေညာထားသည့် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အုပ်စုများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက်ရေး အဖွဲ့အစည်းများထံသို့ အချက်အလက် ပေးပို့ရမည်ဖြစ်ပြီး ဖြစ်နိုင်သမျှ အရေးယူရမည်။
၁၂။ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဗဟိုအဖွဲ့က နည်းဥပဒေ ၁၁၊ နည်းဥပဒေခွဲ(က) အရ အကြမ်းဖက် သမား၊ အကြမ်းဖက်အုပ်စု သို့မဟုတ် ဆက်နွှယ်ပါဝင်သည့်အဖွဲ့အစည်းနှင့် တာဝန်ခံများအဖြစ် အမိန့် ကြော်ငြာစာဖြင့် ကြေညာချက်ထုတ်ပြန်ပြီးနောက် ဗဟိုအဖွဲ့၏အကြောင်းကြားချက်အရ အဆိုပါ အကြမ်းဖက်သမားနှင့် အကြမ်းဖက်အုပ်စုများအား အရေးယူပိတ်ဆို့မှုဆောင်ရွက်နိုင်ရန်အတွက် ကုလသမဂ္ဂ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အမှုဆောင်ညွှန်ကြားရေးမှူးရုံး(Counter Terrorism Committee Executive Directorate-CTED) သို့ ကနဦးအကြောင်းကြားရမည်။ ထို့နောက် အရေးယူသည့် စာရင်း (Sanction List) သို့ တရားဝင်ထည့်သွင်းနိုင်ရန် လိုအပ်သည့် အချက်အလက် အပြည့်အစုံကို ကုလသမဂ္ဂ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အမှုဆောင်ညွှန်ကြားရေးမှူးရုံး(CTED)၏ သတ်မှတ် ချက်များနှင့်အညီ အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီက ကုလသမဂ္ဂ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီ အမှုဆောင်ညွှန်ကြားရေးမှူးရုံး (CTED)သို့ ပေးပို့အကြောင်းကြားရမည်။
၁၃။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက နိုင်ငံတော်အတွင်းရှိသော သူတစ်ဦးဦးကို အကြမ်းဖက်သမားအဖြစ် လည်းကောင်း၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့ သို့မဟုတ် အုပ်စုတစ်ခုခုကို အကြမ်းဖက်အုပ်စုအဖြစ်လည်း ကောင်း၊ ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်းနှင့် တာဝန်ခံများအဖြစ်လည်းကောင်း သတ်မှတ်ကြေညာထား ပြီးနောက် ပြောင်းလဲလာသည့် အခြေအနေအရ အကြမ်းဖက်သမား၊ ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်းနှင့် တာဝန်ခံများအဖြစ်မှ ပြန်လည်ရုပ်သိမ်းသည့်အခါ ထိုအကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု သို့မဟုတ် ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်းနှင့် တာဝန်ခံများမှာ နိုင်ငံတော်နှင့် အများပြည်သူကို ဘေးအန္တရာယ်ပြု နိုင်သည့် အခြေအနေမရှိတော့ပါက နည်းဥပဒေ ၁၀ အရ အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု သို့မဟုတ် ဆက်နွှယ်ပါဝင်သည့်အဖွဲ့အစည်းနှင့် တာဝန်ခံများအဖြစ် ထုတ်ပြန်ကြေညာထားချက်ကို ဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င) အရ အပ်နှင်းသောလုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ အမိန့်ကြော်ငြာစာထုတ်ပြန်၍ ပြန်လည်ရုပ်သိမ်းနိုင်သည်။
၁၄။ (က) အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီသည် နည်းဥပဒေ ၁၁ အရ အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု သို့မဟုတ် ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်းနှင့် တာဝန်ခံများအဖြစ် ကြေညာထားခြင်းခံရသည့် ပုဂ္ဂိုလ်၊ အုပ်စု သို့မဟုတ် အဖွဲ့အစည်းက အကြမ်းဖက်လုပ်ရပ်များကို မည်သည့်အခါမျှ ပြုလုပ်ခြင်းမရှိသဖြင့် သို့မဟုတ် ယခင်က ပြုလုပ် မိခဲ့သော်လည်း ဆက်လက်၍ ပြုလုပ်တော့ခြင်းမရှိသဖြင့် ၎င်းတို့အား အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု သို့မဟုတ် ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်းနှင့်တာဝန်ခံများအဖြစ် ဗဟို အဖွဲ့က ကြေညာထားခြင်းကို ပြန်လည်သုံးသပ်ပြီး ရုပ်သိမ်းပေးရန် ခိုင်လုံသောအထောက်အထား များဖြင့် ဗဟိုအဖွဲ့သို့ တင်ပြရမည်။
(ခ) ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု သို့မဟုတ် ဆက်နွှယ် ပါဝင်သည့် အဖွဲ့အစည်းနှင့် တာဝန်ခံများအဖြစ် သတ်မှတ်ကြေညာထားခြင်းခံရသည့် ပုဂ္ဂိုလ်၊ အုပ်စု သို့မဟုတ် အဖွဲ့အစည်းက ထိုသို့ကြေညာထားခြင်းကို ပြန်လည်သုံးသပ်ပြီး ရုပ်သိမ်းပေး ရန် ခိုင်လုံသော အထောက်အထားများဖြင့် တင်ပြချက်အပေါ် ဗဟိုအဖွဲ့သည် အကြမ်းဖက်မှု များအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီ၏ စုံစမ်းထောက်လှမ်း၍ တင်ပြချက်ကို စိစစ် သုံးသပ်ပြီး ပြန်လည်ရုပ်သိမ်းသင့် မသင့် သဘောထားမှတ်ချက်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် သံတမန်လမ်းကြောင်းအရဖြစ်စေ၊ ဗဟိုအဖွဲ့ရုံးမှတစ်ဆင့်ဖြစ်စေ ကုလသမဂ္ဂ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အမှုဆောင်ညွှန်ကြားရေးမှူးရုံး (Counter Terrorism Committee Executive Directorate -CTED) သို့ တင်ပြရမည်။
၁၅။ ဗဟိုအဖွဲ့သည် အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု သို့မဟုတ် ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်း နှင့် တာဝန်ခံများအဖြစ် ကြေညာထားခြင်းခံရသည့် ပုဂ္ဂိုလ်၊ အုပ်စု သို့မဟုတ် အဖွဲ့အစည်းနှင့် ပတ်သက်၍ နည်းဥပဒေ ၁၄၊ နည်းဥပဒေခွဲ (က)အရ တင်ပြချက်ကို စိစစ်ပြီး-
(က) ထိုအကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု သို့မဟုတ် ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်း နှင့်တာဝန်ခံများမှာ နိုင်ငံတော်နှင့် အများပြည်သူကို ဘေးအန္တရာယ်ပြုနိုင်သည့် အခြေအနေ ရှိ မရှိနှင့် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်ဖွယ်ရာ ရှိ မရှိတို့ကို စုံစမ်းထောက်လှမ်းပြီး တင်ပြစေရန် အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီကို တာဝန်ပေး ရမည်။
(ခ) အကြမ်းဖက်မှုများ တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီ၏ စုံစမ်းထောက်လှမ်း တင်ပြချက် အရ ထိုအကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုနှင့် အဖွဲ့အစည်းတို့မှာ နိုင်ငံတော်နှင့် အများ ပြည်သူကို ဘေးအန္တရာယ်ပြုနိုင်သည့် အခြေအနေမရှိတော့ကြောင်းနှင့် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်ဖွယ်ရာမရှိကြောင်း တွေ့ရှိသည့်အခါ ၎င်းတို့အား အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု သို့မဟုတ် ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်းနှင့် တာဝန်ခံများအဖြစ် ကြေညာထားခြင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ (င) အရ အပ်နှင်း သော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏အတည်ပြုချက်ဖြင့် အမိန့် ကြော်ငြာစာထုတ်ပြန်၍ ပြန်လည်ရုပ်သိမ်းနိုင်သည်။
အခန်း(၄)
အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု သို့မဟုတ် ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်းနှင့်
တာဝန်ခံများပိုင် ငွေကြေးနှင့်ပစ္စည်းများကို ထိန်းချုပ်ခြင်း
၁၆။ ဗဟိုအဖွဲ့သည် -
(က) နည်းဥပဒေ ၁၀ နှင့် ၁၁ တို့အရ ကြေညာချက်ထုတ်ပြန်ထားသည့် အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု သို့မဟုတ် ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်းနှင့် တာဝန်ခံများပိုင် ငွေကြေးနှင့်ပစ္စည်းများကို တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း၊ ပြောင်းလဲခြင်း၊ ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်းနှင့် အသွင်ပြောင်းလဲခြင်းတို့ မပြုလုပ်နိုင်ရန် ထိန်းချုပ်မိန့် ထုတ်ပြန်ရမည်။ ထို့ပြင် အဆိုပါငွေကြေးနှင့် ပစ္စည်းများကို ငွေကြေးဝန်ဆောင်မှု၊ ငွေကြေးလွှဲပြောင်းမှုတို့ကို မည်သူမျှ မပြုလုပ်ရန် တားမြစ်ချက်ထုတ်ပြန်ရမည်။
(ခ) ကြေညာချက်ထုတ်ပြန်ထားသည့် အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု သို့မဟုတ် ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်းနှင့်တာဝန်ခံများအား ထိရောက်စွာ တားဆီးကာကွယ် ရေး၊ နှိမ်နင်းရေး၊ အရေးယူရေးနှင့် ၎င်းတို့ပိုင် ငွေကြေးနှင့် ပစ္စည်းများကို စုံစမ်းစစ်ဆေးရေး၊ ရှာဖွေဖော်ထုတ်ရေးနှင့် သိမ်းဆည်းရေးတို့အတွက် အကြမ်းဖက်မှုများအား တားဆီး နှိမ်နင်းရေးလုပ်ငန်းကော်မတီကို တာဝန်ပေးရမည်။
၁၇။ အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီသည် ဗဟိုအဖွဲ့က နည်းဥပဒေ ၁၆၊ နည်းဥပဒေခွဲ (ခ) အရ တာဝန်ပေးအပ်လာသည့်အခါ ကြေညာချက်ထုတ်ပြန်ထားသည့် အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု သို့မဟုတ် ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်းနှင့်တာဝန်ခံများပိုင် ငွေကြေးနှင့် ပစ္စည်းများကို စုံစမ်းစစ်ဆေးခြင်း၊ စုံစမ်းထောက်လှမ်းခြင်း၊ ရှာဖွေဖော်ထုတ်ခြင်း၊ သိမ်းဆည်းခြင်းနှင့် အရေးယူခြင်းတို့ပြုရန် သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များအား တာဝန်ပေးအပ်ရမည်။
၁၈။ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းခြင်း ကိစ္စရပ်အတွက် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှုများအား တားဆီးနှိမ်နင်းခြင်း နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
အခန်း (၅)
မြို့ပြလေကြောင်းပျံသန်းရေးနှင့် လေဆိပ်တို့ကို ဘေးအန္တရာယ်ဖြစ်စေသည့်
ဥပဒေမဲ့ ပြုလုပ်မှုများကို တားဆီးနှိမ်နင်းခြင်းနှင့် တိုက်ဖျက်ခြင်း
၁၉။ တိုကျိုကွန်ဗင်းရှင်းအပိုဒ် ၁ ပါ ပြဋ္ဌာန်းချက်နှင့်အညီ လေယာဉ်ဝန်ဆောင်မှုပေးချိန် လေယာဉ် ပေါ်၌ သူတစ်ဦးဦးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ (က)တွင် သတ်မှတ်ထားသော ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်မှုနှင့်စပ်လျဉ်း၍ မည်သူမဆို လေယာဉ်ဝန်ဆောင်မှုပေးချိန် မြို့ပြလေကြောင်းပျံသန်းရေးနှင့် လေဆိပ်တို့ကို ဘေးအန္တရာယ်ဖြစ်စေရန်အလို့ငှာ တည်ဆဲဥပဒေ တစ်ရပ်ရပ်ပါ ပြစ်မှုတစ်ခုခုကို တမင်ကျူးလွန်လျှင် ဥပဒေအရ ပြစ်မှုမြောက်သည်။
၂၀။ (က) အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၇ ပါ လေယာဉ်ပေါ်တွင် ကျူးလွန်သည့် အကြမ်း ဖက်မှုများကို ယင်းဥပဒေပုဒ်မ ၆၀ ပါ တရားခံအား ပြည်ပသို့ လွှဲပြောင်းပေးသည့်ကိစ္စ နှင့်ပြစ်မှုများတွင် အပြန်အလှန်အကူအညီပေးရန်ကိစ္စများတွင် နိုင်ငံရေးပြစ်မှု၊ ယင်းနှင့် ဆက်နွှယ်သည့် ပြစ်မှု သို့မဟုတ် နိုင်ငံရေးရည်ရွယ်ချက်အတွက် ကျူးလွန်သည့်ပြစ်မှု ဖြစ်သည်ဟု မှတ်ယူခြင်း၊ ငြင်းပယ်ခြင်း မပြုရ။
( ခ ) အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၇၊ ၈၊ ၉ နှင့် ၁၀ တို့ပါ မြို့ပြလေကြောင်း ပျံသန်း ရေးနှင့် လေဆိပ်တို့ကို ဘေးအန္တရာယ်ဖြစ်စေသည့် ဥပဒေမဲ့ပြုလုပ်သည့် အကြမ်းဖက်မှု တစ်ခုခုသည်-
(၁) စစ်ရေးကိစ္စအတွက် အသုံးပြုသည့် လေယာဉ်တွင်ဖြစ်စေ၊ အကောက်ခွန်ကောက်ခံ ရန်ကိစ္စအတွက် အသုံးပြုသည့် လေယာဉ်တွင်ဖြစ်စေ၊ လုံခြုံရေးနှင့် ရဲလုပ်ငန်းကိစ္စ အတွက် အသုံးပြုသည့် လေယာဉ်တွင်ဖြစ်စေ ကျူးလွန်ခြင်းနှင့် သက်ဆိုင်ခြင်း မရှိစေရ။ သို့ရာတွင် ယင်းလေယာဉ်တစ်စီးစီးက ဖော်ပြပါကိစ္စအတွက်မဟုတ်ဘဲ အကြမ်းဖက်မှု အတွက် အသုံးပြုခြင်းသော်လည်းကောင်း၊ ပြည်သူများအား သယ်ယူပို့ဆောင်ပေးသည့် ဝန်ဆောင်မှုပေးချိန်တွင် ကျူးလွန်ခြင်းသော်လည်းကောင်းဖြစ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။
(၂) နိုင်ငံတော်တွင် တည်ဆဲလေယာဉ်အက်ဥပဒေအရ မှတ်ပုံတင်ထားသော လေယာဉ် ပေါ်တွင် ကျူးလွန်ခြင်းဖြစ်ပါက မည်သည့်နေရာတွင်ရှိစေကာမူ အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေပုဒ်မ ၂ အရ ထိုပြစ်မှုကျူးလွန်သူကို စီရင်ပိုင်ခွင့်ရှိစေရမည်။
၂၁။ နိုင်ငံတော်၏ လေဆိပ်တစ်ခုခုမှ ပြည်ပသို့ ပျံသန်းထွက်ခွာသည့် လေယာဉ် သို့မဟုတ် နိုင်ငံတော်၏ လေဆိပ်တစ်ခုခုသို့ ဆင်းသက်မည့်လေယာဉ်၏ လေယာဉ်မှူးသည် လေယာဉ်ဝန်ဆောင်မှုပေးချိန် နှင့် လေယာဉ်ပျံသန်းချိန်တို့တွင် လေယာဉ်ကိုဖြစ်စေ၊ လေယာဉ်ပေါ်ရှိ လူနှင့်ပစ္စည်းများကိုဖြစ်စေ ဘေးအန္တရာယ်ဖြစ်စေမည်ဟု ထင်မြင်သည့်အခါ သို့မဟုတ် လေယာဉ်ပေါ်တွင် စည်းကမ်းတကျရှိမှုကို ပျက်ပြားစေသည့်အခါတွင် ဘေးကင်းလုံခြုံမှုရှိစေရန်နှင့် စည်းကမ်းတကျရှိစေရန်အလို့ငှာ ကျူးလွန်သူကို လေယာဉ်ပေါ်မှ ဆင်းစေခြင်း သို့မဟုတ် ကိုယ်တိုင်ရှာဖွေဖမ်းဆီးထိန်းသိမ်းခြင်း သို့မဟုတ် ရှာဖွေဖမ်းဆီး ထိန်းသိမ်းစေရန် လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များကို အကူအညီတောင်းခံခြင်း ပြုနိုင်သည်။
၂၂။ လေယာဉ်အမှုထမ်းများသည် နည်းဥပဒေ ၂၁ ပါ အကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်သည့်အတွက် လေယာဉ်မှူးက အကူအညီတောင်းခံသည့်အခါဖြစ်စေ၊ ကိုယ်တိုင်တွေ့မြင်သိရှိသည့်အခါဖြစ်စေ ထိုသို့ကျူးလွန်သူကို ရှာဖွေဖမ်းဆီးခြင်းနှင့် ထိန်းသိမ်းခြင်းတို့ ပြုနိုင်သည်။
၂၃။ လေယာဉ်မှူးနှင့် လေယာဉ်အမှုထမ်းတို့သည် နည်းဥပဒေ ၂၁ နှင့်၂၂ တို့အရ ဆောင်ရွက်ရာတွင် ကျူးလွန်သူမှာ အမျိုးသမီးဖြစ်ပါက ရှာဖွေဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းတို့ပြုရာတွင် ဖြစ်နိုင်သမျှ အမျိုးသမီးများ၏ အကူအညီဖြင့် ဆောင်ရွက်နိုင်သည်။
၂၄။ (က) လေယာဉ်မှူးသည်-
(၁) နည်းဥပဒေ ၂၁ နှင့် ၂၂ တို့အရ ဖမ်းဆီးထိန်းသိမ်းထားသူများကို နိုင်ငံတော်တွင် လေယာဉ်ဆင်းသက်သည့်အခါ သက်ဆိုင်ရာရဲအရာရှိထံသို့ဖြစ်စေ၊ လူဝင်မှုကြီးကြပ် ရေးအရာရှိထံသို့ဖြစ်စေ လွှဲအပ်နိုင်သည်။ အကယ်၍ စာချုပ်ဝင်နိုင်ငံ တစ်ခုခုတွင် လေယာဉ်ဆင်းသက်ခြင်းဖြစ်လျှင် ထိုနိုင်ငံ၏ ရဲအရာရှိ သို့မဟုတ် လူဝင်မှုကြီးကြပ် ရေးအရာရှိ တာဝန်ထမ်းဆောင်သော အရာရှိထံသို့ လွှဲအပ်နိုင်သည်။
(၂) နည်းဥပဒေ ၂၁ နှင့် ၂၂ တို့ပါ ပြုလုပ်မှုတစ်ခုခုကို ကျူးလွန်သည့်ကိစ္စနှင့် အရေးယူ ဆောင်ရွက်မှုများကိုလည်းကောင်း၊ လေယာဉ်ကိုအပိုင်စီးသည့် အခြေအနေကို လည်းကောင်း လေယာဉ်မဆင်းသက်မီ သက်ဆိုင်ရာနိုင်ငံ၏ မြို့ပြလေကြောင်းဆိုင်ရာ တာဝန်ရှိသူထံ ဖြစ်နိုင်သမျှ ချက်ချင်းအကြောင်းကြားရမည်။
( ခ ) နည်းဥပဒေခွဲ(က)၊ နည်းဥပဒေခွဲငယ် (၁)အရ လွှဲအပ်၍လက်ခံရရှိသော ရဲအရာရှိ သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးအရာရှိတာဝန်ထမ်းဆောင်သော အရာရှိသည် နည်းဥပဒေ ၂၁ နှင့် ၂၂ တို့ပါ ပြုလုပ်မှုတစ်ခုခုကျူးလွန်သူကို လေယာဉ်မှ ထွက်ခွာခိုင်းသည့်ကိစ္စတွင် ထိုသူနှင့် သက်ဆိုင်သည့် နိုင်ငံ၏ အခွင့်အာဏာပိုင်ထံသို့ဖြစ်စေ၊ သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံး သို့ဖြစ်စေ အကြောင်းကြားနိုင်ရန် ဆက်လက်ဆောင်ရွက်ရမည်။
၂၅။ (က) ပြည်ပနိုင်ငံ တစ်ခုခုတွင်ရှိသော နိုင်ငံတော်၏ သံရုံးနှင့် ကောင်စစ်ဝန်ရုံးတို့သည် နိုင်ငံတော် တွင် မှတ်ပုံတင်ထားသော မြို့ပြလေကြောင်းပျံသန်းရေးလေယာဉ်နှင့် စပ်လျဉ်း၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၇၊ ၈၊ ၉ နှင့် ၁၀ တို့ပါ မြို့ပြလေကြောင်းပျံသန်း ရေးနှင့် လေဆိပ်တို့ကို ဘေးအန္တရာယ်ဖြစ်စေသည့် ဥပဒေမဲ့ပြုလုပ်သည့် အကြမ်းဖက်မှုများ ဖြစ်ပွားကြောင်းရရှိသည့် အောက်ဖော်ပြပါ သတင်းအချက်အလက်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ချက်ချင်းသတင်းပို့ရမည် -
(၁) ကျူးလွန်သည့် ပြစ်မှုဖြစ်ပွားပုံနှင့် အကျဉ်းချုပ်၊
(၂) အကြမ်းဖက်သမားနှင့် အကြမ်းဖက်အုပ်စု ကိုယ်ရေးအချက်အလက်များ (သိရှိလျှင်)၊
(၃) လေယာဉ်မှူးနှင့် လေယာဉ်ဝန်ထမ်းများက အရေးယူဆောင်ရွက်မှုများနှင့် ဆောင်ရွက် ပြီးစီးမှု အခြေအနေ။
(ခ) နိုင်ငံခြားရေးဝန်ကြီးဌာနသည် နည်းဥပဒေခွဲ(က) အရ ရရှိသည့်သတင်းအချက်အလက်ကို အမျိုးသားမြို့ပြလေကြောင်းလုံခြုံရေးလုပ်ငန်းကော်မတီသို့ ချက်ချင်းအကြောင်းကြားရမည်။
၂၆။ နိုင်ငံတော်အတွင်းရှိ လေဆိပ်တစ်ခုခု၏ မြို့ပြလေကြောင်းဆိုင်ရာ တာဝန်ရှိသူသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၀ ပါ မြို့ပြလေကြောင်းပျံသန်းရေးကို ဝန်ဆောင်မှုပေးနေသော လေဆိပ်အား ဥပဒေနှင့်မညီဘဲ အတင်းအဓမ္မအကြမ်းဖက်မှုနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ သတင်းအချက်အလက် ကို အမျိုးသားမြို့ပြလေကြောင်း လုံခြုံရေးလုပ်ငန်းကော်မတီသို့ ချက်ချင်းအကြောင်းကြားရမည် -
(က) ကျူးလွန်သည့် ပြစ်မှုဖြစ်ပွားပုံနှင့် အကျဉ်းချုပ်၊
(ခ) အကြမ်းဖက်သမားနှင့် အကြမ်းဖက်အုပ်စုကိုယ်ရေးအချက်အလက်များ (သိရှိလျှင်)၊
(ဂ) လေယာဉ်မှူးနှင့် လေယာဉ်ဝန်ထမ်းများက အရေးယူဆောင်ရွက်မှုများနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေ။
၂၇။ အမျိုးသားမြို့ပြလေကြောင်း လုံခြုံရေးလုပ်ငန်းကော်မတီသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၇၊ ၈၊ ၉ နှင့် ၁၀ တို့ပါ မြို့ပြလေကြောင်းပျံသန်းရေးနှင့် လေဆိပ်တို့ကို ဘေးအန္တရာယ် ဖြစ်စေသည့် ဥပဒေမဲ့ပြုလုပ်သည့် အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ရရှိသောသတင်းအချက်အလက် များကို ဗဟိုအဖွဲ့သို့ တင်ပြရမည်။
၂၈။ အမျိုးသားမြို့ပြလေကြောင်းလုံခြုံရေးလုပ်ငန်းကော်မတီသည်-
(က) အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်က အတည်ပြုပြဋ္ဌာန်းသည့် ၁၉၄၄ ခုနှစ်၊ ချီကာဂိုကွန်ဗင်းရှင်း၏ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအား ဥပဒေမဲ့အဖျက်အမှောင့် ပြုလုပ်မှုများအား ကာကွယ်ရေးအတွက် လုံခြုံမှုဆိုင်ရာ နောက်ဆက်တွဲ အမှတ် ၁၇ (ICAO Annex 17: Security- Safeguarding International Civil Aviation Against Acts of Unlawful Interference) ပြဋ္ဌာန်းချက်တို့နှင့်အညီ မြို့ပြလေကြောင်းနှင့် လေဆိပ်များ လုံခြုံရေးဆိုင်ရာ အစီအစဉ်များကိုချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်မှုကို ကြီးကြပ်ရမည်။
(ခ) အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအား ဥပဒေမဲ့အဖျက်အမှောင့် ပြုလုပ်မှုများအား ကာကွယ်ရေးအတွက် လုံခြုံမှုဆိုင်ရာနောက်ဆက်တွဲအမှတ် ၁၇ ပြဋ္ဌာန်းချက်တို့နှင့် အညီ အောက်ဖော်ပြပါ မြို့ပြလေကြောင်းလုံခြုံရေးအစီအစဉ်များကို ရေးဆွဲတင်ပြစေရန်နှင့် ထိုအစီအစဉ်များတွင် ဥပဒေမဲ့အဖျက်အမှောင့်ပြုလုပ်မှုများအား ကြိုတင်ကာကွယ်ခြင်း၊ ပြုလုပ်လာပါက တုံ့ပြန်ဆောင်ရွက်ခြင်း စသည့်ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း စံသတ်မှတ်ချက်များ (Standard Operating Procedure-SOP) နှင့်အညီ သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုက်နာဆောင်ရွက်စေရေးနှင့် အနီးကပ်ကြီးကြပ်ရေးတို့အတွက် လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအား တာဝန်ပေးရမည် -
(၁) အမျိုးသားမြို့ပြလေကြောင်းလုံခြုံရေး အစီအစဉ်၊
(၂) အမျိုးသားမြို့ပြလေကြောင်းအရည်အသွေးထိန်းချုပ်မှု အစီအစဉ်၊
(၃) အမျိုးသားမြို့ပြလေကြောင်းလုံခြုံရေးလေ့ကျင့်မှု အစီအစဉ်။
(ဂ) နည်းဥပဒေခွဲ (က) နှင့် (ခ) တို့အရ ရေးဆွဲချမှတ်ထားသော မြို့ပြလေကြောင်းနှင့် လေဆိပ် များ လုံခြုံရေးဆိုင်ရာ အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လေကြောင်း လိုင်းပိုင်ရှင်များ၊ လေဆိပ်နှင့် လေကြောင်းပို့ဆောင်ရေးဆိုင်ရာ အော်ပရေတာများ၊ လေဆိပ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်နေသူများ၊ လေဆိပ်အာဏာပိုင်များ၊ လေဆိပ် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်းကောင်း၊ လိုအပ်ပါက တပ်မတော်တပ်ဖွဲ့ဝင် များကိုလည်းကောင်း တာဝန်ပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ ပြုရမည်။
(ဆက်လက်ဖော်ပြပါမည်)