
ကိုစိုင်း(မဟာဥပဒေ)
“ဥပဒေဆိုသည်မှာ စည်းကမ်းဖြစ်သည်။ စည်းကမ်း တိုင်းသည် ဥပဒေမဟုတ်ပါ။ စည်းနှောင်အားရှိသော စည်းကမ်းသည်သာ ဥပဒေဖြစ်ပါသည်။” “No One is Above the Law ဥပဒေအထက်တွင် မည်သူမျှ မရှိပါ။” အစရှိသော ဥပဒေရေးရာဆောင်ပုဒ်များကို ရည်ညွှန်းသုံးသပ်လျက် ဥပဒေနှင့်ပြစ်မှု၊ ပြစ်ဒဏ် အကြောင်းကို စာဖတ်သူတို့အတွက် ဤဆောင်းပါး ဖြင့် မျှဝေပေးလိုပါသည်။
ဥပဒေဆိုသည်မှာ စည်းနှောင်အားရှိသည် ဆိုသကဲ့သို့ နိုင်ငံတော်က ပြဋ္ဌာန်းထားသော ဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ကျူးလွန်ပါက သတ်မှတ်ထားသည့် ပြစ်ဒဏ်ကို စီရင်ခြင်းခံရမည် ဖြစ်ပါသည်။ စာရေးသူတို့ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်သမားများ၏ ဥပဒေချိုးဖောက် ကျူးလွန်မှုဖြစ်ရပ်အစုံစုံကြောင့် စာရေးသူအနေဖြင့် ယခုကဲ့သို့ ရေးသားတင်ပြရခြင်းဖြစ်ပါသည်။
အထင်ကရဥပဒေတစ်ရပ်ဖြစ်
လူမှုမီဒီယာကွန်ရက် စာမျက်နှာအစုံစုံတွင် လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ တရားဝင် မီဒီယာများတွင်လည်းကောင်း ဖော်ပြပါရှိသည့် အကြမ်းဖက်သမားများ လူသတ်မှုကျူးလွန်နေခြင်း များကို နေ့စဉ်နှင့်အမျှ စာဖတ်သူများမှ ဖတ်ရှုသိရှိ မည်ဟု ထင်မြင်မိပါသည်။ ဒီလူတွေဘာကြောင့် အပြစ်မဲ့ပြည်သူတွေကို သတ်သနည်း၊ လူသတ်လျှင် အပြစ်ပေးခံရသည်ကို မသိခြင်းလား၊ မကြောက်၍ လား မေးလိုပါသည်။ လူသတ်မှုကျူးလွန်လျှင် ရာဇသတ်ကြီးဥပဒေအရ အရေးယူခြင်းခံရပါမည်။ ရာဇသတ်ကြီးဥပဒေသည် မြန်မာနိုင်ငံ ဗြိတိသျှ ကိုလိုနီဖြစ်စဉ်ကတည်းက မြန်မာ-အိန္ဒိယနိုင်ငံတွင် ပြဋ္ဌာန်းထားခဲ့သော ဥပဒေဖြစ်ပါသည်။ ခေတ် အဆက်ဆက် နိုင်ငံတော်အစိုးရများက နိုင်ငံတော် တွင် အာဏာတည်စေခဲ့ပါသည်။ ယနေ့တိုင်လည်း ခေတ်နှင့်ဆီလျော်အောင်ပြုပြင်၍ အာဏာတည်ဆဲ ဖြစ်သော အထင်ကရ ဥပဒေတစ်ရပ် ဖြစ်ပါသည်။
မည်သူမဆို ထောင်ဒဏ်နှစ် ၂၀ ပြစ်ဒဏ်ခံ နေရစဉ်အတွင်း လူသတ်လျှင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁) (က) အရ သေဒဏ်ချမှတ်ရမည် ဖြစ်ပါသည်။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁)(ခ)အရ မည်သူမဆို တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်လျှင် သေဒဏ်ချမှတ်ရမည်ဖြစ်ပါသည်။ ထို့အပြင် မည်သူမဆို ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သော ပြစ်မှုကျူးလွန်နေချိန် (ဥပမာ-မုဒိမ်းမှု၊ ညဉ့်အချိန် အိမ်ဖောက်ထွင်းခိုးယူမှု၊ လုယက်မှု/ဓားပြမှုကဲ့သို့ ပြစ်မှုတစ်စုံတစ်ရာကို ကျူးလွန်နေသောအချိန်)တွင် လူသတ်လျှင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁) (ဂ) အရသေဒဏ် (ကြိုးပေးဒဏ်) ချမှတ်ရမည်ဖြစ်ပါသည်။ အထက် တွင် ဖော်ပြသလို အခြေအနေမျိုးမဟုတ်ဘဲ ရက်ရက်စက်စက်မလုပ်ဘဲ ကြိုတင်ကြံစည်ခြင်း မရှိသော အခြားသော အခြေအနေတစ်ခုခုကြောင့် လူသတ်မှုကျူးလွန်လျှင်မူ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂(၂) အရ ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ် နိုင်ပါသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ
တစ်ဆက်တည်း အကြမ်းဖက်သမားများ ဖောက်ဖျက်ကျူးလွန်နေသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအကြောင်း တင်ပြလိုပါသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ တွင် မည်သူမဆို အကြမ်းဖက်မှုပြစ်မှုတစ်ခုခုကို ကျူးလွန်ရာ၌ သူတစ်ဦးဦးကိုဖြစ်စေ၊ အများကို ဖြစ်စေ သေစေလျှင် သို့မဟုတ် အပြင်းအထန် နာကျင်စေလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည်ဟုလည်း ကောင်း၊ မည်သူမဆို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ တွင် ဖော်ပြထားသည့် အကြမ်းဖက် သမားများကို အားပေးကူညီခြင်းနှင့် ငွေကြေး ထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများကို ကျူးလွန်လျှင် အနည်းဆုံး ထောင်ဒဏ်ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ဖော်ပြပါသည်။
ယခုတင်ပြခဲ့သော ဥပဒေပြဋ္ဌာန်းချက်များအရ အကြမ်းဖက်သမား(PDF)များ၏ လုပ်ဆောင်နေမှု များသည် တည်ဆဲဥပဒေများအရ သေဒဏ် ထိုက်သောပြစ်မှုများကို ကျူးလွန်နေကြခြင်း ဖြစ်ကြောင်း စာဖတ်သူတို့ တွေ့မြင်သုံးသပ်မိမည်ဟု ထင်မြင်ပါသည်။ ဒါတင်မျှမကသေး အားပေးကူညီ သူ၊ ပူးပေါင်းကြံစည်သူများသည်လည်း ကိုယ်တိုင် ပြစ်မှုကျူးလွန်သူကဲ့သို့ အလားတူ ပြစ်ဒဏ်ခံရမည် ကို ဥပဒေအသီးသီးတွင် ပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၀၉ တွင် မည်သူမဆို ပြစ်မှုတစ်မှုဖြစ်မြောက်အောင် တစ်နည်းနည်းဖြင့် အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ခြင်းပြုလုပ် လျှင် ထိုသို့ပြုလုပ်မှုအတွက် ပြစ်ဒဏ်ပြဋ္ဌာန်းချက် အတိအလင်းပြဋ္ဌာန်းထားခြင်းမရှိလျှင် ကျူးလွန် ခဲ့သောပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ် ကိုသာ ချမှတ်ရမည်ဟု ဖော်ပြထားသည်။ “အားပေးသူနှင့် ကျူးလွန်သူတူညီပြစ်ဒဏ်ပေး” ဟူသော ဥပဒေဆောင်ပုဒ်ကို အလွယ်တကူမှတ်သား နားလည်စေလိုပါသည်။
နိုင်ငံတော်မှ တရားဝင်ထုတ်ပြန်ချက်များအရ အကြမ်းဖက်သမား (PDF) များ၏ ရက်စက်စွာ သတ်ဖြတ်မှုများမှာ ၁-၂-၂၀၂၁ ရက်နေ့မှ ၁၀-၉-၂၀၂၂ ရက်နေ့အထိ “ဆူပူအကြမ်းဖက်သောင်းကျန်း သူများကြောင့် တိုင်းဒေသကြီး/ပြည်နယ်များ အတွင်း အစိုးရဝန်ထမ်းများအကြမ်းဖက် သတ်ဖြတ် ခံရမှု ၁၀၃ ဦး၊ ဒဏ်ရာရရှိမှု ၂၁၀ ၊ အုပ်ချုပ်ရေး အပိုင်းမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အပါအဝင် တာဝန်ရှိသူများ အကြမ်းဖက်သတ်ဖြတ်ခံရမှု ၆၃၃ ဦး၊ ဒဏ်ရာရ ၄၀၀ ၊ ရဟန်း၊ သံဃာတော်များ (သီလရှင်အပါအဝင်)အကြမ်းဖက်သတ်ဖြတ်ခံရမှု ၅၃ ပါး၊ ဒဏ်ရာရ ၂၉ ပါး၊ ကလေးသူငယ်အကြမ်း ဖက်သတ်ဖြတ်ခံရမှု ၈၈ ဦး၊ ဒဏ်ရာရ ၂၃၇ ဦး၊ ရိုးရိုးအရပ်သား အကြမ်းဖက်သတ်ဖြတ်ခံရမှု ၃၀၂၂ ဦး၊ ဒဏ်ရာရ ၂၆၀၉ ဦး စုစုပေါင်းအကြမ်း ဖက်သတ်ဖြတ်ခံရမှုကြောင့် ၃၈၉၉ ဦး သေဆုံးပြီး ၃၄၈၅ ဦး ဒဏ်ရာရရှိခဲ့ပါကြောင်း” တွေ့ရပါသည်။
ရက်စက်သောလုပ်ရပ်သည်
မြန်မာ့ယဉ်ကျေးမှုဓလေ့စရိုက်မဟုတ်
လတ်တလော လူမှုကွန်ရက်မီဒီယာတွင် ကျောင်းဆရာမ နှစ်ဦးအား PDF အကြမ်းဖက် သမားများမှ မျက်လုံးကို အဝတ်ဖြင့်စည်း၍ ကျောင်းဆရာမလေးက “မသတ်ပါနှင့်” ဟု အော်ဟစ်တောင်းပန်နေသည့်ကြားကပင် အကြမ်း ဖက်သမားများက ရက်စက်စွာသတ်ဖြတ်ခဲ့သည်ကို လူမှုမီဒီယာတွင် ဝမ်းနည်းစွာဖတ်ရှုကြားသိကြမည် ဟု ထင်ပါသည်။ ယခုလို ရက်စက်သောလုပ်ရပ်သည် မြန်မာ့ယဉ်ကျေးမှုဓလေ့စရိုက် မဟုတ်ကြောင်း စာရေးသူသတိပြုမိပါသည်။ သေချာတာတစ်ခု ကတော့ မကြာသေးမီနှစ်များက ISIS အကြမ်းဖက် သမားများက ဤသို့ သတ်ဖြတ်မှုမျိုး ပြုလုပ်သည် ကို မီဒီယာများတွင် ဖော်ပြချက်များအရ မှတ်သားဖူး ပါသည်။ အဆိုပါ ISIS အကြမ်းဖက်အဖွဲ့ မြန်မာပြည် အတွင်းသို့ ရောက်ရှိနေပြီလားဟု ထင်မြင်မိ သည်။
၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့ ည ၈ နာရီ မိနစ် ၄၀ တွင် သားငယ်၊ ဝေယံဝင်းမြင့် (ခ) ဝေယံနှင့် ကျော်ခိုင်တို့ပါဝင်သော လူ ၁၅ ဦးခန့်က ရွှေပေါက်ကံမြို့သစ် အမှတ် (၁၁) ရပ်ကွက် အောင်ရွှေဇင်လမ်း အိမ်အမှတ် (၆၄၁) ဦးစိန်မိုး၏ နေအိမ်အား မီးရှို့ဖျက်ဆီး၍ နေအိမ်အတွင်းမှ ဦးစိန်မိုးအား ဒလန်ဟုစွပ်စွဲကာ ဆွဲထုတ်၍ ခြေထောက်အား ကြိုးဖြင့်ချည်ပြီး နေအိမ်ရှေ့လမ်းမ အပေါ်တွင် တုတ်များ၊ ဓားများဖြင့် ဝိုင်းခုတ်ကြခြင်း၊ ဦးစိန်မိုး၏ သားများဖြစ်ကြသည့် မောင်အောင် မိုးဟိန်း၊ မောင်ထင်ခန့်မိုးဟိန်း၊ တူဖြစ်သူ ပံသုကျော် (ခ) ဖိုးလပြည့်တို့အား သစ်ပင်တွင် ချည်နှောင်၍ တုတ်များ၊ ဓားများဖြင့် ဝိုင်းဝန်းရိုက်နှက်သေဆုံးစေခဲ့ပြီးနောက် ငမိုးရိပ်ချောင်းထဲသို့ ပစ်ချခြင်းခံခဲ့ရ သည့်ကိစ္စနှင့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ ည ၈ နာရီ မိနစ် ၃၀ တွင် ရန်ကုန်မြို့ မြောက်ဒဂုံ ဘေလီတံတားအနီးတွင် တောင်ဒဂုံမြို့နယ် လျှပ်စစ်မန်နေဂျာ ဗိုလ်ကြီး ဝင်းမြင့်ဇော်(ငြိမ်း)အား မီးပွိုင့်မိ၍ ကားရပ်တန့်ထားစဉ် နောက်မှ နောက် ယောင်ခံလိုက်လာသူ အကြမ်းဖက်သမားများက ကားပေါ်မှဆင်း၍ သေနတ်ဖြင့် ၆ ချက်ပစ်ခတ် သတ်ဖြတ်ခဲ့ရာ ကားပေါ်တွင် ပွဲချင်းပြီးသေဆုံး သွားခြင်းကိစ္စ၊ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်ခန့်တွင် သင်္ဃန်းကျွန်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးအတွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဦးစီးအရာရှိ ဒဏ်ရာရရှိ၍ ဒုဦးစီးမှူး ဦးကျော်မိုး သေဆုံးသွားခြင်းတို့မှာ တင်ကူးကြံရွယ်ချက်ဖြင့် ကြိုတင်ပြင်ဆင်၍ သတ်ဖြတ်ခြင်းဖြစ်သဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁) (ခ)အရ သေဒဏ် ထိုက်သော ပြစ်မှုကို ကျူးလွန်ခြင်းပင်ဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ အရ လည်း အမြင့်ဆုံးသေဒဏ်ထိုက်သင့်သော ပြစ်မှုပင် ဖြစ်ပါသည်။
မလွဲမသွေ သေဒဏ်ချမှတ်ထိုက်သော အမှုများ
၂၀၂၂ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ ခန့်တွင် မင်္ဂလာဒုံမြို့နယ် ရွှေနံသာကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ဇနီးတို့သည် ကလေးငယ်နှစ်ဦးအား ကျောင်းပို့ရန် မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် မော်တော်ယာဉ်ရှေ့သို့ လက်လုပ်မိုင်းတစ်လုံး ပစ်ခတ်ဖောက်ခွဲ၍ ရပ်တန့်စေခဲ့ပြီး နိုင်အောင်ထွန်း (ခ) ဒဿက အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူ ဒေါ်ဟေမာလွင်အား လည်းကောင်း၊ စိုးမင်းစံက အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထွန်းအားလည်းကောင်း သားသမီးငယ် နှစ်ဦးရှေ့တွင်ပင် ပစ္စတိုဖြင့် ငါးချက်စီ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း၊ အဆိုပါ အရွယ်မရောက် သေးသော သားသမီးငယ် နှစ်ဦး ကျန်ရစ်ခဲ့ခြင်း ကိစ္စနှင့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့ ၈ နာရီ မိနစ် ၃၀ ခန့်တွင် ချမ်းအေးသာစံမြို့နယ် လမ်း ၃၀၊ ၅၆ x ၅၇ လမ်းတွင် ဆိုင်ကယ်စီးနင်းလာသော ဦးစည်သူကိုကိုနှင့် မနှင်းဝေဝေလှိုင်တို့ကို Tiger Force Mandalay အဖွဲ့က ရဲမှူးတစ်ဦးနှင့် မှားသည် ဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ကြောင့် အရွယ်မရောက်သေးသူ သမီးငယ် တစ်ဦး ကျန်ရစ်ခဲ့ခြင်းကိစ္စတို့ကြောင့် စာရေးသူအနေဖြင့် ရင်နင့်အောင်ခံစားခဲ့ရပြီး စာဖတ်သူများလည်း ထပ်တူခံစားကြရမည်ဟု ထင်မြင်မိပါသည်။ ဤကဲ့သို့ သတ်ဖြတ်ကျူးလွန်မှုများသည် ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၀၂ (၁) (ခ) အရ သေဒဏ်ထိုက်သော ပြစ်မှုကို ကျူးလွန်ခြင်းဖြစ်သဖြင့် မလွဲမသွေ သေဒဏ်ချမှတ်ထိုက်သော အမှုများပင်ဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ အရ အမြင့်ဆုံး သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သော ပြစ်မှုပင်ဖြစ်ပါသည်။
ISIS အကြမ်းဖက်တို့နှင့် မည်သို့ဆက်စပ်ပါသလဲ
၂၀၂၁ ခုနှစ် မတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မန္တလေးမြို့ အောင်မြေသာဇံ မြို့နယ် ၁၄ လမ်းထိပ် နှင်းဆီအိမ်ရာအနီးတွင် ကျော်တင့် (မင်းတဲ/ အီကင်းရပ်ကွက်၊ ရာအိမ်မှူး ဟောင်း NLD စည်းရုံးရေးမှူး)၊ သိန်းထွန်း(ခ) သန်းထွန်း (ခ) သိန်းထွန်းဦး (နှင်းဆီအိမ်ရာ) ဦးဆောင်သော ၁၄ ဦးခန့်က မဟာအောင်မြေ၊ မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးအား ဖမ်းဆီးကာ လူအများရှေ့တွင် တာယာကွင်းများဖြင့် စွပ်၍ အရှင် လတ်လတ်ရက်စက်စွာ မီးရှို့သတ်ဖြတ်ခဲ့ခြင်းမှာ လည်း မြန်မာ့လူမှုနယ်ပယ်တွင် မမြင်ဝံ့ မကြားဝံ့ သော ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်ပင်ဖြစ်ပါ သည်။ ထိုကဲ့သို့ ရက်စက်စွာပြုလုပ်မှုများကို လူပုံ အလယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ရာ ISIS တို့ ကျင့်သုံး ခဲ့သော အကြမ်းဖက်လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် အကြောက်တရားဖြင့် ပြည်သူလူထုကို လွှမ်းမိုး ချုပ်ကိုင်ရေးပုံစံကို ကျင့်သုံးဆောင်ရွက်နေခြင်း ဖြစ်သည်လားဟု ထင်မြင်သုံးသပ်မိပါသည်။ ထိုသို့ ဆိုလျှင် ISIS အကြမ်းဖက်တို့နှင့်မည်သို့ ဆက်စပ် ပါသလဲဟု စဉ်းစားသုံးသပ်ရန်အကြောင်း ပေါ်လာ ရပါသည်။
အပြစ်မဲ့ပြည်သူ ၃၅၀၀ ခန့် သေဆုံး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer နှင့် ၁၇-၈-၂၀၂၂ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံ ခဲ့ပြီး ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေ၏ ပြင်ပမှနေ၍ မည်သည့်ကိစ္စကိုမှ ဆောင် ရွက်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သမားများအနေ ဖြင့် အလွန်ဆိုးရွားသည့် ပြစ်မှုများကို ကျူးလွန်ခဲ့ သောကြောင့် အပြစ်ပေးအရေးယူခံရခြင်းဖြစ် ကြောင်း၊ ၎င်းတို့အနက် အချို့မှာ လူ ၄၊ ၅၊ ၆ ဦး သတ်ဖြတ်ခဲ့ကြသူများဖြစ်ကြောင်း၊ အဆွေတော် အနေဖြင့် အဆွေတော်၏ မိတ်ဆွေသားချင်းများ အသတ်ခံရလျှင် မည်ကဲ့သို့ခံစားရမည်ကို မေးမြန်း လိုကြောင်း၊ မြန်မာနိုင်ငံ၌ အကြမ်းဖက်သမားများ၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့ ပြည်သူ ၃၅၀၀ ခန့် သေဆုံးခဲ့ရကြောင်း၊ အဆိုပါ သေဆုံးသူများ၏ မိဘများ၊ ဆွေမျိုးသားချင်းများကို မိမိတို့အနေဖြင့် မည်ကဲ့သို့ နှစ်သိမ့်ပေးရမည်ကို သိရှိလိုကြောင်း ဆွေးနွေးခဲ့ပါသည်။
“ဥပဒေအသိ၊ ဗဟုသုတသတိ” ရှိစေလို
စာပေါင်းချုပ်ကြပါစို့ စာဖတ်သူများတို့၊ စာရေးသူပေးလိုသည်မှာ “ဥပဒေအသိ၊ ဗဟုသုတ သတိ” ရှိစေလိုခြင်းပင် ဖြစ်ပါသည်။ “ဥပဒေကို မသိလို့ ချိုးဖောက်မိသည်ဆိုခြင်းကို ဥပဒေက လက်မခံ”ဆိုသည့် ဥပဒေဆောင်ပုဒ်ကို ရည်ညွှန်း လိုပါသည်။ နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေ များကို စာဖတ်သူများ သိရှိပြန့်ပွားပေးစေလိုပါသည်။ ယနေ့နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော အကြမ်းဖက် မှုများသည် သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်ထိုက် သော ပြစ်မှုများဖြစ်ကြောင်း ဥပဒေပြဋ္ဌာန်းချက် များကို ကိုးကားလျက် စာရေးသူမှ ကောက်နုတ်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ စာရေးသူ ကောက်နုတ် တင်ပြခဲ့သော ဖြစ်စဉ်သာဓကများကြောင့် စာဖတ် သူများ နှလုံးစိတ်ဝမ်း မအေးချမ်းကြရလျှင်လည်း နားလည်သည်းခံပြီး လေ့လာဖတ်ရှုကြစေလို ပါသည်။
မြန်မာ့ယဉ်ကျေးမှုလူမှုနယ်ပယ်တွင် မရှိခဲ့ဖူး သော ရက်စက်စွာတင်ကူးကြံရွယ်ချက်ဖြင့် အကြမ်း ဖက်သတ်ဖြတ်ခံခဲ့ရသောသူများ၏ မိဘသားချင်း ပြည်သူလူထုတို့၏ ရင်တွင်းခံစားမှု၊ စိတ်ဒဏ်ရာ ရရှိမှုများကို အသိအမှတ်ပြု နားလည်ပေးကြစေလို ပါသည်။
ပြစ်ဒဏ်သတ်မှတ်ချက်အတိုင်း စီရင်ခံရနိုင်
“No One is Above the Law ဥပဒေအထက် တွင် မည်သူမျှမရှိပါ။”ဟူသော ဆောင်ပုဒ်ကို ရည်ညွှန်းပါသည်။ ဥပဒေဖောက်ဖျက်ကျူးလွန်သူ များကို ဥပဒေက သတ်မှတ်ဖော်ပြထားသည့်အတိုင်း စီရင်ဆုံးဖြတ်ရကြောင်း၊ ကြီးလေးသောပြစ်မှုကို ကျူးလွန် လျှင်ကြီးလေးသော ပြစ်ဒဏ်စီရင်ခံရနိုင် ကြောင်း၊ အားပေးကူညီအထောက်အပံ့ ပြုလုပ်သူ များသည်လည်း ကျူးလွန်သောပြစ်မှု၏ ပြစ်ဒဏ် သတ်မှတ်ချက်အတိုင်း စီရင်ခံရနိုင်ကြောင်း ထပ်လောင်းတင်ပြလျက် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိတဲ့ ပြည်ထောင်စုနိုင်ငံတော် ကြီးကို ထိန်းသိမ်းကာကွယ် တည်ဆောက်ကြပါစို့ဟု ဆန္ဒပြုအပ်ပါသည်။
- Log in to post comments