
၁၃၈၃-ခုနှစ်ဟု ဆိုအပ် သော နှစ်ဟောင်းကုန်ပျောက်၍ ၁၃၈၄- နှစ်ဟု ဆိုအပ်သော နှစ်သစ်မင်္ဂလာသို့ ရောက်ရှိ သည့် အချိန်အခါမှစ၍ မြန်မာ နိုင်ငံတော်သူ / နိုင်ငံတော်သား အားလုံး မင်္ဂလာရှိစွာဖြင့် မိမိတို့ နေ့စဉ် ပြုလုပ်နေကြသည့် ကိုယ်ဖြင့် ပြုအပ်သော ကာယကံမှု-ကာယကံအလုပ်၊ နှုတ်ဖြင့် ပြောဆိုအပ်သော ဝစီကံမှု-ဝစီကံအလုပ်၊ စိတ်ဖြင့် ကြံစည်အပ်သော မနောကံမှု-မနောကံအလုပ်တို့ကို ပြုလုပ် ကြရာ၌ မိမိ+သူတစ်ပါးအကျိုး ရှိအောင် ပြုလုပ်ဆောင်ရွက်နိုင်ရန် လိုအပ်သဖြင့် ဘုရားရှင်က သားတော်ရာဟုလာအား “မှန်ကိုကြည့်ရှု ရန် အသုံးပြုသကဲ့သို့ ကြည့်ရှုဆင်ခြင်၍ ကာယကံအမှု-ကာယကံအလုပ်ကို၊ ဝစီကံအမှု-ဝစီကံအလုပ်ကို၊ မနောကံအမှု-မနောကံအလုပ်ကို ပြုလုပ်ရမည်”ဟု မိန့်ကြားတော်မူအပ်သော ဩဝါဒဒေသနာတော်ကို ရိုသေလေးစား မှတ်သားလိုက်နာကြသောအားဖြင့် နှစ်သစ်မင်္ဂလာအချိန်အခါမှစ၍ မိမိတို့ နေ့စဉ်ပြုလုပ် ဆောင်ရွက်နေကြရသည့် ကာယကံအလုပ်၊ ဝစီကံအလုပ်၊ မနောကံအလုပ်တို့ကို အပြစ်ဒေါသကင်း၍ မိမိအကျိုး၊ သူတစ်ပါးအကျိုး၊ နိုင်ငံအကျိုး၊ သာသနာတော်အကျိုးစသော ကောင်းသော အကျိုးကျေးဇူး တရားများ ဖြစ်ကြစေရန် သတိသမ္ပဇဉ် ဉာဏ်အမြင်ဖြင့် ဆင်ခြင်ပြီး ပြုလုပ်နိုင်ကြလျက် ဘေးကင်း ရန်ကွာ ကျန်းမာချမ်းသာစွာဖြင့် လိုရာဆန္ဒအဝဝတို့ ပြည့်ကြပါစေကြောင်း နှစ်သစ်မင်္ဂလာ ဆုတောင်း ပတ္ထနာ ပြုအပ်ပါသတည်း။
ဘဒ္ဒန္တစန္ဒိမာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
အကျိုးတော်ဆောင်ဆရာတော်