
ရတနာ(ဆေးသုတေသနဦးစီးဌာန)
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “အကြိမ် (၅၀) မြောက် ရွှေရတုမြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်-၅၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာနတွင် ဗီဒီယိုကွန်ဖရင့်စနစ်(Virtual) နှင့် ကိုယ်တိုင် တက်ရောက်ခြင်း (In-person) ပူးတွဲလျက် ပေါင်းစပ်(Hybrid)အသွင်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။
သုတေသနညီလာခံများ
ညီလာခံကို သုတေသနညီလာခံများ အစဉ် အလာမပျက်ကျင်းပခြင်းအားဖြင့် ကျန်းမာရေး ဆိုင်ရာအသိပညာများ တိုးတက်လာပြီး ကျန်းမာ ရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်မားလာစေရန် နှင့် သုတေသနတွေ့ရှိချက်များကို လက်တွေ့ အသုံးချမည့် ကျန်းမာရေးပညာရှင်များ သိရှိ ဆွေးနွေးနိုင်စေရန်စသည့် ရည်ရွယ်ချက်များ ချမှတ် ကာ ညီလာခံတွင် သုတေသီများက သုတေသန စာတမ်းများကို ဖတ်ကြားတင်သွင်းခြင်း၊ ပိုစတာ များ ပြသခြင်း၊ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ပါသည်။
၁၉၆၅ ခုနှစ်မှစတင်ခဲ့သော ညီလာခံ၏ စတင် ကျင်းပခဲ့ရာနှစ်များတွင် အခြေခံသုတေသန စာတမ်းများကိုသာ တင်သွင်းဖတ်ကြားခဲ့သော် လည်း ၁၉၉၁ ခုနှစ်မှစ၍ သုတေသနပိုစတာများနှင့် ၁၉၉၃ ခုနှစ်တွင် လက်တွေ့အသုံးချသုတေသန စာတမ်းများကို သတ်မှတ်ထည့်သွင်းခဲ့ပါသည်။ ထပ်မံ၍ ၂၀၀၂ ခုနှစ်မှစတင်ကာ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (Symposium) များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းကျင်းပခဲ့ပါသည်။ တစ်ဖန် သုတေသီပညာရှင်များ၏ သုတေသန အရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်နှင့် သုတေသနပညာရှင်များ၏ ကြိုးပမ်း အားထုတ်မှုများကို အလေးထားအသိအမှတ်ပြု သောအားဖြင့် ၁၉၉၃ ခုနှစ်မှစ၍ အကောင်းဆုံး စာတမ်းဆုများ၊ အကောင်းဆုံးပိုစတာဆုများ ရွေးချယ်ချီးမြှင့်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှစ၍ လူငယ် သုတေသီဆုများ ချီးမြှင့်ခြင်းကို တိုးမြှင့်ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင် (၄၅)ကြိမ်မြောက် သုတေသန ညီလာခံမှစ၍ ညီလာခံ၏ အဓိကသုတေသနဦးတည် ချက်ခေါင်းစဉ် (Theme) သတ်မှတ်၍ ဆောင်ရွက် ခဲ့ပါသည်။
အောင်မြင်စွာ ကျင်းပနိုင်ရေး
ကျန်းမာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆေးသုတေ သနဦးစီးဌာနမှ နှစ်စဉ်တာဝန်ယူလျက် လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းကာ လုပ်ငန်းတာဝန်များကို သတ်မှတ်ထားရှိပြီး စနစ် တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
ပြည်တွင်း၌သာမက ပြည်ပမှ သုတေသီပညာ ရှင်များ၏ စာတမ်းများ ပေးပို့ရာတွင် လွယ်ကူ အဆင်ပြေစေရန် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဝက်ဘ်ဆိုက်(https://confer-ence.dmr.gov.mm)ကို လွှင့်တင်ထားရှိပါသည်။ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များရှိ သုတေသီပညာရှင်များမှ တင်သွင်းလာသော သုတေသနစာတမ်းများကို အခြေခံသုတေသနစာတမ်း (Basic Research)၊ အသုံးချ သုတေသနစာတမ်း (Applied Research)၊ လူမှုရေးနှင့် ကျန်းမာရေးစနစ်သုတေသနစာတမ်း (Social Science/ Health Systems Research) များနှင့် အီလက်ထရွန်နစ်ပိုစတာ (E-poster)များအသွင်ဖြင့် အမျိုးအစားခွဲခြား၍ တင်သွင်းရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။
သုတေသနစာတမ်းများ
ယခုနှစ်တွင် အခြေခံသုတေသနစာတမ်း ၂၇ စောင်၊ အသုံးချသုတေသနစာတမ်း ၂၂ စောင်၊ လူမှုရေးနှင့် ကျန်းမာရေးစနစ် သုတေသနစာတမ်း အစောင် ၂၀ ၊ ပိုစတာစာတမ်း ၂၇ စောင် စုစုပေါင်း စာတမ်း ၉၆ စောင်ကို စာတမ်းကြီးကြပ်ရေး ဆပ်ကော်မတီမှ စိစစ်ပြီး ညီလာခံသို့ တင်သွင်း၊ ဖတ်ကြား၊ ပြသရန် လက်ခံရရှိပြီးဖြစ်ပါသည်။ တင်သွင်းမည့် စာတမ်းများတွင် ငှက်ဖျား၊ ကင်ဆာ၊ တီဘီ၊ မျိုးဆက်ပွားကျန်းမာရေး၊ သွားကျန်းမာရေး၊ ခုခံအားကျဆင်းမှု၊ တိုင်းရင်းဆေး၊ ဇီဝကမ္မဆိုင်ရာ သုတေသန၊ ကျန်းမာရေးစနစ်၊ အားကစား၊ သူနာပြု နှင့် ပြည်သူ့ကျန်းမာရေးစီမံချက် အကောင်အထည် ဖော်ခြင်းဆိုင်ရာ သုတေသနများ စသည်တို့ပါဝင်ပါ သည်။ သုတေသနစာတမ်းများ တင်သွင်းဖတ်ကြား ခြင်းကို Virtual နည်းလမ်းဖြင့် တစ်ဦးလျှင် ၁၅ မိနစ်ကြာ တင်ပြရန် စီစဉ်ထားရှိ၍ မေးမြန်းလိုသူများ သည် ဝက်ဘ်ဆိုက်ရှိ မေးမြန်းဆွေးနွေးရန် သတ်မှတ် နေရာ(Chat box)မှတစ်ဆင့် မေးမြန်းနိုင်ပြီး စာတမ်း ရှင်က ပြန်လည်ဖြေကြားပေးရန် စီစဉ်ထားရှိပါသည်။ ပိုစတာများကို အီလက်ထရွန်နစ်ပိုစတာ (E- poster) ဖြင့် ပြသထားမည်ဖြစ်၍ ညီလာခံဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့ခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းအား တိုက် ဖျက်ရာတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန် မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ အလေးထား ဆောင်ရွက်ခဲ့မှု၊ ပုဂ္ဂလိကကဏ္ဍများ၏ ပံ့ပိုးကူညီ ဆောင်ရွက်ခဲ့မှု၊ ပြည်သူလူထု၏ ကျန်းမာရေးအသိ ပညာ ပိုမိုနားလည်သဘောပေါက်မှုများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြမှုများကြောင့် ကျော် လွှားခဲ့နိုင်ခြင်းအား မီးမောင်းထိုးပြသနိုင်ရန် ရည်ရွယ်၍ ယခုနှစ်သုတေသနညီလာခံ၏ အဓိက သုတေသနဦးတည်ချက်ခေါင်းစဉ် (Theme)အဖြစ် “ Response to Covid-19 in Myanmar: Reflec-tion after the Third Wave ” “ မျှဝေခံစား၊ အသိ တိုးပွား၊ ကိုဗစ်တတိယလှိုင်း အတွေ့အကြုံများ” ဟု သတ်မှတ်ထားပါသည်။
အကောင်းဆုံးညှိနှိုင်း အဖြေရှာ
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယ လှိုင်းကြုံတွေ့ရစဉ် ကာကွယ်၊ ထိန်းချုပ်ကုသရာမှာ သိရှိရသော အတွေ့အကြုံများ၊ ဗဟုသုတများ၊ သင်ခန်းစာများ၊ သုတေသန လေ့လာတွေ့ရှိချက် များအား “ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် မြန်မာနိုင်ငံ၌ ကြုံတွေ့ရသော အတွေ့အကြုံများ (Experiences encountered during the third wave of COVID 19 in Myanmar) ” ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် ပညာရှင်များက တင်ပြ ဆွေးနွေးပြီး ရရှိခဲ့သော အတွေ့အကြုံများကို အကောင်းဆုံးပြန်လည်အသုံးချလျက် ရှေ့ကာလ ရင်ဆိုင်ရနိုင်ဖွယ်ရှိသော ကပ်ရောဂါလှိုင်းကို တိုက်ထုတ်ကျော်လွှားနိုင်ရေးအတွက် အကောင်း ဆုံးညှိနှိုင်း အဖြေရှာနိုင်ကြမည်ဖြစ်ပါသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါကို အကောင်းဆုံးကာကွယ်တွန်းလှန်နိုင်မည့် ကိုဗစ်-၁၉ ကာကွယ် ဆေးကိုလည်း နိုင်ငံသားများက ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံကြဖို့ အရေးကြီးလှသည့် အားလျော်စွာ ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်သည့် အတွေ့ အကြုံများကို “ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရာတွင် တွေ့ကြုံရသော စိန်ခေါ် မှုများကို ကျော်လွှားခြင်း (Overcoming challen-ges in COVID -19 vaccination) ” နှီးနှောဖလှယ်ပွဲ တွင်လည်း ဆေးပညာရှင်အသီးသီးက ရှုထောင့် အမျိုးမျိုးဖြင့် ဆွေးနွေးအသိပညာ ဖလှယ်သွားမည် ဖြစ်ပါသည်။
ကိုဗစ်-၁၉ ရောဂါအပြင် မြန်မာပြည်အတွက် အရေးပါသော ကျန်းမာရေးပြဿနာဖြစ်သည့် တီဘီရောဂါကို တွန်းလှန်နိုင်ရန်နှင့် အသည်းရောင် အသားဝါဘီပိုးနှင့်ပတ်သက်သည့် မျိုးဗီဇဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးအသိပညာဖလှယ် မည့် “ဆေးယဉ်ပါး တီဘီကုထုံးသစ်များ၊ အသည်း ရောင်အသားဝါဘီပိုးမျိုးကွဲများနှင့် မျိုးဗီဇပြောင်းလဲ မှုများ (Myanmar- Korea Joint Symposium (2022): New insights to combat infectious diseases: BPaL DR-TB regimen and molecular approach to Hepatitis B)” နှီးနှောဖလှယ်ပွဲကို ကိုရီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ပညာရှင်များက ဆွေးနွေးအသိပညာ ဖလှယ်သွား မည် ဖြစ်ပါသည်။
အရည်အသွေးပြည့်ဝ၍ တောင့်တင်းခိုင်မာ သော ကျန်းမာရေးလုပ်အားစု ဖြစ်ပေါ်တည်တံ့ရေး အတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ရန်ရည်ရွယ်၍ “အရည်အချင်း ပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်နှင့် အရည် အသွေးမီ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်မှု အာမခံမည့် ကျန်းမာရေးပညာရှင်များအကြား ယှဉ်တွဲလေ့လာသင်ယူမှုနှင့် လက်တွေ့ပူးပေါင်း စောင့်ရှောက်မှုစနစ် (Inter-professional educa-tion and inter-professional collaborative practice: Promise for quality health workforce and quality healthcare)” နှီးနှောဖလှယ်ပွဲကို သုတေသီများ၊ ကျွမ်းကျင်ပညာရှင်များပါဝင်လျက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြမည် ဖြစ်၍ အနာဂတ်ဆေးပညာလောက အင်အားသစ် များ ပျိုးထောင်ရေးအတွက် အလွန်အကျိုးရှိမည် ဖြစ်ပါသည်။
ဆုများ ပေးအပ်ချီးမြှင့်မည်
ညီလာခံတွင် တင်သွင်းလာသည့်စာတမ်းများမှ အကောင်းဆုံးအခြေခံသုတေသန (Basic Resea-rch) စာတမ်းတစ်စောင်၊ အကောင်းဆုံးလက်တွေ့ အသုံးချသုတေသန (Applied Research) စာတမ်း တစ်စောင်၊ အကောင်းဆုံးကျန်းမာရေးစနစ် သုတေ သန (Health Systems Research) စာတမ်း တစ်စောင်နှင့် ပိုစတာများမှ အကောင်းဆုံး ပိုစတာ တစ်စောင်၊ စုစုပေါင်း လေးစောင်ကိုလည်းကောင်း၊ လူငယ်သုတေသီဆု သုံးခုအတွက် အခြေခံသုတေ သန စာတမ်းတစ်စောင်၊ လက်တွေ့ အသုံးချသုတေ သန စာတမ်းတစ်စောင်၊ ကျန်းမာရေးစနစ်သုတေ သန စာတမ်းတစ်စောင် စုစုပေါင်း သုံးစောင်ကိုလည်း ကောင်း၊ အကောင်းဆုံးစာတမ်းဆု ရွေးချယ်ရေး ဆပ်ကော်မတီက အသီးသီးရွေးချယ်၍ ဆုများ ပေးအပ်ချီးမြှင့်သွားရန် စီစဉ်ထားပါသည်။ စာတမ်း တင်သွင်းကြသည့် သုတေသနပညာရှင်များ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြု အလေးထားသည့်အနေဖြင့် ဆုရရှိသူ သုတေသီများ အား ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်မည် ဖြစ်ပါသည်။
သုတေသနစာတမ်းရှင်များသည် ဆေးသုတေ သနဦးစီးဌာနမှ ထုတ်ဝေသည့် မြန်မာ့ကျန်းမာရေး သိပ္ပံသုတေသနဂျာနယ် (Myanmar Health Sciences Research Journal)သို့ ပေးပို့လိုပါက လည်း ဂျာနယ်သတ်မှတ်ချက်များနှင့် ကိုက်ညီ အောင် ဆောင်ရွက်လျက် ဂျာနယ်၏ website (https://mhsrj-moh.dmr.gov.mm)သို့ အင်တာ နက်မှတစ်ဆင့် စာတမ်းတင်သွင်းခြင်း (Online submission)ဖြင့် ပေးပို့နိုင်ပါသည်။ ပေးပို့သောစာမူ များကို ပညာရပ်အလိုက် ပြည်တွင်းပြည်ပမှ ပညာ ရှင်များက စနစ်တကျ အကဲဖြတ်စိစစ်ပြီးနောက် ပုံနှိပ်ထုတ်ဝေခြင်းကို ဆောင်ရွက်မည်ဖြစ်ပါသည်။ ဤသုတေသနဂျာနယ်ကို ရည်ညွှန်းကိုးကားဖော်ပြ ခြင်း (Citation) ပြုလုပ်ခြင်းသည် ဂျာနယ်ကို ကမ္ဘာ့အဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် အထောက်အကူတစ်ရပ်ဖြစ်စေ သဖြင့် သုတေသီများက မြန်မာ့ကျန်းမာရေးသိပ္ပံ သုတေသနဂျာနယ်သို့ တင်သွင်းပုံနှိပ်ဖော်ပြပေးစေ ရေးအတွက် တိုက်တွန်းပါသည်။
ဆက်သွယ်မေးမြန်းနိုင်
ညီလာခံသို့ တစ်နေ့တာတင်သွင်းဖတ်ကြားခဲ့ သည့် သုတေသနစာတမ်းများနှင့် ပတ်သက်၍ ပြန်ကြားရေးဆပ်ကော်မတီမှ သတင်းမီဒီယာများ သိလိုသည်များကို ဖြေကြားပေးမည်ဖြစ်ပါသည်။ ပိုမိုအသေးစိတ်သိရှိလိုပါက သုတေသနစာတမ်း တင်သွင်းသူ အဓိကသုတေသီပညာရှင်နှင့် သတင်း မီဒီယာတို့ ဆက်သွယ်မေးမြန်းနိုင်ရန်လည်း စီစဉ် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
ဤသုတေသနညီလာခံကြီးသို့ စာတမ်း တင်သွင်းကြမည့် သုတေသီပညာရှင်များအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆရာဝန်များ၊ ဆေးတက္ကသိုလ်များနှင့် နှီးနွှယ်တက္ကသိုလ်များမှ ဆရာ ဆရာမများ၊ ဘွဲ့လွန်သင်တန်းသားများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သုတေသနစိတ်ပါဝင် စားသူ မည်သူမဆို မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဝက်ဘ်ဆိုက် (https://confer-ence.myanmardmr.org)တွင် ၈-၂-၂၀၂၂ မှ စတင် ၍ အခမဲ့ စာရင်းပေးသွင်းမှတ်ပုံတင်ပြီး ဝင်ရောက် ကြည့်ရှုနိုင်ပါမည်။
နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာ သုတေသနညီလာခံကြီးမှ သုတေသီများ၏ တင်ပြဆွေးနွေးချက်များ၊ သုတေသနဖော်ထုတ်ချက် ရလဒ်များကို ပညာရှင်များ၏ ပညာရပ်ဆိုင်ရာ မျှဝေ၊ ဆွေးနွေး၊ လမ်းညွှန်ချက်များကို အခြေပြုလျက် လက်တွေ့အသုံးချနိုင်သည်အထိ ဆောင်ရွက်သွား နိုင်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ရေးကဏ္ဍအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
- Log in to post comments