
တီဟီရန် သြဂုတ် ၆
အီရန်သမ္မတ အီဘရာဟင် ရိုင်စီက အီရန်နိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို အမြန်ဆုံး ဖယ်ရှားရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ် ကြောင်း ပြည်သူများအား ကတိပြုပြောကြားသည်။
သမ္မတ အီဘရာဟင် ရိုင်စီက ယမန်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ အဆိုပါကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားသို့ အာဖဂန်နစ္စတန်သမ္မတ အာရှ်ရက်ဖ်ဂါနီအပါအဝင် နိုင်ငံပေါင်း ၇၀ မှ သံတမန် များ တက်ရောက်ကြသည်။
အီရန်ပြည်သူများသည် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝနှင့် ဝင်ငွေမြင့်မားမှုကို လိုလားလျက်ရှိ ကြောင်းနှင့် ယင်းလိုအပ်ချက်များကို ၎င်းအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီရန် သမ္မတ ရိုင်စီက ကတိပြုပြောကြားသည်။
ထို့ပြင် အီရန်နိုင်ငံအပေါ် အမေရိကန်နိုင်ငံက ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို အမြန်ဆုံး ဖယ်ရှားရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် ယင်း သို့ ကြိုးပမ်းဆောင်ရွက်ရာတွင် ကောင်းမွန်သော သံခင်းတမန်ခင်း နည်းလမ်းများကို အသုံးပြုသွားမည် ဖြစ်ကြောင်း သမ္မတရိုင်စီက ဆိုသည်။
အမေရိကန်နှင့် အီရန်နိုင်ငံတို့သည် ၂၀၁၅ ခုနှစ် အီရန်နျူကလီးယားသဘောတူစာချုပ် ပြန်လည် အသက်ဝင်လာစေရေးအတွက် သွယ်ဝိုက်ဆွေးနွေးညှိနှိုင်းမှုများကို မကြာခဏပြုလုပ်လျက်ရှိသည်။
သို့သော် ၎င်းတို့၏ ဆွေးနွေးမှုများသည် စီးပွား ရေးပိတ်ဆို့မှုများကို ဖယ်ရှားရန်အထိ အောင်မြင်မှုမရှိ သေးပေ။ မကြာမီအချိန်အထိ စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားရန် ဆောင်ရွက်နိုင်ခြင်းမရှိပါက အီရန် ပြည်သူများ၏ မကျေနပ်ချက်များသည် ပိုမိုကြီးထွား လာနိုင်ဖွယ်ရှိသည်။
သမ္မတ ရိုင်စီက အစိုးရအဖွဲ့ဝင်တာဝန်ရှိသူများ ၏ အမည်စာရင်းများကို ပါလီမန်အစည်းအဝေးသို့ တင်သွင်းမည်ဖြစ်သည်။
အီရန်နျူကလီးယားအရေးနှင့် ပတ်သက်ပြီး အပြန်အလှန်သဘောတူညီမှုရရှိရေးသည် အချိန် ကြာမြင့်နိုင်ဖွယ်မရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က မီဒီယာသို့ ပြောကြားသည်။
ဥရောပသမဂ္ဂနှင့် အခြားသောနိုင်ငံများက ကြားဝင်ညှိနှိုင်းပေးလျက်ရှိသည့် အီရန်နျူကလီးယား အရေးနှင့်ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့ အမြန်ဆုံးလာရောက်ရန် အီရန်အစိုးရအဖွဲ့အသစ် အား နက်ပရိုက်စ်က တိုက်တွန်းပြောကြားခဲ့သည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်