
တီဟီရန် ဇွန် ၁၂
အီရန်သမ္မတ အီဘရာဟင် ရိုင်စီနှင့် အလည်အပတ်ရောက်ရှိနေသော ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုတို့သည် စွမ်းအင်၊ စီးပွားရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန် နှစ် ၂၀ ကြာ မိတ်ဖက်သဘောတူညီမှုကို ဇွန် ၁၁ ရက်က လက်မှတ်ရေးထိုးခဲ့ ကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာနဖြစ်သည့် IRNA က ထုတ်ပြန်ခဲ့သည်။
အီရန်နိုင်ငံသည် လွတ်လပ်သောနိုင်ငံများနှင့် ဆက်ဆံရေးရှိရန် အမြဲကြိုးပမ်းခဲ့ကြောင်း သဘော တူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အီရန်သမ္မတ ရိုင်စီ က ပြောကြားသည်။
ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုသည် နိုင်ငံရေး-စီးပွားရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့နှင့်အတူ ဇွန် ၁၀ ရက်က တီဟီရန်မြို့သို့ အလည်အပတ်ရောက်ရှိခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကတ်စ်မှ အီရန်နိုင်ငံ မြို့တော် တီဟီရန်သို့ အပတ်စဉ်လေယာဉ်ကို ဇူလိုင် ၁၈ရက် တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ၎င်းက ပြောကြားသည်။
ဗင်နီဇွဲလားသမ္မတ မာဒူရိုသည် ယခုရက် သတ္တပတ်အတွင်း တူရကီနှင့် အယ်လ်ဂျီးရီးယား နိုင်ငံတို့သို့ ခရီးသွားရောက်ပြီးနောက် အီရန်နိုင်ငံ သို့ တတိယမြောက် သွားရောက်လည်ပတ်ခြင်း ဖြစ်သည်။
ဆင်ဟွာ