
မယ်စူးစမ်း
အဓိပ္ပာယ်ဖွင့်ဆိုခြင်း
အဂတိလိုက်စားမှုသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန်အတွက် အဓိကကျသည့် အဟန့်အတား များစွာထဲမှ တစ်ခုဖြစ်ပါသည်။ အဂတိလိုက်စားမှု အခြေအနေများကို ကိုင်တွယ်ဖြေရှင်းမှု မပြုပါက နိုင်ငံရေး၊ တရားစီရင်ရေးနှင့် စီးပွားရေးကဏ္ဍများ အထိ ထိခိုက်လာနိုင်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက် မှု အခြေခံကောင်းများကို ထိခိုက်စေနိုင်ပါသည်။
အဂတိလိုက်စားမှုကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီသည့် ဖွင့်ဆိုချက် ဟူ၍ မရှိဘဲ နိုင်ငံအလိုက် ယဉ်ကျေးမှုဓလေ့ထုံးတမ်း သတ်မှတ်ချက်များအရ အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။ မည်သို့ပင်ဆိုစေကာမူ အဂတိလိုက်စားမှုသည် မိမိ အား ပေးအပ်ထားသည့် ရာထူး၊ လုပ်ပိုင်ခွင့်အာဏာ ကို မိမိကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းဖြစ် သည့်အတွက် ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းပင် ဖြစ်ပါသည်။ အဂတိလိုက်စားမှုကို “လာဘ်ပေး လာဘ်ယူမှု” အဖြစ်သာ သိကြပြီး ခြိမ်းခြောက် ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ပိုင်ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစားပြုခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို ကိုယ်ပိုင်အဖြစ်သုံးစွဲခြင်း၊ မလျော် ဩဇာသုံး၍ မဲဆွယ်လွှမ်းမိုးခြင်း၊ မိမိ မိသားစုနှင့် ဆွေမျိုးကောင်းစားရေးဝါဒ အသုံးပြုခြင်း၊ မိမိနှင့် နီးစပ်အဆင်ပြေသူ ကောင်းစားရေးဝါဒရှိခြင်းတို့ သည်လည်း အဂတိလိုက်စားမှုမြောက်သည့် အပြု အမူများ ဖြစ်ပါသည်။
ရေရှည်မျှော်မှန်းချက်
အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာ၌ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ စုံစမ်း စစ်ဆေးဖော်ထုတ်၍ ထိုက်သင့်သည့် ပြစ်ဒဏ် ချမှတ်ခြင်းသည် ထိရောက်သော နည်းလမ်းတစ်ခု ဖြစ်သော်လည်း အဂတိလိုက်စားမှုများ လျော့နည်း ကျဆင်းလာပြီး တဖြည်းဖြည်း ပပျောက်သွားစေရန် မှာ လူငယ်များကို ဖြောင့်မတ်တည်ကြည်မှု၊ ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ ကို ငယ်စဉ်အခါကပင် သင်ကြားမြှင့်တင်ပေးရန် လိုအပ်ပါသည်။
တစ်နည်းအားဖြင့် အဂတိလိုက်စားမှုများကို အသိပညာပေး၍ တားဆီးကာကွယ်သည့် နည်းလမ်း ဖြင့် ရေရှည်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုနည်း လမ်းသည် ရေရှည်စီမံကိန်းဖြင့် ဆောင်ရွက်ရမည် ဖြစ်ပြီး ၎င်းကို ပံ့ပိုးထောက်ပံ့ပေးမည့် အစိုးရ၏ နိုင်ငံရေးစိတ်ဆန္ဒပြင်းပြမှု (Political Will) လိုအပ် မည် ဖြစ်ပါသည်။ ၎င်းအပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် သက်ဆိုင်ရာကဏ္ဍရှိ ဌာန/အဖွဲ့အစည်းများ၊ ပညာရှင်များ ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် ငွေကြေး၊ အချိန်၊ လူသားအရင်းအမြစ် များနှင့် နည်းပညာများ အသုံးပြုရန် လိုအပ်ပါသည်။
ကျင့်ဝတ်ပျိုးထောင်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် အခြေခံ အကျဆုံးနည်းလမ်းမှာ အသိပညာပေးခြင်း ဖြစ်ပါ သည်။ အသိပညာပေးခြင်းကို ကျောင်းပညာရေးများ မှတစ်ဆင့် ဆောင်ရွက်ပါက ထိရောက်မှုရှိသည့် အကျိုးရလဒ်များ ရရှိနိုင်မည်ဖြစ်ပါသည်။ အဂတိ လိုက်စားမှုသည် ကိုယ်ကျင့်တရားဆိုင်ရာပြဿနာ တစ်ခုဖြစ်သည့်အတွက် ကိုယ်ကျင့်တရား မြင့်မား ရေး၊ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးတို့ကို အခြေခံပညာမူလတန်းမှစတင်ကာ ထည့်သွင်း သင်ကြားပေးရမည် ဖြစ်ပါသည်။ လူငယ်များအား အဂတိလိုက်စားမှု၏ ဆိုးကျိုး၊ ဘေးအန္တရာယ်တို့နှင့် စပ်လျဉ်း၍ ငယ်ရွယ်စဉ်ကပင် လေ့ကျင့်သွန်သင်ပေး ရန် လိုပါသည်။
ကလေးငယ်များ၏ နေ့စဉ်ဘဝတွင် ကိုယ်ကျင့် တရားနှင့် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အလေ့ အကျင့်ကောင်းများ မျိုးစေ့ချပေးနိုင်ရေးအတွက် ကျင့်ဝတ်ပညာရေးသည် အခြေခံကျသည့် အချက် ဖြစ်ပါသည်။ ကျင့်ဝတ်ပညာရေးကို ပိုမိုထိရောက် စေရန် ဖြောင့်မတ်တည်ကြည်မှုကို တန်ဖိုးထားသည့် သင်ကြားရေးပတ်ဝန်းကျင်ကို ဦးစွာတည်ဆောက်ရ မည် ဖြစ်ပါသည်။ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်သင်ခန်းစာများသည် ကျောင်းသားလူငယ် တို့၏ အတန်းပညာအပေါ် အခြေခံ၍ ကွဲပြားသွား မည်ဖြစ်ပါသည်။
နိုင်ငံတကာ လေ့ကျင့်ပညာသင်ခန်းစာများ
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပညာပေး အစီအစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံအသီးသီးတွင် အသုံးပြုနေကြသော ပညာပေးအစီအစဉ်များစွာ ရှိပါသည်။ အစီအစဉ်များသည် နိုင်ငံ၏ ပညာရေး ကဏ္ဍ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကဏ္ဍတို့ အပေါ် အခြေခံ၍ ကွဲပြားခြားနားကြပါသည်။ ပညာပေးအစီအစဉ်များ၏ ရည်ရွယ်ချက်သည် အဂတိလိုက်စားမှုများကို လျော့နည်းပပျောက်ရေး ဟူသည့် ဘုံရည်မှန်းချက် တူညီကြသော်လည်း နိုင်ငံအလိုက် ဦးတည်သည့်လူငယ်များ၏ အသက် အရွယ်အပေါ် မူတည်၍ စီစဉ်ရေးဆွဲထားသည့် အကြောင်းအရာများ၊ ယဉ်ကျေးမှု၊ လူနေမှုအားဖြင့် ပုံစံများ ကွဲပြားနိုင်ကြပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူးအုပ်ချုပ် ခွင့်ရဒေသတစ်ခုဖြစ်သည့် မကာအိုတွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ကဏ္ဍတစ်ခုအနေဖြင့် မကာအိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (CCAC MACAO – Com-mission Against Corruption of MACAO)က ရေးဆွဲထားသည့် အစီအစဉ်သည် အခြေခံပညာ ကျောင်းသား ကျောင်းသူများကို ဦးတည်ရေးဆွဲထား ပြီး ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်မှု(Role Play)နှင့် အပြန်အလှန်ဆွေးနွေးခြင်း (Discussions)၊ စာသင်ခန်းလှုပ်ရှားမှု (Classroom’s Activities)များ ပါဝင်ကာ ၎င်းမှတစ်ဆင့် ကလေးများအနေဖြင့် ဖြောင့်မတ်တည်ကြည်မှု၏ အရေးပါမှုကို သိရှိစေရန် မူလတန်းအရွယ်မှ စတင်ပျိုးထောင်ပေးလျက်ရှိ ပါသည်။
၎င်းအစီအစဉ်တွင် ကလေးများအတွက် ကစား ကွင်းတစ်ခု ပြုလုပ်ပေးထားကာ တီထွင်ဆန်းသစ် သော သင်ကြားမှုကို အခြေခံ၍ စာသင်ခန်း၏ အငွေ့အသက်မပါဘဲ ကလေးသူငယ်များအား အဂတိလိုက်စားမှု၏ ဆိုးကျိုးများကို သိရှိနားလည် ပြီး ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာတန်ဖိုးများနှင့် ကျင့်ဝတ်များကို ခွဲခြားသိမြင်လာစေသည့် လွတ်လပ်ပေါ့ပါးသည့် လှုပ်ရှားမှုများဖြင့် ပုံဖော်ထား ပါသည်။
မကာအိုအခြေခံပညာကျောင်းများမှ မူလတန်း ကျောင်းသား ကျောင်းသူများသည် အဆိုပါကစား ကွင်းသို့ တစ်နာရီခန့် လာရောက်ကြပြီး မကာအို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပညာ ရပ်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများက လှုပ်ရှားမှုများ အား ဦးဆောင်ပြုလုပ်ပေးခြင်း၊ ကစားကွင်းသို့ လိုက်လံရှင်းလင်းပြသခြင်းတို့ကို ပါဝင်ဆောင်ရွက် ကြရပါသည်။ ကလေးငယ်များ ကစားကွင်းတွင် ဝင်ရောက်လေ့လာပြီးပါက ၎င်းတို့ လေ့လာတွေ့ရှိခဲ့ သည်များအနက် ပြုလုပ်သင့်သည်နှင့် ပြုလုပ်ရန် မသင့်သည့်အရာများကို ကော်မရှင်ဝန်ထမ်းများနှင့် ပြန်လည်ဆွေးနွေးစေပါသည်။ စာသင်ကျောင်းများ မှလည်း ကျောင်းသား ကျောင်းသူတို့၏ လေ့လာမှု ခရီးစဉ်နှင့်စပ်လျဉ်း၍ ပြန်လည်ဆန်းစစ်ခြင်း၊ ဆွေးနွေးခြင်းများနှင့် ၎င်းတို့၏ အပြုအမူများကို စောင့်ကြည့်ခြင်းများ ပြုလုပ်ခဲ့ရာ ကလေးများ၏ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်များ မြင့်တက် လာသည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
ဟောင်ကောင်လေ့ကျင့်သင်ကြားမှု ပုံစံ
ဟောင်ကောင်တွင်လည်း ဟောင်ကောင်အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ICAC – Inde-pendent Commission Against Corruption)၏ လက်အောက်ခံဌာနတစ်ခုဖြစ်သည့် ဒေသတွင်း ဆက်ဆံရေးဌာန (CRD – Community Relations Department) က အဓိက ဆောင်ရွက်ပါသည်။
CRD အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေးအစီအစဉ်အဖြစ် အသက် သုံးနှစ်မှ ၁၁ နှစ် အရွယ် ကလေးငယ်များအတွက် ကာတွန်း ရုပ်ကောင်များ ဖန်တီး၍လည်းကောင်း၊ သင်ကြား ရေးအစီအစဉ်များတွင် ထည့်သွင်းရေးဆွဲကာ ကျောင်းသင်ခန်းစာများ အဖြစ်လည်းကောင်း သင်ကြားပြီး TV နှင့် Internet တို့မှတစ်ဆင့်လည်း ထုတ်လွှင့်မှုများ ပြုလုပ်၍ အသိပညာပေးခြင်း ဆောင်ရွက်ပါသည်။ အသက် ၁၂ နှစ်မှ ၁၇ နှစ်အရွယ် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများအတွက် အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် ကျင့်ဝတ်ဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ် ရာတွင် စဉ်းစားရမည့် အချက်များကို ကျောင်း သင်ခန်းစာများတွင် ထည့်သွင်း သင်ကြားစေ ပါသည်။
ထို့ပြင် ဟောင်ကောင်အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(ICAC)က စာသင်ကျောင်း များတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ပေး ပြီး ICAC ရုံးချုပ်သို့လည်း ကျောင်းသား ကျောင်းသူ များက သွားရောက်လည်ပတ်လေ့လာရသည့် အစီအစဉ်များ ထည့်သွင်းထားပါသည်။
တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူများ အတွက်မူ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်သည့် သင်တန်းပို့ချမှုများ၊ ပုဂ္ဂလိက အကျိုးစီးပွားနှင့် အများပြည်သူအကျိုးစီးပွား ယှဉ်တွဲလာသည့် အခြေအနေတွင် ကျင့်ဝတ်ဆိုင်ရာဆုံးဖြတ်ချက်များ နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်စေခြင်း၊ လုပ်ငန်းခွင်ဝင်ရောက်ရာ၌ သက်ဆိုင်ရာကျင့်ဝတ်များ လိုက်နာတတ်စေရန် ကျင့်ဝတ်ဆိုင်ရာ သင်ခန်းစာများကို တက္ကသိုလ် ပညာရေးတွင် ဘာသာရပ်တစ်ခုအနေဖြင့် ပြဋ္ဌာန်း သင်ကြားစေခြင်းတို့ကို ဆောင်ရွက်စေပါသည်။
အဂတိတိုက်ဖျက်ရေးနည်းလမ်း သုံးသွယ်
မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှုများ တိုက်ဖျက်ရာတွင် အသိပညာပေးခြင်း၊ တားဆီး ကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်း ဟူသည့် နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်လျက်ရှိ သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၁၆ ပုဒ်မခွဲ (ည)နှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက် ရေးဆိုင်ရာ အသိပညာများကို အခြေခံပညာမူလ တန်းအဆင့်မှ စတင်သင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြုစုခဲ့သည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး အစီအစဉ် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ဆရာကိုင်စာအုပ်များကို ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ကာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ Education for Justice (E4J) Initiative University Module Series မှ Anti-Corruption Module (1 to 5) နှင့် Integrity and Ethics Module (1 to 12)တို့ကို ပညာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်တက္ကသိုလ် အဆင့် ရည်ညွှန်းစာစောင်များအဖြစ် ဘာသာပြန်ဆို ပြုစုထုတ်ဝေပြီး ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်ခြင်းဖြင့် ကလေးငယ်များ၏ ဖြောင့်မတ် တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ အလေ့အကျင့် ကောင်းများကို မူလတန်းပညာရေးမှစတင်ကာ အလယ်တန်း၊ အထက်တန်းအထိ ရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာ အသိပညာပေးခြင်းကဏ္ဍကို သတင်းစာနှင့် ဂျာနယ်မဂ္ဂဇင်းများတွင် အဂတိလိုက်စားမှုဆိုင်ရာ အသိပညာပေးဆောင်းပါးများ ရေးသားခြင်း၊ ရုပ် သံလိုင်းများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ ဇာတ်လမ်းတိုများ ရိုက်ကူးထုတ်လွှင့်ခြင်း၊ Social Media နှင့် လူမှုကွန်ရက်များတွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဗဟုသုတများ၊ အသိပညာများ အပတ်စဉ် ရေးသားတင်ပြခြင်း၊ လက်ကမ်းစာစောင်များ ထုတ်ဝေဖြန့်ချိခြင်း၊ ဝန်ကြီးဌာနများမှ ဖွင့်လှစ်သည့် သင်တန်းများသို့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာ များ သွားရောက်ပို့ချခြင်း၊ လူငယ်ဖြောင့်မတ် တည်ကြည်မှု မြှင့်တင်ရေးစခန်း (Youth Integrity Camp) များ ကျင်းပပြုလုပ်ခြင်းစသည့် အသိပညာ ပေးနည်းလမ်းများဖြင့်လည်း မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။
ကိုယ်ကျင့်တရားမျိုးစေ့များ
အဂတိလိုက်စားမှုများကို လုံးဝလက်သင့်မခံ သည့် လူမှုအသိုင်းအဝိုင်းတစ်ခု ပေါ်ပေါက်လာစေရန် မှာ ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရား ဖြင့် တန်ဖိုးထားပြီး လက်တွေ့လိုက်နာကျင့်ကြံခြင်း၊ အခြေခံစည်းကမ်းနှင့် ကျင့်ဝတ်များကို လိုက်နာခြင်း၊ မိမိတို့၏ လုပ်ဆောင်မှုတိုင်းအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်းတို့သည် အခြေခံအချက်များ ဖြစ် သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းကဏ္ဍကို မြှင့်တင်ခြင်းသည် လူငယ်လူရွယ်တို့၏ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်စံနှုန်းများကို မြှင့်တင်ပေးခြင်း ဖြစ်ပါသည်။
တစ်နည်းအားဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ တန်ဖိုးများကို မျိုးစေ့ချပေးခြင်းဖြစ်ပါသည်။ ဖြောင့် မတ်တည်ကြည်မှုကို ငယ်စဉ်ကတည်းက လေ့ကျင့် သင်ကြားပေးခြင်း မရှိပါက “မျိုးစေ့မမှန်၊ ပင်မသန်” ဆိုသကဲ့သို့ ကိုယ်ကျင့်တရားဆိုင်ရာ တန်ဖိုးများ ကျဆင်းလာပြီး အရွယ်ရောက်၍ လုပ်ငန်းခွင်ဝင်ရ ပါက အဂတိလိုက်စားမှုများ ကျုးလွန်ခြင်း၊ ကျင့်ဝတ် ဖောက်ဖျက်ခြင်း၊ အမှားအမှန် မခွဲခြားနိုင်ခြင်းတို့ကို ကြုံတွေ့လာနိုင်ပါသည်။
နိုင်ငံတကာ သိမှတ်ဖွယ်ရာများ
ကမ္ဘာ့နိုင်ငံများတွင် လက်ရှိကျင့်သုံးနေသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာ မြှင့်တင်သည့် ပညာပေးကဏ္ဍများအပေါ် လေ့လာမှု များအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိ ပညာပေးဆောင်ရွက်ရာတွင် နိုင်ငံအတွင်းရှိ သက်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့ အစည်းများ၊ ပညာရေး၊ လူငယ်ရေးရာ စသည့်ဌာန များနှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများ၏ သင်ရိုးညွှန်းတမ်းများတွင် သင်ခန်းစာများ ထည့်သွင်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ အခြေခံ ပညာကျောင်းများ သို့မဟုတ် တက္ကသိုလ်များသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာ များ သွားရောက်ဟောပြောပို့ချခြင်း၊ နိုင်ငံအတွင်းရှိ သက်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ အစည်းက ကျောင်းသား ကျောင်းသူများ လာရောက် လေ့လာနိုင်စေရန် ပြခန်းများထားရှိခြင်းများလည်း စီမံထားရှိခဲ့ကြပါသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများအား ကျောင်းသားလူငယ် များ ပါဝင်ဆောင်ရွက်နိုင်စေရန် ဖန်တီးပေးခြင်း၊ အသိပညာပေးနိုင်ရန် လေ့ကျင့်ပေးထားသည့် ဝန်ထမ်းများက လှုပ်ရှားမှုများကို ကျောင်းသား ကျောင်းသူများနှင့်အတူ ပါဝင်ဆောင်ရွက်ခြင်း များလည်း လက်တွေ့ပြုလုပ်ခဲ့ကြပါသည်။ ထို့ပြင် ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းများ အပြန်အလှန်ဆွေးနွေးခြင်း၊ ဖြောင့်မတ်တည်ကြည် မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဘာသာရပ်တို့ကို သင်ကြားပေးမည့် ဆရာ၊ ဆရာမ များအား သင်ကြားရေးဆိုင်ရာ သင်တန်းများပေး ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့သည့် ထင်ရှားသည့် သာဓက များအား ပြန်လှန်ခွဲခြမ်းစိတ်ဖြာ လေ့လာစေခြင်း အစရှိသည့် နည်းလမ်းများကို အဓိက လက်တွေ့ အသုံးပြုကြသည်ကို စာသင်ကျောင်းများတွင် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြကြောင်း လေ့လာ တွေ့ရှိရပါသည်။
အနာဂတ်အတွက် ခံယူချက်
အဂတိလိုက်စားမှုကို တိုက်ဖျက်ခြင်းသည် ရေရှည်စီမံကိန်းချကာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ခု ဖြစ်ပါသည်။ အဂတိလိုက်စားမှု လျော့နည်းပ ပျောက်သွားစေရန်မှာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်တစ်ခုတည်း ဆောင်ရွက်ခြင်းထက် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ပြည်သူလူထုများ အားလုံးပါဝင် ဆောင်ရွက်ပါက အရွေ့တစ်ခုကို လျင်မြန်စွာ ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။ အားလုံးဝိုင်းဝန်း၍ လက်တွဲညီညီ ကြိုးစားကြမည် ဆိုလျှင် အနာဂတ်တွင် ကိုယ်ကျင့်တရားဆိုင်ရာ စံတန်ဖိုးများ မြင့်မားလာပြီး အဂတိလိုက်စားမှုများ လည်း တဖြည်းဖြည်း လျော့နည်းလာမည်ဖြစ်ပါ သည်။
ထို့ကြောင့် အဂတိလိုက်စားမှုမြောက်သည့် အပြုအမူများကို မိမိကိုယ်တိုင် ကြုံတွေ့လျှင်သော် လည်းကောင်း၊ မိမိပတ်ဝန်းကျင်တွင် တွေ့မြင်ရလျှင် သော်လည်းကောင်း အဂတိလိုက်စားမှုကို သိရှိကာ လက်သင့်မခံသင့်သည့် ခံယူချက်တစ်ခုအဖြစ် နားလည်ပြီး တွန်းလှန်တိုက်ဖျက်နိုင်ကြစေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ဖြောင့်မတ် တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ အသိပညာပေး ကဏ္ဍကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဖြစ် ကြောင်း နိုင်ငံတကာ မှတ်တမ်းမှတ်ရာများနှင့် ကိုးကား တင်ပြအပ်ပါသည်။ ။
- Log in to post comments