အေအိုင် (ဉာဏ်ရည်တု)လုံခြုံစိတ်ချမှုရှိစေရန် နည်းပညာ ကုမ္ပဏီကြီးများကို အမေရိကန်ဒုတိယသမ္မတ တောင်းဆို

 

ဝါရှင်တန် မေ   ၅


အမေရိကန်  ဒုတိယသမ္မတ   ကာမလာဟားရစ်သည်   နည်းပညာ ကုမ္ပဏီကြီး လေးခု၏ အကြီးအကဲများကို  ၎င်းတို့၏ ထုတ်ကုန်သစ် ဖြစ်သည့်အေအိုင် (ဉာဏ်ရည်တု) လုံခြုံစိတ်ချမှုရှိစေရန် တောင်းဆို ခဲ့သည်။ ၎င်းသည်နည်းပညာကုမ္ပဏီကြီးများ၏စီအီးအိုများကို မေ ၄ ရက်က အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့သည်။ ၎င်းတို့မှာ ဂူဂဲလ်၊ မိုက်ခရို ဆော့ဖ်နှင့် အခြားကုမ္ပဏီ နှစ်ခုတို့မှဖြစ်ကြသည်။ အေအိုင်စနစ်သည် ပြည်သူများ၏ဘဝကို မြှင့်တင်ပေးနိုင်ပြီး အဓိက လူမှုရေးပြဿနာများ ကို ဖြေရှင်းပေးနိုင်သည်။ သို့သော်လည်း အဆိုပါနည်းပညာကြောင့် ဘေးကင်းရေးနှင့် လုံခြုံရေးတို့အတွက်လည်း ခြိမ်းခြောက်လာနိုင် ကြောင်းနှင့် ပြည်သူများ၏ကိုယ်ရေးကိုယ်တာများနှင့် အခွင့်အရေး များကိုလည်း  ချိုးဖောက်လာနိုင်ကြောင်း  ၎င်းက  ပြောကြားခဲ့သည်။ နည်းပညာကုမ္ပဏီကြီးများအနေဖြင့် ၎င်းတို့၏ထုတ်ကုန်လုံခြုံစိတ်ချ ရမှုအတွက်လည်း ကျင့်ဝတ်နှင့် ဥပဒေဆိုင်ရာတာဝန်များရှိသည်ဟု ၎င်းကပြောကြားခဲ့သည်။ အမျိုးသားအေအိုင် သုတေသနအင်စတီကျူ များကို တည်ထောင်ရန်အတွက် အမေရိကန်က ဒေါ်လာသန်း ၁၄၀ ရင်းနှီးမြှုပ်နှံထားသည်ဟု ကြေညာခဲ့သည်။ အေအိုင်စနစ်၏ ဘေးကင်း လုံခြုံရေးကိစ္စရပ်များအပါအဝင်    စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ပြည်တွင်းအေအိုင်စနစ်  ကျွမ်းကျင်သူများနှင့်တိုင်ပင်ပြီး  ဥရောပသမဂ္ဂနှင့်အတူ လက်တွဲလုပ်ကိုင်သွားရန် မျှော်လင့်ထား  သည်ဟု အမေရိကန်အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။ ဥရောပသမဂ္ဂသည် အေအိုင်ဥပဒေကို ရေးဆွဲလျက်ရှိသည်။  


အင်န်အိတ်ချ်ကေ