အောင်လအန်ဆန်နှင့် အိုကာမီ တွဲဆိုင်းပါဝင်သည့် ONE 163 ပြိုင်ပွဲ ယနေ့ကျင်းပမည်

 

ရန်ကုန်   နိုဝင်ဘာ  ၁၈


မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား အိုကာမီတို့ တွဲဆိုင်းပါဝင်မည့် ONE 163 ပြိုင်ပွဲကို   နိုဝင်ဘာ ၁၉ ရက်  (ယနေ့) ညနေပိုင်းတွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။

 


ONE Championship အဖွဲ့အစည်းက စီစဉ်သည့် ONE 163 ပြိုင်ပွဲ တွင် တွဲဆိုင်းစုစုပေါင်း ၁၂ ပွဲ ပါဝင်မည်ဖြစ်ပြီး အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပ မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ်  ကစ်ဘောင်ဆင် ဘင်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ ကျင်းပမည်ဖြစ်ပြီး ဂျပန်နိုင်ငံသား အကီမိုတိုနှင့်  ထိုင်းနိုင်ငံသား  ပတ်ချာထာနွန်တို့   ယှဉ်ပြိုင်ထိုးသတ် မည်ဖြစ်သည်။ 
အပိုင်း (၁) ကို မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင်  စတင်ကျင်းပမည် ဖြစ်ပြီး အပိုင်း (၂) ကိုမူ မြန်မာစံတော်ချိန် ည ၇ နာရီတွင် စတင်ကျင်းပ မည်ဖြစ်သည်။        

 


အောင်လအန်ဆန်သည်     မစ်ဒယ်ဝိတ်တန်း     စိန်ခေါ်ပွဲအဖြစ် ဂျပန်နိုင်ငံသား အိုကာမီနှင့် ထိုးသတ်ရမည်ဖြစ်ပြီး ယင်းပွဲစဉ်မှာ အပိုင်း (၂)တွင် ပါဝင်ကာ  တတိယမြောက်ပွဲအဖြစ်   ကျင်းပမည်ဖြစ်သည်။ အောင်လအန်ဆန်အတွက်  ယခုပွဲမှာ   အရေးပါနေပြီး   အနိုင်ရမှသာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုလမ်းကြောင်းပေါ်သို့   ပြန်လည် တက်လှမ်းခွင့်ရမည်ဖြစ်သည်။ အောင်လအန်ဆန်သည် စိန်ခေါ်ပွဲများ တွင်  နိုင်ပွဲဆက်တိုက်ရရှိမှသာ  ၎င်းလက်လွှတ်ခဲ့ရသည့်   မစ်ဒယ် ဝိတ်တန်း     ကမ္ဘာ့ချန်ပီယံဆုကို      ပြန်လည်စိန်ခေါ်နိုင်ဖွယ်ရှိနေသည်။


အောင်လအန်ဆန်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့်  ထိုးသတ်ပြီးနောက်  ယခုမှပြန်လည်ထိုးသတ် ရခြင်းဖြစ်သည်။  အောင်လအန်ဆန်သည်   ကမ္ဘာ့ချန်ပီယံခါးပတ် လက်လွှတ်ခဲ့ရပြီးနောက် ၂၀၂၁ ခုနှစ် ဇူလိုင်တွင် ဘရာဇီးနိုင်ငံသား လီအန်ဒရိုနှင့်   ထိုးသတ်ခဲ့ရာ  အနိုင်ရခဲ့သော်လည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် ထိုးသတ်ရာ တွင် အမှတ်ဖြင့် အရေးနိမ့်ခဲ့သည်။ အောင်လအန်ဆန်သည် ယခုနှစ် အတွင်း ဒုတိယမြောက် စိန်ခေါ်ပွဲ ထိုးသတ်ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံသား အိုကာမီမှာမူ   ၂၀၁၉  နောက်ပိုင်း     စိန်ခေါ်ပွဲပြန်လည်ထိုးသတ်ခြင်း ဖြစ်သည်။                                    


 ရဲရင့်လွင်