အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး

Type


 

ခန့်ဇော်၊ ကျေးလက်

ကမ္ဘာကြီးက ရွာတစ်ရွာလို  ဖြစ်နေပြီ။ နိုင်ငံတွေ၊ တိုင်းပြည်တွေဟာ  ဆက်စပ်တည်ရှိနေပြီး  ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝဘေးဒဏ်တွေကို အားလုံး အနည်းနဲ့အများ ခံစားကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုက သတ်မှတ် စည်းကမ်းတွေမလိုက်နာရင်၊ သစ်တောသစ်ပင်တွေ မထိန်းသိမ်းရင်၊ သစ်တောပြုန်းတီးအောင် လုပ်ရင်၊ ကာဗွန်ထုတ်လုပ်မှုတွေ ဆိုးရွားစွာ လုပ်ရင်၊ ဓာတုဆေးတွေ အလွန်အကျွံသုံးရင်၊ နောက်ဆက်တွဲ ဆိုးကျိုး ဖြစ်တဲ့ သဘာဝဘေးက အဲဒီနိုင်ငံတစ်ခုတည်း ထိခိုက်မှာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ အနည်းအများသာကွာခြားပြီး ထိခိုက်မှာဖြစ်တယ်။

ယနေ့ကမ္ဘာကြီးလည်း ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုများနေသလို သစ်တောပြုန်းတီးမှု၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု၊  စက်မှုဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ ဖျားနာနေပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံဟာလည်း ဒီဒဏ်ကို ခံစားနေရပြီး နှစ်စဉ် တိုင်းလိုလို  သဘာဝဘေးတွေ ကြုံခဲ့ရကာ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ရပါတယ်။  Global  Climate  Risk  Index 2021   အရ   ပြီးခဲ့တဲ့  ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၉ ခုနှစ်အထိ အနှစ် ၂၀အတွင်း သဘာဝဘေး ကြောင့် ထိခိုက်ခံစားရမှု ကမ္ဘာ့အဆင့် ၁၈၄ နိုင်ငံအနက် ထိခိုက်ခံရမှု အများဆုံး သုံးနိုင်ငံစာရင်းနဲ့ အာဆီယံဒေသတွင်းထိခိုက်မှုအများဆုံးနှစ်နိုင်ငံမှာ မြန်မာနိုင်ငံအပါအဝင် ဖြစ်ပါတယ်။ ဒါ့အပြင် Greenest Countries  2022  စစ်တမ်းအရ သဘာဝဘေးအန္တရာယ်တုံ့ပြန် ဆောင်ရွက်ရန် အဆင်သင့်ဖြစ်မှု (သို့မဟုတ်) သဘာဝပတ်ဝန်းကျင် ဆိုင်ရာမူဝါဒများကို ကောင်းစွာလိုက်နာကျင့်သုံးနိုင်မှုမှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၁၃၇ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် ထိခိုက် ခံရမှုမှာ အထူးသဖြင့် ဆင်းရဲနွမ်းပါးသူတွေ၊ ထိခိုက်လွယ်သူတွေဖြစ်ပြီး အများစုဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြပါတယ်။ မြန်မာ နိုင်ငံမှာ ကျေးလက်ဒေသနေ လူဦးရေမှာ ၇၀ ရာခိုင်နှုန်းဖြစ်ပြီးတော့ ကမ္ဘာမှာလည်း ကျေးလက်ဒေသနေ  လူဦးရေဟာ ၄၃ ဒသမ ၈၅ ရာခိုင်နှုန်းရှိပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက် ရာမှာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေးတွေဖြစ်ဖို့ လိုအပ်ပါတယ်။ ဖွံ့ဖြိုး ရေးတွေကြောင့် သဘာဝပတ်ဝန်းကျင်မထိခိုက်ဖို့၊ မပျက်စီးဖို့ စဉ်းစား ဆောင်ရွက်ကြရပါမယ်။ လူမှုထိခိုက်မှုတွေ မရှိအောင် ဆောင်ရွက်ကြရ ပါမယ်။ ဒါတင်မကသေးဘဲ သစ်တောအရင်းအမြစ်တွေ၊ ရေအရင်း အမြစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး အတွက် အလွန်အရေးကြီးတဲ့ မြေကြီးကိုလည်း ထိန်းသိမ်းရပါမယ်။ ဒါကြောင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဟာ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေကို ဆောင်ရွက်တဲ့အခါမှာ -    
    (က)    သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချရေးအကာအကွယ်
    (ခ)    လူမှုရေးထိခိုက်မှု လျှော့ချရေးအကာအကွယ်များကို ဆန်းစစ်လေ့လာပြီး ထိခိုက်မှုလျှော့ချရေး စီမံဆောင်ရွက် နေပါတယ်။ 
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ   အကာအကွယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာဖို့  ကျင့်ဝတ်တွေ၊ စီမံခန့်ခွဲမှု အစီအစဉ်နဲ့ ရုပ်ဝတ္ထုဆိုင်ရာ ယဉ်ကျေးမှုအရင်းအမြစ်တွေ၊ စီမံခန့်ခွဲမှု အစီအစဉ် ရေးဆွဲလိုက်နာကျင့်သုံးဆောင်ရွက်စေပါတယ်။
လူမှုပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ်တွေအနေနဲ့  မြေယာ သိမ်းတာမဟုတ်ဘဲ ဆန္ဒအလျောက် မြေယာလှူဒါန်းခြင်း၊ တိုင်းရင်း သားလူမျိုးစုငယ်တွေ၊ ဆင်းရဲနွမ်းပါးသူတွေ၊ အမျိုးသမီးတွေ၊ ထိခိုက် လွယ်အုပ်စုတွေ ဆုံးဖြတ်ချက်  ချမှတ်ခွင့်ရရှိရေးနဲ့  လွတ်လပ်တဲ့ အကြံပေးမှုတွေဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကပိုင်ဆိုင်မှု မဆုံးရှုံးစေခြင်း၊ ရွှေ့ပြောင်းပေးရမှု မရှိစေခြင်းနဲ့ မလွှဲမရှောင်သာ ရွှေ့ပြောင်းစေရပါက ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေးတို့ကို စီမံဆောင်ရွက်လျက်ရှိပါတယ်။
ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကို Green Growth - အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဖော်ဆောင်ဖို့ တာဝန်ပေးပါ တယ်။ ဒါနဲ့ Green Economy Green Growth (GEGG) အဖွဲ့တွေနဲ့ ဆွေးနွေးတိုင်ပင်တယ်။ စုဖွဲ့တာဝန်ပေးပြီး လေ့လာစရာရှိတာတွေ လေ့လာတယ်။ ဆောင်ရွက်မယ့် အစီအမံတွေရေးဆွဲကြတယ်။ Green Growth အစိမ်းရောင်ဖွံ့ဖြိုးရေး Concept ကို အကောင်အထည်ဖော် မယ့် ဝန်ထမ်းတွေကို သင်ကြားဖို့ သင်ခန်းစာတွေ ပြုစုတယ်။ ပြည်နယ်/ တိုင်းအလိုက် ဆုပေးနိုင်ဖို့   Criteria  များ သတ်မှတ်ပြီး ဆိုင်ရာဌာန တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရမယ့်လုပ်ငန်း စဉ်တွေကတော့ -
    (၁)    သဘာဝပတ်ဝန်းကျင်နှင့် ညီညွတ်သော အခြေခံအဆောက် အအုံများတည်ဆောက်ခြင်း၊
    (၂)    သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချခြင်း၊
    (၃)    ရေအရင်းအမြစ် လေလွင့်ဆုံးရှုံးမှု လျှော့ချခြင်း၊
    (၄)    အရင်းအမြစ်များဖြစ်သော သစ်တော၊ ရေ အရင်းအမြစ်များ ထိန်းသိမ်းခြင်း၊
    (၅)     ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးချခြင်း၊ ထင်းအစားထိုး လောင်စာမီးဖိုနှင့် စွမ်းအားမြင့်  လျှပ်စစ်အသုံးအဆောင် ပစ္စည်းများ သုံးစွဲခြင်း၊
    (၆)    ရိတ်သိမ်းချိန်လွန် နည်းပညာအသုံးချခြင်း၊ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန် စီမံခြင်း၊
    (၇)    စိုက်ပျိုးရေးအတွက် ဓာတုဗေဒလျှော့ချသုံးစွဲခြင်း၊ အော်ဂဲနစ် သွင်းအားစုများ ပိုမိုသုံးစွဲရန် အသိပညာပေးခြင်း၊ ကောင်းမွန် သော  စိုက်ပျိုးရေး၊  မွေးမြူရေးကျင့်စဉ်များ   အားပေး ဆောင်ရွက်ခြင်း၊
    (၈)    မြေကို ထိန်းသိမ်းခြင်း၊  မြေယာပြုပြင်ခြင်း၊  မြေဆီလွှာ တိုက်စားမှုတို့ကို  ကာကွယ်ခြင်းတို့ ဖြစ်ပါတယ်။
(၁) သဘာဝပတ်ဝန်းကျင်နှင့် ညီညွတ်သော အခြေခံအဆောက်အအုံ များ တည်ဆောက်ခြင်း
ကျေးရွာတွေရဲ့ အခြေခံအဆောက်အအုံလုပ်ငန်းတွေဖြစ်တဲ့ လမ်း၊ တံတား၊ ရေနုတ်မြောင်း၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ရေတွင်း၊ ရေကန်၊ ဈေးနဲ့ ဘက်စုံသုံးခန်းမတွေ တည်ဆောက်ရာမှာ ဒေသရာသီ ဥတုနဲ့ ကိုက်ညီတဲ့ Design တွေ ရေးဆွဲတည်ဆောက်ဖို့၊ ထိန်းသိမ်းဖို့၊  တည်ဆောက်ရေးဧရိယာမှာရှိတဲ့   သစ်ပင်/ သစ်တောတွေကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စီမံရမှာ ဖြစ်ပါတယ်။ ဒေသတွင်းက ရနိုင်တဲ့   အရင်းအမြစ်တွေ ဆောက်လုပ်ရေးသုံး  ပစ္စည်းတွေကို အသုံးချခြင်း ဖြင့်  ဒေသတွင်းစီးပွားရေးကို   အထောက်အကူပြုပြီး သယ်ယူစရိတ်နဲ့ စက်သုံးဆီ/လောင်စာဆီ သုံးစွဲမှုလျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဆောက်လုပ် ရေးသုံးပစ္စည်းတွေကိုလည်း   စနစ်တကျစွန့်ပစ်ပြီး   ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိအောင် စီမံကြရမှာ ဖြစ်ပါတယ်။ ရာသီဥတုနဲ့ သဘာဝ ဘေးဒဏ်ခံနိုင်ရည်ရှိတဲ့ အခြေခံအဆောက်အအုံတွေကို  Design ရေးဆွဲ တည်ဆောက်မှာ ဖြစ်ပါတယ်။ အထက်မှာတင်ပြခဲ့တဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာအကာအကွယ်တွေ (Environmental & Social Safeguard) ကိုလည်း သတ်မှတ်ချက်တွေနဲ့အညီ လိုက်နာ ကျင့်သုံးတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ရေရှည်ထိန်းသိမ်းဖို့ အတွက် လည်ပတ်ပြုပြင်ထိန်းသိမ်းရေးကော်မတီတွေ ဖွဲ့စည်းထိန်းသိမ်းရမှာ ဖြစ်ပါတယ်။
(၂)  သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချခြင်း
(ရေထု/ လေထု/ မြေထု)
အိမ်တွင်းစက်မှုလုပ်ငန်းတွေနဲ့  စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းတွေရှိ စွန့်ပစ်ရေတွေဟာ  ရေနဲ့  ပတ်ဝန်းကျင်ကို  ညစ်ညမ်းစေပါတယ်။ နေ့စဉ်သုံး အိမ်သုံးမီးဖိုချောင်အမှိုက်တွေဟာလည်း ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်။  အိမ်သုံးစက်မှုလုပ်ငန်းတွေက  ထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို သက်ဆိုင်ရာဌာနတွေရဲ့ ညွှန်ကြားချက်အတိုင်း စွန့်ပစ်ခြင်းနဲ့ ကောင်းမွန်သော ရေနုတ်မြောင်းစနစ်ထားရှိ ထိန်းသိမ်း ဖို့ လိုအပ်ပါတယ်။ အိမ်တိုင်းမှာ ယင်လုံအိမ်သာ တည်ဆောက်သုံးစွဲ ပြီး ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်မညစ်ညမ်းရေးဆောင်ရွက် ရပါမယ်။ မြို့ပြကဲ့သို့ စည်ပင်သာယာရေး မရှိသော်လည်း ကျေးရွာ ကော်မတီဖွဲ့စည်းပြီး အမှိုက်စီမံခန့်ခွဲမှု ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ နေ့စဉ် အမှိုက်ကောက်သိမ်းဖို့၊ အမှိုက်စနစ်တကျ  စွန့်ပစ်ဖို့ လိုအပ် ပါတယ်။ သတ်မှတ်နေရာမှာ စုပုံခြင်း၊  စွန့်ပစ်ခြင်းနဲ့  စနစ်တကျ စီမံရမှာ ဖြစ်ပါတယ်။ အသိပညာပေး အဓိက ဆောင်ရွက်ရမှာကတော့ 5R လုပ်ငန်းစဉ်ကို လိုက်နာဖို့ပဲ ဖြစ်ပါတယ်။ 
    v    အမှိုက်လျော့ကျအောင် စီမံခြင်း (Reduce)
    v     ပြန်လည်အသုံးပြုခြင်း (Reuse)
    v     ပြန်လည်တီထွင်အသုံးချခြင်း (Recycle)
    v    ပြန်လည်ပေးပို့ခြင်း (Return)
    v    ငြင်းပယ်ခြင်း (Refuse)
တို့ကို အသိပညာပေး ဆောင်ရွက်ဖို့   လိုအပ်ပါတယ်။ အမှိုက်ကို ရွှေဖြစ်ဖို့ အနည်းဆုံးအဆင့် ဇီဝဓာတ်မြေဩဇာအဖြစ် ပြန်လည် သုံးစွဲကြရမှာ ဖြစ်ပါတယ်။ လူငယ်တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ပုံမှန် လုပ်ငန်းဆောင်ရွက်နိုင်တဲ့  အမှိုက်စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အိမ်တွင်း လေထုညစ်ညမ်းမှု ဖြစ်စေတဲ့ အကြောင်းအရင်းတွေမှာ ခြင်ဆေး၊ အမွှေးတိုင်၊ ဆေးလိပ်မီး၊ မှိုစွဲနေ တဲ့ သီးနှံ၊ တိရစ္ဆာန်အညစ်အကြေး၊ ပိုးသတ်ဆေးနဲ့  စိုက်ပျိုး၊ မွေးမြူ ရေးလုပ်ငန်းတွေက ထွက်ရှိတဲ့ အမှုန်အမွှားတွေ၊ စက်ရုံတွေက ထွက်ရှိ တဲ့ မီးခိုးအနံ့ဆိုးတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာ လေဝင် လေထွက်ကောင်းအောင် လုပ်ရပါမယ်။ မီးဖိုခန်းကို သီးခြားထားရ ပါမယ်။ တတ်နိုင်ပါက ထင်းအစားထိုး မီးဖိုတွေ အသုံးပြုသင့်ပါတယ်။ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းတွေကို စနစ်တကျ မွေးမြူခြင်း၊ အညစ်အကြေးတွေကို  စနစ်တကျ  ပြန်လည်အသုံးပြုခြင်း၊  စွန့်ပစ် ခြင်း၊ သန့်ရှင်းအောင်လုပ်ခြင်းတို့ ဆောင်ရွက်ရပါမယ်။  ကျေးရွာ စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့  အိမ်တွင်းစက်မှုလက်မှုနဲ့ စားသောက် ကုန်လုပ်ငန်းတွေကိုလည်း စည်းကမ်းနဲ့အညီ  ဆောင်ရွက်စေခြင်း၊ စွန့်ပစ်မှုကိုကြီးကြပ်ခြင်းတို့ ဆောင်ရွက်ရပါမယ်။ သို့ဆိုလျှင် လေထု ညစ်ညမ်းမှုနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို လျှော့ချနိုင်မှာ ဖြစ်ပါ တယ်။
(၃) ရေလေလွင့်ဆုံးရှုံးမှု လျှော့ချခြင်း
ရေလေလွင့်မှု လျှော့ချခြင်းဖြင့် စွမ်းအင်သုံးစွဲမှုကို လျှော့ချနိုင်မှာ ဖြစ်သလို   ကာဗွန်ထုတ်လွှတ်မှုကိုလည်း   လျှော့ချနိုင်မှာဖြစ်ပြီး အောက်ပါတို့ကို လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ် -
    (က)    စိုက်ပျိုးရေနှင့် သောက်သုံးရေကို စနစ်တကျ ကော်မတီဖွဲ့၍ စီမံခန့်ခွဲခြင်း၊
    (ခ)    ရေခွန်ရေခ သတ်မှတ်ပြီး  ရေမီတာစနစ်ဖြင့် ဆောင်ရွက် စေခြင်း၊
    (ဂ)    ရေတွင်း၊ ရေကန်များကို စနစ်တကျ ကာရန်ထားရှိခြင်း၊ မိုးရေလှောင်ကန်များ တတ်နိုင်သမျှ တည်ဆောက် အသုံး ပြုခြင်း၊
    (ဃ)    ရေပေးဝေရေးလုပ်ငန်းများအားလုံး စိုက်ပျိုးရေအပါ စနစ် တကျ ထိန်းသိမ်းပြုပြင်ခြင်း၊
    (င)    အလေအလွင့်မရှိအောင် ပုံမှန် စစ်ဆေးခြင်း၊ ပြုပြင်ခြင်း၊
    (စ)    စိုက်ပျိုးရေကို  အလေအလွင့်မရှိအောင်  Water   User Group များ ဖွဲ့စည်းပြီး အလေအလွင့်မရှိအောင် စိုက်ပျိုး သည့် သီးနှံအမျိုးအစားပေါ်မူတည်၍ ရေသွင်း/ ရေထုတ် စီမံရန်နှင့် ထိုက်သင့်သည့် ရေခွန်ပေးဆောင်ခြင်း၊
    (ဆ)    ရေရှားပါးသောဒေသများမှာ ရေဆုံးရှုံးမှုနည်းသော Sprin-kle စနစ်များ Drip Irrigation စနစ်များ အသိပညာပေး ဆောင်ရွက်စေခြင်း။
(၄) ရေအရင်းအမြစ်များ၊ သစ်တောအရင်းအမြစ်များ ထိန်းသိမ်းခြင်း
သစ်တောအရင်းအမြစ်၊ ရေအရင်းအမြစ်တွေကို ထိန်းသိမ်းထား ခြင်းဖြင့် ရာသီဥတု  မျှတမှန်ကန်ပြီး  သဘာဝဘေးအန္တရာယ်တွေ လျော့ပါးသက်သာစေမှာဖြစ်ပါတယ်။            
ဒါကြောင့်  အောက်ပါတို့ကို လိုက်နာဆောင်ရွက်သင့်ပါတယ် -
    (က)    ရေဝေရေလဲဒေသများရှိ သစ်တော/ သစ်ပင်များကို လုံးဝ မခုတ်ဘဲ စနစ်တကျ ထိန်းသိမ်းပြုစုစောင့်ရှောက်ခြင်း၊ တိုးချဲ့စိုက်ပျိုးခြင်း၊ မီးတားလမ်းများ ထားရှိခြင်း၊
    (ခ)    အမှိုက်၊ ဓာတုစွန့်ပစ်ပစ္စည်းများကို ရေအရင်းအမြစ်များ ထဲသို့ မစွန့်ပစ်ရန် ထိန်းသိမ်းကြပ်မတ်ခြင်း၊
    (ဂ)    အန္တရာယ်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းသုံး ဓာတုဗေဒပစ္စည်းများကို ရေအရင်းအမြစ်များသို့ မရောက် အောင် တားဆီးခြင်း၊ မစွန့်ပစ်ရန် စည်းကမ်းကြီးကြပ်ခြင်း၊ ပညာပေးခြင်း၊    
    (ဃ)    စက်ရုံ/ အလုပ်ရုံ/ အိမ်တွင်းစက်မှုလုပ်ငန်း စွန့်ပစ်ပစ္စည်း များ၊ ရေဆိုးများကို စနစ်တကျ စွန့်ပစ်ရန်နှင့် ရေအရင်း အမြစ်များတွင် မစွန့်ပစ်ရန် ကြီးကြပ်ခြင်း၊
    (င)    ကျေးရွာပိုင်၊ အများပိုင်သစ်တောများ စိုက်ပျိုးခြင်း၊ ရှိပြီး သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ တောမီး လောင်ခြင်းမရှိအောင် စီမံခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊
    (စ)    ဌာနဆိုင်ရာများမှ ပညာပေးအစီအစဉ်များကို တိုးချဲ့ခြင်း၊ ပုံမှန်ဆောင်ရွက်ခြင်း၊
    (ဆ)    ကျေးရွာရန်ပုံငွေ ထူထောင်ပြီး ရေရှည်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဌာနဆိုင်ရာများမှ မပြတ်ပံ့ပိုးကူညီခြင်း၊
(၅) ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အကျိုးရှိစွာ အသုံးချခြင်း
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို အသုံးပြုခြင်းဖြင့်  ကာဗွန် ထုတ်လုပ်မှုကို  လျှော့ချနိုင်မှာဖြစ်တဲ့အတွက်   အောက်ပါတို့ကို လိုက်နာဆောင်ရွက်သင့်ပါတယ် -
    (က)    ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဆိုလာ၊ ရေအား၊ လေအား၊ ဇီဝ စသောဒေသအလိုက် အရင်းအမြစ်များကိုအခြေခံ၍ တတ်နိုင်သမျှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်အသုံးချခြင်း၊
    (ခ)    ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးချပြီး တတ်နိုင်သမျှ ကျေးရွာစီးပွားရေး  ကုန်ထုတ်လုပ်ငန်းများမှာ  အသုံးချ ခြင်း၊ လုပ်ကိုင်ခြင်း၊
    (ဂ)    ဆိုလာစွမ်းအင်သုံးရေပေးရေးစနစ်၊ စိုက်ပျိုးရေပေးဝေရေး စနစ်များ ဆောင်ရွက်ခြင်း၊
    (ဃ)    ထင်းအစားထိုး စွမ်းအားမြင့် မီးဖိုများ သုံးစွဲခြင်း၊
    (င)    စွမ်းအားချွေတာသော စွမ်းအားမြင့် လျှပ်စစ်အသုံးအဆောင် ပစ္စည်းများ သုံးစွဲခြင်း၊ ချွေတာသုံးစွဲခြင်း၊
    (စ)     ကျေးရွာပိုင် ထင်းစိုက်ခင်းများ စိုက်ပျိုးအသုံးပြုခြင်းဖြင့် သစ်တောစိုက်ခင်းများ ပြုန်းတီးမှုကို ကာကွယ်ခြင်း၊
    (ဆ)    စွမ်းအင်ချွေတာအသုံးပြုခြင်းဆိုင်ရာ   အသိပညာပေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်း၊ RE  ထုတ်လုပ်မှု စနစ်ကို အသိအမှတ်ပြုပြီး ဆွဲဆောင်မှုရှိသော မူဝါဒများ ရေးဆွဲ ဆောင်ရွက်ခြင်း။
ယင်းသို့ဆောင်ရွက်သင့်ရခြင်းမှာ နိုင်ငံရဲ့   ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ရည်မှန်းချက်တွေကို   ဖြည့်ဆည်းနိုင်ဖို့အတွက်ဟု ဆိုရင်လည်း မမှားပေ။ ၂၀၃၀ ပြည့်နှစ်မှာ    မဟာဓာတ်အားလိုင်း ပြင်ပကျေးလက်မီးလင်းရေးလုပ်ငန်းတွေရဲ့  ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ် အသုံးပြုမှု ၃၀ ရာခိုင်နှုန်းလောက်အထိ ရှိလာစေရေး ဆိုတဲ့ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချ ရေးနဲ့ လိုက်လျောညီထွေရှိစေရေး အကောင်အထည်ဖော်ဆောင်ရွက် မည့်အစီအစဉ် (Nationally Determined Contribution-NDC) ရည်မှန်းချက်တွေအရ လည်းကောင်း၊ အာဆီယံဒေသတွင်းဆိုင်ရာ ၂၀၂၅ ခုနှစ်   မျှော်မှန်းချက်ဖြစ်တဲ့    ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်   အသုံးပြု Installed Capacity ၃၅ ရာခိုင်နှုန်းခန့်ဖြစ်စေရေး ပန်းတိုင် (Target) အရ လည်းကောင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်အသုံးပြု လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပါအဝင် စိုက်ပျိုးရေရရှိရေး၊ သောက်သုံးရေရရှိရေးစတဲ့ ဆက်စပ်ကဏ္ဍတွေမှာပါ အသုံးပြုလာနိုင် စေရေးကို တွန်းအားပေးဆောင်ရွက်ကြရပါမယ်။  သို့မှသာ   ဆက်စပ် အကျိုးကျေးဇူးအနေနဲ့ ၂၀၃၀ ပြည့်နှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်မှုတန်ချိန် ၂၄၄ သန်း ( 244 million tCO2e) ခန့် လျှော့ချနိုင်ရေး  ရည်မှန်းချက်ကိုလည်း  တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးရာရောက်မှာ ဖြစ်ပါတယ်။
(၆) ရိတ်သိမ်းချိန်လွန် နည်းပညာ အသုံးချခြင်းနှင့် လေလွင့်မှု လျှော့ချခြင်း
လေလွင့်မှုကို လျှော့ချခြင်းဖြင့် ထုတ်လုပ်မှု တိုးတက်ပြီး စွမ်းအင် သုံးစွဲမှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ထို့အတွက် အောက်ပါတို့ကို လိုက်နာဆောင်ရွက်သင့်ပါတယ် -
    (က)    နည်းပညာမသုံးကြ၍ အလေအလွင့်များခြင်းကို တောင်သူ များသိရှိအောင် အသိပညာပေးပြီး  ရိတ်သိမ်းချိန်လွန် နည်းပညာများကို တောင်သူများသိရှိ ကျင့်သုံးလာအောင် စည်းရုံးဆောင်ရွက်ရန်၊
    (ခ)    စနစ်တကျရိတ်သိမ်းခြင်း၊ ခြွေလှေ့ စနစ်များ အသုံးပြုခြင်း နှင့် အခြောက်ခံခြင်း၊
    (ဂ)    စနစ်တကျ သယ်ယူပို့ဆောင်ခြင်း၊
    (ဃ)    စနစ်တကျ ထုပ်ပိုးခြင်းနှင့် သိုလှောင်ခြင်း၊
(၇) ဓာတုဗေဒသုံး၊ စိုက်ပျိုးရေးသုံးပစ္စည်းများ လျှော့ချသုံးစွဲရေး၊ သဘာဝအော်ဂဲနစ် သွင်းအားစု ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ပိုမိုသုံးစွဲရေးအသိပညာပေးရန်၊ ကောင်းမွန်သော စိုက်ပျိုးရေး၊ မွေးမြူ ရေးကျင့်စဉ်များကို လိုက်နာကျင့်သုံးရန် အားပေးဆောင်ရွက်ခြင်း
အစားအစာ ဘေးကင်းလုံခြုံရေးမှာ လွန်စွာအရေးကြီးတဲ့အတွက် အောက်ပါတို့ကို လိုက်နာဆောင်ရွက်သင့်ပါတယ် -
    (က)    ဓာတ်မြေဩဇာများကို လိုအပ်သလိုထိရောက်အကျိုးရှိစွာ အသုံးပြုရန် ပညာရှင်များ၏ လမ်းညွှန်ချက်များကို လိုက်နာ ရန် (သို့) လေ့လာသိရှိအောင်လုပ်ပြီး လိုက်နာသုံးစွဲရန်၊
    (ခ)    ဓာတ်မြေဩဇာသုံးစွဲမှုလျှော့ချရန်၊  သဘာဝမြေဩဇာ သုံးစွဲမှုတိုးမြှင့်ဆောင်ရွက်ရန်၊
    (ဂ)    စိုက်ပျိုးရေးနှင့် မွေးမြူရေးကို တွဲဖက်ဆောင်ရွက်ပြီး စိုက်ပျိုးရေးထုတ်ပစ္စည်းများ၊ မွေးမြူရေးမှထုတ်သော ပစ္စည်းများ အပြန်အလှန် အကျိုးရှိအောင် အသုံးချခြင်းဖြင့် ထွက်ငွေသက်သာအောင် ဆောင်ရွက်ခြင်း၊
    (ဃ)    စိုက်ပျိုးရေးသုံး၊  ဓာတုဗေဒသုံး   ပိုးသတ်ဆေးများကို လျှော့ချသုံးစွဲရန်၊ စနစ်တကျ သုံးစွဲရန်နှင့် သဘာဝပိုးသတ် ဆေးများ တိုးချဲ့သုံးစွဲရန်၊
    (င)    ကောင်းမွန်သော စိုက်ပျိုးရေးစနစ်များ (GAP) - ရေ၊ မြေ၊ မျိုးစေ့၊ မြေဩဇာများ စနစ်တကျ ရွေးချယ်အသုံးပြုခြင်း၊ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် လုပ်သားများက ဆောင်ရွက်ခြင်း၊
    (စ)    ကောင်းမွန်သော  မွေးမြူရေးကျင့်စဉ်   (GAHP)-မြေ၊ အဆောက်အအုံစနစ်ကျ သန့်ရှင်းအောင် ဆောင်ရွက်ခြင်း၊ အရည်အသွေးရှိ မျိုးကောင်းမျိုးသန့်၊ အစာအသုံးပြုခြင်း၊ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ရှိခြင်း၊
    (ဆ)    ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)- မြေနေရာ စနစ်တကျ ရွေးချယ်ခြင်း၊ မွေးမြူရန် အဆောက် အအုံစနစ်တကျ   ဆောက်လုပ်မြေပြုပြင်ခြင်း၊   ပုံမှန် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ လုံလောက်သော ကျန်းမာ ရေးစောင့်ရှောက်မှု ဆောင်ရွက်ခြင်း၊
    (ဇ)    သက်ဆိုင်ရာဌာန ပညာရှင်များက လိုအပ်သည့်နည်းပညာ သင်တန်းများပေးခြင်း၊ ဆက်စပ်ဌာနများနှင့် နည်းပညာ ဖလှယ်ခြင်း၊ ကုမ္ပဏီများက ဝန်ဆောင်မှုဆောင်ရွက်ခြင်းတို့ လုပ်ရပါမယ်။
(၈)    မြေယာပြုပြင်ခြင်းနှင့် မြေဆီလွှာ တိုက်စားမှုကာကွယ်ခြင်း 
မြေမကောင်းလျှင်၊ ကောင်း မကောင်း  မသိလျှင်   ထုတ်လုပ်မှု ကျဆင်းနိုင်ပါတယ်။ ဒါကြောင့် မြေကောင်း မကောင်း စမ်းသပ်ခြင်းနဲ့ မြေဆီလွှာထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းတို့ကို ဆိုင်ရာဌာန ပညာရှင်တွေ ရဲ့ အကူအညီနဲ့ အောက်ပါအတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ် -
    (က)    မြေကောင်း/မကောင်း  နည်းပညာသုံး   စမ်းသပ်ခြင်း၊ တောင်သူများသို့ ပညာပေးခြင်း၊
    (ခ)    တောင်စောင်းနှင့် လျှောဇောက်နေရာများတွင်   မိုးရေ ကြောင့် အပေါ်ယံမြေဆီလွှာ မြေသားပါသွားနိုင်သည်။ ဒါကြောင့် မြေဆီလွှာထိန်းသိမ်းရန် လှေကားထစ်ပုံစံများ ပြုလုပ် ထိန်းသိမ်းသင့်ပါသည်။
    (ဂ)    သီးထပ်/ သီးညှပ် စိုက်ပျိုးခြင်း၊ သစ်စိမ်းပင်များ စိုက်ပျိုး ခြင်းပုံစံများဖြင့် မြေယာပြုပြင်နိုင်ပါသည်။
    (ဃ)    ပဲမျိုးရင်းများ  စိုက်ပျိုးပြီး   ထယ်ထိုးဖုံးအုပ်ခြင်းဖြင့် ထိန်းသိမ်းခြင်း၊
    (င)    မြေဆွေး၊ နွားချေး၊ ကောက်ရိုး၊ သစ်ရွက်တို့ဖြင့် မြေဖုံး ပြုပြင်ခြင်း၊
    (စ)    သီးလှည့်/ သီးညှပ် သီးနှံ စိုက်ပျိုးခြင်း - သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ပျိုးခြင်းသည် အပင်ရောဂါနှင့် ဖျက်ပိုးများ တိုးပွားစေပြီး မြေဆီလွှာဆုတ်ယုတ်နိုင်ပါသည်။ ဒါကြောင့် စပါး၊ ပြောင်း၊ ပဲ၊ ဥစားသီးနှံ၊ ရွက်စား၊ အသီးစား၊ အပွင့်စား တို့ကို အလှည့်ကျ စိုက်ပျိုးပြီး မြေဆီလွှာထိန်းသိမ်းသင့် ပါသည်။
    (ဆ)    လျှောဇောက်များသော စိုက်ပျိုးမြေများတွင် တောင်စောင်း စိုက်ပျိုးနည်းစနစ် သုံးခြင်း၊ ကွန်တိုလိုင်းဖော်ထုတ်ခြင်း၊
    (ဇ)     မြစ်ချောင်းဘေး လယ်ယာမြေများအား မြစ်/ ချောင်းရေ တိုက်စားခြင်းမှ ကာကွယ်ရန် တတ်နိုင်သမျှ သဘာဝနည်း စနစ်ဖြစ်သော သစ်ပင်များ  စိုက်ပျိုးခြင်း၊  အမြစ်ရှည် မြက်မျိုးများ စိုက်ပျိုးကာကွယ်ရန်နှင့် သက်ဆိုင်ရာဌာန များနှင့် နည်းပညာအကူအညီ   ရယူဆောင်ရွက်ခြင်း၊ ဌာနများမှ ပူးပေါင်းဆောင်ရွက်ခြင်းများ ဆောင်ရွက်သင့် ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ပြည်နယ်/တိုင်းဒေသကြီး အားလုံးမှာ အထက်ပါဆွေးနွေးခဲ့တဲ့  လုပ်ငန်းစဉ် တွေကို လက်ရှိဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ မြို့နယ်တွေအနက် ၂၇၅ မြို့နယ်ရှိ ကျေးရွာ ၃၉၃၉ ရွာမှာ  အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအသိပညာပေးခြင်းတွေကို ဆောင်ရွက်ခဲ့ပါ တယ်။ အဲဒီလို အသိပညာပေး ဆောင်ရွက်ခဲ့တဲ့ ကျေးရွာတွေထဲက ပြည်နယ်/တိုင်းဒေသကြီး တစ်ခုစီရှိ အကောင်းဆုံး သုံးရွာကို သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက် ရွေးချယ်ခဲ့ပြီး ဆုချီးမြှင့်ခြင်းနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နှစ်စဉ်အသိပညာပေးလုပ်ငန်းတွေ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ပညာပေး တစ်ခုတည်း အဆင်မပြေပါ။ ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပုံမှန်ကြီးကြပ်ရင်း ယင်းရွာတွေမှာ အသိပညာပေး ခြင်းက တစ်ချက်ခုတ် နှစ်ချက်ပြတ်၊ ကျွဲကူးရေပါ ဖြစ်စေတာမို့ နှစ်စဉ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ရင်း Green Growth အစိမ်းရောင် ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမှာဖြစ်ပြီး/ ဆောင်ရွက်ရန်လိုအပ်ပြီး ဆုပေးတဲ့အခါ မှာလည်း ဂုဏ်ပြုမှတ်တမ်းတင်မဟုတ်ဘဲ ရွာမှာ အမှန်လိုအပ်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို  တတ်နိုင်သမျှ   ဆောင်ရွက်ပေးခြင်းဖြင့် “မက်လုံးပေး”၊ “ဆုပေး” ဆောင်ရွက်သင့်ပါတယ်။ ဆောင်ရွက်လျက် လည်း ရှိပါတယ်။
အကျိုးကျေးဇူး
ဒီလိုဆောင်ရွက်ခြင်းနဲ့  ရရှိလာတဲ့ အကျိုးကျေးဇူးတွေကတော့-
    (က)    သဘာဝပတ်ဝန်းကျင်နှင့်    လိုက်လျောညီထွေရှိသည့်၊ လိုက်လျောညီထွေဖြစ်သည့် ကျေးရွာများ ဖြစ်လာခြင်း၊
    (ခ)    ရေရှည်တည်တံ့ဖွံ့ဖြိုးမှုကို ဆောင်ရွက်နိုင်မှာ ဖြစ်ခြင်း၊
    (ဂ)    မြင်သာသော အကျိုးကျေးဇူးများအနေဖြင့် ရေလိုအပ်ချက် လျှော့ချနိုင်ခြင်း၊ ချွေတာနိုင်ခြင်း၊ စွမ်းအင်လိုအပ်ချက် လျှော့ချနိုင်ခြင်း၊ ချွေတာနိုင်ခြင်းဖြင့် သဘာဝပတ်ဝန်း ကျင်ကောင်း ဖန်တီးနိုင်ခြင်း၊ ရွာများသန့်ရှင်းသာယာ လှပပြီး စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ကောင်းများ ပေါ်ထွန်း လာခြင်း၊
    (ဃ)    သန့်ရှင်းသော သောက်သုံးရေစနစ် တိုးတက်ရရှိလာခြင်း နှင့် ကျေးရွာမိလ္လာစနစ် ကောင်းမွန်ပြီး ကျန်းမာသန့်ရှင်း ရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးများ တိုးတက်ကောင်းမွန် လာနိုင်ခြင်းတို့ ဖြစ်ပါတယ်။ 
အထက်ပါဆွေးနွေးခဲ့တဲ့   လုပ်ငန်းစဉ်များကိုသာ   လိုက်နာ ဆောင်ရွက်မယ်ဆိုရင် သစ်တော သစ်ပင်တွေကို ထိန်းသိမ်းပြီးဖြစ်တာ မို့ ပတ်ဝန်းကျင် စိမ်းစိုဝေဆာလာမယ်၊ ရေလေလွင့်မှု နည်းလာမယ်၊ RE သုံးစွဲမှုကြောင့် ကာဗွန်ထုတ်လွှတ်မှု လျော့ကျလာမယ်၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းလာမယ်။ အမှိုက်တွေ စနစ်တကျ စွန့်ပစ်လာမယ်၊ ပတ်ဝန်းကျင် သန့်ရှင်းလာမယ်၊ ဓာတုဗေဒသုံးစွဲမှု လျော့လာပြီး စနစ်တကျ စိုက်ပျိုးမွေးမြူလာလို့ ကျေးလက်စီးပွားရေး တွေ ကောင်းလာမှာဖြစ်တဲ့အပြင်  အနာရောဂါကင်းစင်တဲ့  ကမ္ဘာ မြေကြီးကို ပြန်လည်တည်ဆောက်နိုင်မယ်။ ရာသီဥတုတွေ ကောင်းမွန် လာပြီး သဘာဝဘေးအန္တရာယ်တွေ လျှော့ချနိုင်သွားမယ်။ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ရေရှည်ခံမယ်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ထိခိုက်မှု နည်းပြီး အထွက်တိုးလာမှာဖြစ်သလို ကျေးလက်နေပြည်သူတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာမှာဖြစ်တဲ့အတွက် ဆင်းရဲမှုနှုန်းကိုပါ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။            
ရည်ညွှန်းကိုးကားချက်    -    (၁)    German Watch မှ Global climate risk index 2021
        (၂)    World  Population   Review   မှ Greenest Countries Ranking
        (၃)    Center of Economic and Social Development (CESD) နှင့် Agri-business and Rural Develop-ment   Consultants   (ARDC) တို့မှ ရေးသားပြုစုထားသော ရှမ်း ပြည်နယ်၊ လယ်ယာစီးပွားလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေး ကာလတို စီမံကိန်း
    (၄)    Myanmar Nationally Determined Contribution -                NDCs Reports (2020)