
ကေကေစိုး
အစ္စရေးနိုင်ငံတွင် သက်ကြီးရွယ်အိုများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး နောက်ထပ် ထပ်ထိုးပေးရန် အစီအစဉ်ရှိကြောင်း ဇူလိုင် ၂၉ ရက်တွင် ကြေညာခဲ့သည်။ အသက် ၆၀ နှင့်အထက် လွန်ခဲ့သည့် ငါးလအတွင်း ဒုတိယအကြိမ် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပြီးသည့် သက်ကြီးရွယ်အိုများကို နောက်ထပ်တစ်ကြိမ် ကာကွယ်ဆေးထပ်ထိုးပေးမည်ဖြစ်သည်။
ကာကွယ်ဆေးထိုးပေးမည်
အစ္စရေးနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရှိန်အဟုန်ဖြင့် ထိုးပေးနိုင်သော်လည်း လက်ရှိတွင် ကာကွယ်ဆေး၏ စွမ်းဆောင်ရည် နှင့် ပတ်သက်၍ သတိပေးမှုများ ပိုမိုများလာခြင်းနှင့် ကူးစက်မှုများ ပြန်လည်များပြားလာသည့်အတွက် ယခုလိုလုပ်ဆောင်ရန် ကြေညာခဲ့ ခြင်းဖြစ်သည်။ အစ္စရေးနိုင်ငံ၏ အမျိုးသားကျန်းမာရေးရန်ပုံငွေ အဖွဲ့လေးဖွဲ့နှင့် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ပြီးသည့်နောက် ကာကွယ်ဆေးထိုးပေးသည့် အစီအစဉ်ကို ဩဂုတ် ၁ ရက်တွင် စတင် မည်ဟု ဝန်ကြီးဌာနက ပြောသည်။ သက်ကြီးစောင့်ရှောက်ရေး ဂေဟာ များနှင့် အစိုးရရန်ပုံငွေဖြင့် ဖွင့်လှစ်ထားသည့် ဆေးခန်းများတွင် ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်သည်။
ကာကွယ်ဆေးထိုးကြရန် တိုက်တွန်း
ကာကွယ်ဆေးမှာ လုံခြုံစိတ်ချရမှုရှိပြီး ရောဂါကူးစက်ခံရမှုကြောင့် ပြင်းထန်စွာဖျားနာခြင်းနှင့် သေဆုံးမှုတို့ကို အကာအကွယ်ပေးနိုင်သော သက်သေပြချက်ရှိသည့် ကာကွယ်ဆေးများဖြစ်သည်ဟု သိရကြောင်း အစ္စရေး ဝန်ကြီးချုပ် နာ့ဖ်တလီဘန်နက်က ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ အစ္စရေးနိုင်ငံ၏ သမ္မတ အသက် ၆၀ အရွယ် Isaac Herzog ကို ဦးစွာ ကာကွယ်ဆေးထိုးပေးမည်ဟု ဝန်ကြီးချုပ်က ပြောသည်။ ကာကွယ်ဆေးထိုးနှံခွင့်ရှိသူများအားလုံး လာရောက် ကာကွယ်ဆေးထိုးကြရန်နှင့် သက်ကြီးရွယ်အိုဆွေမျိုးများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံမှုခံယူရေး တိုက်တွန်း ပေးကြရန်လည်း ၎င်းက ပြောသည်။
ထောက်ခံကြောင်းပြသ
ကာကွယ်ဆေးထိုးခြင်းဖြင့် ကပ်ရောဂါကို အဆုံးသတ်နိုင်အောင် ကြိုးပမ်းသွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။ ဇူလိုင် ၂၈ ရက် သန်းခေါင်ယံတွင် သက်ကြီးရွယ်အိုများကို တတိယအကြိမ် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးရေးအစီအစဉ်ကို ဝန်ကြီးဌာနမှ ကျွမ်းကျင် သူများကလည်း ထောက်ခံကြောင်း ပြသခဲ့သည်။ ဖိုက်ဇာဆေးဝါး ထုတ်လုပ်ရေးကုမ္ပဏီကြီးကလည်း ၎င်းတို့၏ ကိုဗစ်-၁၉ ကာကွယ် ဆေးမှာ အစွမ်းထက်သော်လည်း ထိုးနှံပြီး ခြောက်လအကြာတွင် အစွမ်းလျော့ပါးလာကြောင်း အစီရင်ခံစာ ဖော်ပြပြီးနောက် အစ္စရေး ဘက်မှ သက်ကြီးရွယ်အိုများကို တတိယအကြိမ် ကာကွယ်ဆေးထိုးပေး ရန် ဖြစ်လာခဲ့သည်။
ပြင်ဆင်မှုများပြုလုပ်
ကုမ္ပဏီဘက်မှ တတိယအကြိမ် ကာကွယ်ဆေးထပ်ထိုးရန် တိုက်တွန်းထားသော်လည်း ဖိုက်ဇာဆေးဝါး၏ အချက်အလက်များအရ ဆေးထိုးပြီး ခြောက်လအကြာတွင်လည်း ကာကွယ်ဆေး၏ အကာ အကွယ်ပေးနိုင်စွမ်းမှာ ရှိနေဆဲဖြစ်သည်ဟု ပြသလျက်ရှိသည်။ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင်မူ အစ္စရေးနိုင်ငံရှိ သက်ကြီးရွယ်အို စောင့် ရှောက်ရေးဂေဟာများ၏ အကြီးအကဲက နိုင်ငံတစ်ဝန်း ဂေဟာများတွင် ကိုဗစ်- ၁၉ ကာကွယ်ဆေး နောက်တစ်ကြိမ်ထပ်ထိုးပေးရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီဟု ပြောသည်။
အကောင်းဆုံးအခွင့်အလမ်း
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့တွင် ကိုဗစ်-၁၉ ကာကွယ် ဆေး တတိယအကြိမ်ထိုးနှံရန် ထောက်ခံချက်ပေးမထားသော်လည်း အစ္စရေးနိုင်ငံတွင်မူ သက်ကြီးရွယ်အိုများကို တတိယအကြိမ် ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကူးစက်မှုသံသရာကို ဖြတ်တောက်ရန် အကောင်းဆုံးအခွင့်အလမ်းဟု ကျွမ်းကျင်သူများက ဆုံးဖြတ်ခဲ့သည်။
ဒယ်လ်တာဗိုင်းရပ်စ်ကြောင့် ကူးစက်မှုများလာ
ပြီးခဲ့သည့် ခြောက်ပတ်တာကာလအတွင်း အစ္စရေးနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုအရေအတွက်မှာ များပြားလာခဲ့သည်။ ယင်းသို့ ကူးစက်မှုမြင့်မားလာခြင်းမှာ ဗီဇပြောင်းဒယ်လ်တာဗိုင်းရပ်စ်၏ ကူးစက်မြန်ခြင်းကြောင့်ဟု သိရသည်။ သို့သော်လည်း ဆေးရုံတက်ရသူ အရေအတွက်နှင့် ပြင်းပြင်းထန်ထန် ဖျားနာသူအရေအတွက်မှာမူ အများကြီး တိုးမလာခဲ့ပေ။ ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက် များအရ မကြာသေးမီအတွင်း ကူးစက်ခံရမှုများမှာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ပထမအကြိမ် ကာကွယ်ဆေးထိုးထားသူများ တွင် အဖြစ်များကြောင်း သိရသည်။
ထိန်းထားနိုင်
ဇန်နဝါရီလအတွင်း ကာကွယ်ဆေးထိုးထားသူအသက် ၆၀ နှင့် အထက်များတွင် ပြင်းပြင်းထန်ထန်ဖျားနာမှုကို အကာအကွယ်ပေး နိုင်ခြင်းမှာ ၉၇ ရာခိုင်နှုန်းမှ ၈၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း၊ မတ်လအတွင်း ကာကွယ်ဆေးထိုးပြီးသူအသက် ၆၀ နှင့် အထက်များ တွင် ပြင်းပြင်းထန်ထန်ဖျားနာမှုကို အကာအကွယ်ပေးနိုင်မှုမှာ ၉၄ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်ဟု ဖော်ပြထားသည်။ အသက် ၄၀ မှ ၅၉ နှစ်ကြားတွင်မူ ၉၃ ရာခိုင်နှုန်းအထိ ထိန်းထားနိုင်သည်ဟု သိရ သည်။
အချက်အလက်များက ပြသလျက်ရှိ
ဒယ်လ်တာဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရခြင်းကို ကာကွယ်ပေး နိုင်စွမ်းမှာ ၉၁ ရာခိုင်နှုန်းရှိသော်လည်း အပျော့စားရောဂါလက္ခဏာပြမှု ကို အကာအကွယ်ပေးနိုင်စွမ်းမှာမူ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းသွား သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များက ပြသ လျက်ရှိသည်။ ဗြိတိန်ကျန်းမာရေး အာဏာပိုင်အဖွဲ့က ပုံနှိပ်ထုတ်ဝေ သည့် နယူးအင်္ဂလန် ဆေးဂျာနယ်တွင် ဖိုက်ဇာကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးနောက် နှစ်ပတ်အကြာတွင် ဒယ်လ်တာဗိုင်းရပ်စ်ကို ၈၈ ရာခိုင် နှုန်းအကာအကွယ်ပေးနိုင်သည်ဟု ဖော်ပြထားသည်။ အယ်လ်ဖာ ဗိုင်းရပ်စ်ကိုမူ ၉၃ ရာခိုင်နှုန်းအကာအကွယ်ပေးနိုင်သည်ဟု ဖော်ပြထား သည်။
ထောက်ခံခဲ့
ပြီးခဲ့သည့်နှစ်ပတ်တာကာလအတွင်း ပုံမှန်လေ့လာထားသည့် အချက်အလက်များပေါ်တွင် မူတည်ကာ လူဦးရေအကန့်အသတ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ်ထိုးပေးမည်ဖြစ်သည်။ ထိခိုက်လွယ်သောလူများကို အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍ ကင်ဆာရောဂါသည်များ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှု ခံယူရသူများကိုလည်း ကာကွယ်ဆေးထိုးရာတွင် ထည့်သွင်းသွား မည်ဟု သိရသည်။ အစ္စရေးနိုင်ငံ၏ အတိုက်အခံခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဘင်ဂျမင်နေတန်ယာဟုကလည်း အသက် ၆၀ နှင့်အထက်များကို တတိယအကြိမ် ကာကွယ်ဆေးထိုးပေးရန် အစီအစဉ်ကို ထောက်ခံခဲ့သည်။
ပြန်လည်တင်းကျပ်နေရ
တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးသည့် အစီ အစဉ်မှာ ဩဂုတ် ၁ ရက်တွင် ပြုလုပ်နိုင်ရန် မျှော်မှန်းထားပြီး အစ္စရေး နိုင်ငံတွင် သိုလှောင်ထားသည့် ကာကွယ်ဆေးများမှာ သက်တမ်းကုန် လွန်တော့မည်ဖြစ်သည်။ အစ္စရေးနိုင်ငံတွင်မူ ကာကွယ်ဆေးရှိသည့် အတွက် ယင်းသို့ပြုလုပ်နိုင်သည်ဟု ရှီဘာဆေးစင်တာမှ ကူးစက်ရောဂါ သုတေသီ တစ်ဦးဖြစ်သူ အိုင်ရယ်လက်ရှန်က ပြောသည်။ ဒယ်လ်တာ ကူးစက်မှုကြောင့် ကမ္ဘာ့နိုင်ငံအများအပြားတွင်လည်း ကန့်သတ်ချက် များကို ပြန်လည်တင်းကျပ်နေရသည်။ ။
ကိုးကား - ဝါရှင်တန်ပို့စ်