
ဒေါက်တာ ဝေရီလင်း (စားသုံးသူရေးရာဦးစီးဌာန)
အစားအစာကုန်သွယ်မှုကဏ္ဍဟူသည် အစာ ကွင်းဆက်တစ်လျှောက် ကျရောက်နိုင်သော ဘေးအန္တရာယ်ဖြစ်မှု ကာကွယ်ရန် နည်းပညာ အစီအမံများ အသုံးပြုရန် လိုအပ်သော ကဏ္ဍ တစ်ရပ် ဖြစ်ပါသည်။
နိုင်ငံတကာ အစားအစာကုန်သွယ်ရေးတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး ( World Trade Organization - WTO) စည်းမျဉ်းများအရ ကုန်သွယ်ဖက်နိုင်ငံများ၏ လူ၊ အပင်၊ တိရစ္ဆာန်နှင့် ပတ်ဝန်းကျင်နှင့် ပတ်သက်သော ထိခိုက်ပျက်စီး ယိုယွင်းမှုများ ကာကွယ်ရန်အတွက် လူ၊ အပင်၊ တိရစ္ဆာန်ဆိုင်ရာ သန့်ရှင်းကျန်းမာရေး သဘော တူညီချက် Sanitary and Phytosanitary (SPS) Agreement နှင့် ကုန်သွယ်မှုနည်းပညာ အတား အဆီးဆိုင်ရာ သဘောတူညီချက် Technical Barriers to Trade(TBT) Agreement တို့ကို ကျင့်သုံးဆောင်ရွက်လျက် ရှိပါသည်။
အာဆီယံနိုင်ငံများအတွက်လည်း အာတီကယ် (၁၈)ပိုဒ် ပါဝင်သော ASEAN Food Safety regulatory Framework Agreement (AFSRF)ရေးဆွဲပြဋ္ဌာန်းလိုက်နာခြင်းဖြင့် စားသုံးသူများကို အပြည့်အဝကာကွယ်ပေးရန်နှင့် ဘေးကင်းလုံခြုံ သော ကုန်စည်များ လွယ်ကူစွာ စီးဆင်းနိုင်စေရေး ဆောင်ရွက်လျက်ရှိပါသည်။
စားသုံးသူအား အပြည့်အဝကာကွယ်ပေးထား
စားသောက်ကုန်ထုတ်လုပ်သည့် ကွင်းဆက် တိုင်းသည် အရေးကြီးပြီး ထုတ်လုပ်တင်ပို့ရောင်းချ ရာတွင် အစာကွင်းဆက်တစ်လျှောက် ပါဝင်သူများ ၏ ကျင့်သုံးဆောင်ရွက်ချက်များသည် ကောင်းမွန်မှု၊ လုံခြုံစိတ်ချရမှုရှိရန် အရေးကြီးပါသည်။ ရည်ရွယ် ခြင်းမရှိသော်လည်း ဖြစ်နိုင်ခြေရှိသော ဘေးအန္တရာယ်ကိုလည်းကောင်း၊ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်သော ဘေးအန္တရာယ်ကိုလည်းကောင်း ကာကွယ်နိုင်ရန် မဖြစ်မနေ ကျင့်သုံးဆောင်ရွက်ရန် လိုသော နည်းပညာအစီအမံများ အသုံးပြုခြင်းဖြင့် စားသုံးသူအား အပြည့်အဝ အကာအကွယ်ပေးထား ခြင်း ဖြစ်ပါသည်။
အစားအစာ လုံခြုံစိတ်ချရမှုကို လွှမ်းခြုံနိုင်မည်
ယနေ့ထက်တိုင် အစားအစာဆိုင်ရာ လိမ်လည် လှည့်ဖြားမှုသည် ဖြေရှင်းနေရဆဲပြဿနာတစ်ရပ် ဖြစ်ရာ ယင်းကို ဦးတည်ချက်ထား၍ တစိုက် မတ်မတ် ဆောင်ရွက်နိုင်မှသာ အစားအစာလုံခြုံ စိတ်ချရမှု စီမံခန့်ခွဲရေး စနစ်တစ်ခုလုံးကို လွှမ်းခြုံ နိုင်မည် ဖြစ်ပါသည်။
စားသောက်ကုန်တစ်ခု၏ အစားအသောက်၊ အစားအစာ ပါဝင်ပစ္စည်းများ (သို့မဟုတ်) အစား အသောက်ထုပ်ပိုးခြင်း၊ အညွှန်းတပ်ခြင်း၊ ထုတ်ကုန် အချက်အလက်များ (သို့မဟုတ်) မှားယွင်းသော (သို့မဟုတ်)လွဲမှားသော ဖော်ပြချက်များကို တမင် တကာ ရည်ရွယ်ချက်ရှိရှိဖြင့် မမှန်ကန်သော အရာ များဖြင့် အစားထိုးခြင်း၊ ထပ်မံပေါင်းထည့်ခြင်းအား စီးပွားရေးအကျိုးအမြတ်အတွက် ပြုလုပ်ခြင်း၏ အကျိုးဆက်ကြောင့် စားသုံးသူများ၏ ကျန်းမာရေး ထိခိုက်နိုင်ခြင်းအား အစားအသောက် လိမ်လည် လှည့်ဖြားခြင်းဟုခေါ်သည်။
Global Food Safety Initiatives- GFSI ၏ အဆိုအရ အစားအစာဆိုင်ရာ လိမ်လည်လှည့်ဖြားမှု ဆိုသည်မှာ စီးပွားရေး(ငွေကြေး)ဆိုင်ရာ ရယူလိုမှု ကြောင့် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ရာမှ ဖြစ်ပေါ် သော လိမ်လည်လှည့်ဖြားမှု ဖြစ်ပါသည်။
မိမိတို့နိုင်ငံတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁)၊ အပိုဒ် (၂) (ဆ) အရ လိမ်လည်လှည့်ဖြား ခြင်းဆိုသည်မှာ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ မှားယွင်းသော ဖော်ပြခြင်းဖြင့်ဖြစ်စေ၊ မမှန်ကန်သော ကြော်ငြာခြင်းဖြင့်ဖြစ်စေ၊ မရိုးဖြောင့် သော သဘောဖြင့်ဖြစ်စေ စားသုံးသူက လွဲမှားစွာ လက်ခံစေရန် ရည်ရွယ်ဆောင်ရွက်မှုကို ဆိုပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁)၊ အပိုဒ်(၂)(ဇ)အရ ယင်းနှင့်အလားတူ အခြားအဓိပ္ပာယ် ဖွင့်ဆို ချက်တစ်ခုမှာ ထင်ယောင်ထင်မှား ဖြစ်ခြင်းဖြစ်၍ ကုန်စည်နှင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သဘာဝ အရည်အသွေးကိုဖြစ်စေ၊ ထုတ်လုပ်မှုဖြစ်စဉ်ကို ဖြစ်စေ၊ ဆောင်ရွက်မှုဖြစ်စဉ်ကိုဖြစ်စေ၊ ဝိသေသ လက္ခဏာကိုဖြစ်စေ၊ သတ်မှတ်ထားသော စံချိန် စံညွှန်းကိုဖြစ်စေ၊ ရည်ရွယ်ချက်ကိုဖြစ်စေ၊ အရေ အတွက်ကိုဖြစ်စေ စားသုံးသူကို လွဲမှားယူဆမှု ဖြစ်စေသော ပြုလုပ်မှုကို ဆိုလိုပါသည်။
ပညာရှင်များအဆိုအရ အစားအစာလိမ်လည် လှည့်ဖြားခြင်း အမျိုးအစားခုနစ်မျိုး ခွဲခြားထားရာ အစားထိုးခြင်း၊ ဖုံးကွယ်ခြင်း၊ မှားယွင်းသော ကုန်အညွှန်းဖော်ပြခြင်း၊ တရားဝင်မဟုတ်သော မှောင်ခိုဈေးကွက်အတွက် ထုတ်လုပ်ခြင်း၊ တရား မဝင်သော ထပ်ဖြည့်ပစ္စည်းအသုံးပြုခြင်း၊ အတု ပြုလုပ်ခြင်းနှင့် ရောနှောခြင်းတို့ဖြစ်သည်။
ဈေးကွက်တွင် စားသုံးဆီများကို အခြားဆီများဖြင့် ရောနှောခြင်းဖြစ်
ဈေးကွက်တွင်တွေ့ရလေ့ရှိသော အစားအစာ လိမ်လည်လှည့်ဖြားခြင်း ဖြစ်စဉ်များမှာ ဈေးကြီး သော စားသုံးဆီများကို အခြားဆီများဖြင့် ရောနှော ခြင်းဖြစ်ပြီး သံလွင်ဆီ (ပြည်တွင်းတွင် မြေပဲဆီ) တွင် အခြားဈေးသက်သာသော ဆီများ ရောနှော ခြင်း၊ ဈေးနှုန်းမတူညီသော ငါးများရောင်းချရာတွင် ဈေးနှုန်းကြီးမြင့်သော ငါးနှင့် ပုံစံတူသော်လည်း အမျိုးအစားမတူသည့် ဈေးနှုန်းသက်သာသော ငါး ရောနှောရောင်းချခြင်း (သို့မဟုတ်) အစားထိုး ရောင်းချခြင်း၊ နို့တွင် မယ်လမင်းဓာတ်ဖြည့်၍ ရောင်းချခြင်း၊ လယ်ယာသီးနှံများ တင်ပို့ရာတွင် မျိုးရိုးဗီဇပြောင်းထားသော သီးနှံများ (Genetically Modified Organism-GMO ) သီးနှံများနှင့် ရောနှော ရောင်းချခြင်း၊ ပျားရည်တွင် (ပျားရည် မဟုတ် သော) သကာရည်များ အခြားပစ္စည်းများ ရောနှော ရောင်းချခြင်း၊ ကော်ဖီနှင့် လက်ဖက်ခြောက် အမျိုး အစားနှင့် ထွက်ရှိရာဒေသများကို စီးပွားရေး အကျိုး အမြတ်ထွက်စေရန် လိမ်လည်လှည့်ဖြားခြင်း၊ ဈေးနှုန်းကြီးမြင့်သော ဟင်းခတ်အမွှေးအကြိုင်များ ကို ရောနှောရောင်းချခြင်း၊ အရက်၊ ဘီယာနှင့် ဝိုင် အတု ပြုလုပ်ရောင်းချခြင်း၊ အသီးအနှံဖျော်ရည်တွင် သစ်သီးအစစ်မှပြုလုပ်သော ဖျော်ရည်နှင့် ဓာတု ပစ္စည်းသုံးဖျော်ရည်အတု ရောနှောရောင်းချခြင်း တို့ဖြစ်သည်။
အစားအစာ လိမ်လည်လှည့်ဖြားမှုဖြစ်စဉ်များ
ကမ္ဘာတစ်လွှား နိုင်ငံအလိုက် နာမည်ဆိုးဖြင့် ကျော်ကြားသော အစားအစာ လိမ်လည်လှည့် ဖြားသော ဖြစ်စဉ်များမှာ နယူးဇီလန်နိုင်ငံထွက် မနုကပျားရည် (Manuka Honey)သည် အလှကုန် အဖြစ် လည်းကောင်း၊ ဆေးဖက်ဝင်၍လည်းကောင်း ကျော်ကြား၍ ဈေးနှုန်းကြီးမြင့်ရာ တစ်နှစ်လျှင် တန်ချိန် ၁၇၀၀ ကျော်သာ ထွက်ရှိသော်လည်း ဈေးကွက်တွင် နယူးဇီလန်ထုတ် မနုကပျားရည် အမည်ဖြင့် တစ်နှစ်လျှင် တန်ချိန်တစ်သောင်းခန့် ရောင်းချခြင်း၊ ၂၀၂၃ ခုနှစ်တွင် အင်္ဂလန်၊ ပြင်သစ်နှင့် ဥရောပတစ်ခွင် အမဲသားညှပ်ဘာဂါများ ရောင်းချရာ တွင် အမဲသားအစား မြင်းသားနှင့် ဝက်သားများ သုံးပုံတစ်ပုံခန့် ရောနှောထုတ်လုပ်ထားသည့် အမဲသားများ အသုံးပြု ရောနှောရောင်းချခြင်း၊ ၂၀၀၈ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ဖြစ်ပွားသော ကလေးငယ်များအတွက် နို့မှုန့်တွင် မယ်လမင်း ရောနှော၍ လှည့်ဖြားရောင်းချခြင်း၊ ဖာလာစေ့ကဲ့သို့ ဟင်းခတ်အမွှေးအကြိုင်တွင် မြေပဲများ ရောနှော ထားရာ မြေပဲနှင့် ဓာတ်မတည့်သူများအတွက် ဆိုးကျိုးဖြစ်စေခြင်း၊ အာရှနိုင်ငံများတွင် သံလွင်ဆီ၊ ငရုတ်ဆီနှင့် မြေပဲဆီများတွင် ဈေးပေါသော အခြား ဆီများရောနှောခြင်း၊ အီတလီချိစ် ထုတ်လုပ်စဉ်တွင် ကျွဲနို့အစား နွားနို့ အသုံးပြုခြင်းဖြင့် လွဲမှားသော နို့အမျိုးအစား အသုံးပြုထုတ်လုပ်ခြင်း၊ အီးယူတွင် အသားထုပ်ပိုးသူများက လျှာနာခွာနာရောဂါ ဖြစ်ပွားသည့် ကျွဲနွားများအား လုံလောက်သော ကာကွယ်တားဆီးမှုပြုလုပ်ရန် ပျက်ကွက်ရုံမျှမက ယင်းတို့ကို စားသောက်ရန် ဖြန့်ချိရောင်းချသည်အထိ ကျူးလွန်ခဲ့ကြခြင်းတို့ဖြစ်သည်။
အတုအပပြုလုပ်ခြင်း ဖြစ်စဉ်များတွင် အရက်၊ ဘီယာနှင့် ဝိုင်များကို အတုပြုလုပ်ခြင်းမှာ အများစု ဖြစ်သည်။ ထိုမျှသာမက အစားအသောက်ကဏ္ဍကို အသုံးချ၍ ကြိုတင်ကြံစည်သော ရာဇဝတ်မှု ကျူးလွန်ခြင်းကို Malicious contamination ဟု ခေါ်ပါသည်။ ၂၀၀၅ ခုနှစ်တွင် ဗြိတိန်၌ ဖြစ်ပွား သော ကျူးလွန်ခြင်းတွင် ပေါင်မုန့်အတွင်း၌ ဖန်ထည်စများ၊ အပ်များပါဝင်ခဲ့ခြင်း၊ အမေရိကန် နိုင်ငံ အိုရီဂွန်အရွက်သုပ် ဘားဆိုင်၏ စားစရာ (အသုပ်)များတွင် ဆယ်လ်မိုနဲလား ပါဝင်၍ လူပေါင်း ၇၅၁ ဦး နာမကျန်းဖြစ်စေခဲ့ခြင်း၊၂၀၀၇ ခုနှစ်တွင် ကိတ်မုန့်စက်ရုံတစ်ခု၌ မြေပဲကို ခွဲခြား သိမ်းဆည်းခြင်းမပြုဘဲ ရောနှောနေခဲ့ရာ မြေပဲဖြင့် ဓာတ်မတည့်သူများအတွက် အန္တရာယ်ရှိနိုင်၍ ယခင်ဈေးကွက်အတွင်း ဖြန့်ဖြူးပြီးထုတ်ကုန်များ ပြန်လည်သိမ်းဆည်းခဲ့ရပြီး စက်ရုံကိုလည်း တစ်ပတ်ခန့်ကြာအောင် သန့်ရှင်းရေး ဆောင်ရွက် ခဲ့ရခြင်းဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
အစားအစာဆိုင်ရာ ဆိုက်ဘာပြစ်မှုများမှာ အစားအစာမှာယူသည့်ကိစ္စတွင် ဖြစ်ပွား၍ ငွေလွှဲကိစ္စများ၊ အကြွေးဝယ်ကတ်ကိစ္စများနှင့် ပတ်သက်ပါသည်။ သူလျှိုထားခြင်းမှာ အစားအစာ ဆိုင်ရာ လိမ်လည်လှည့်ဖြားခြင်း တစ်ခုဖြစ်ရာ အစားအစာ ထုတ်လုပ်သော စက်ရုံများ၏ ဖော်မြူ လာများကို တရားဝင်မဟုတ်သော နည်းလမ်းဖြင့် ရယူခြင်းဖြစ်ရာ ယင်းကို အသုံးပြုထုတ်လုပ်မည် ဆိုပါက ပြည့်စုံမှုရှိမရှိ မသေချာသည့်အပြင် ဥပဒေ ကြောင်းအရ ငြိစွန်းနေသည်။
အစားအစာဆိုင်ရာ လိမ်လည်လှည့်ဖြားခြင်း နောက်ထပ်နည်းလမ်းတစ်ခုမှာ ခြိမ်းခြောက် ငွေညှစ်ခြင်းဖြစ်၍ အစားအစာညစ်ညမ်းမှု ဖြစ်ပွား နေခြင်းကို အကြောင်းပြု၍ မသမာသော အစိုးရ တာဝန်ရှိသူက ခြိမ်းခြောက်ငွေညှစ်ခြင်းနှင့် မသမာသူတစ်စုက စူပါမားကတ်ရှိ အစားအစာများ တွင် ညစ်ညမ်းမှုဖြစ်စေရန် ဆောင်ရွက်မည်ဟု ခြိမ်းခြောက်ခြင်းတို့ ဖြစ်ပါသည်။
အစားအစာကဏ္ဍတွင်သာမက အခြား မည်သည့်ကဏ္ဍတွင်မဆို လိမ်လည်လှည့်ဖြားမှု ဖြစ်ပွားလေ့ရှိရာ ကျူးလွန်သူများကို လေ့လာရာတွင် လိမ်လည်လှည့်ဖြားမှု ကျူးလွန်သော လူ ၁၀ ဦးလျှင် ကိုးဦးမှာ ရာဇဝတ်မှုဆိုင်ရာ နောက်ကြောင်း ရာဇဝင်ရှိသူများ မဟုတ်ပါ။ သို့ဖြစ်ရာ (မရည်ရွယ် ဘဲ) လိမ်လည်လှည့်ဖြားမှုကျူးလွန်ခြင်း ပြဿနာ ဖြေရှင်းရာတွင် သိရှိထားသင့်သော လိမ်လည် လှည့်ဖြားမှုတြိဂံ၏ အခြေခံအချက်သုံးချက်မှာ အခွင့်အလမ်း၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစား နိုင်မှုနှင့် စေ့ဆော်သောအချက်များ (သို့မဟုတ်) ဖိအားတို့ ဖြစ်ပါသည်။
လိမ်လည်လှည့်ဖြားမှု ဖြစ်ပွားရန် အခြေအနေ နှင့် ကြုံကြိုက်ပါက လူအများအနေဖြင့် မည်သို့ တုံ့ပြန်ကြသည်ကို ပညာရှင်များ လေ့လာခဲ့ရာ “၁၀-၈၀-၁၀ ဥပဒေသ” အရ ကျူးလွန်ကြောင်း တွေ့ရှိခဲ့သည်။ အဓိပ္ပာယ်မှာ လူပေါင်း ၁၀၀ ရှိပါက ၁၀ ဦးမှာ လိမ်လည်လှည့်ဖြားမှု ကျူးလွန်မည့်သူများ လုံးဝမဟုတ်ပါကြောင်း၊ ဆန့်ကျင်ဘက်အနေဖြင့် ၁၀ ဦးမှာ လိမ်လည်လှည့်ဖြားမှု ကျူးလွန်နိုင်မည့် နည်းလမ်းများကို အားထုတ်ကြိုးပမ်း ကျူးလွန် ကြကြောင်း၊ ကျန်သော ၈၀ မှာမူ လိမ်လည်လှည့်ဖြား မှု ဖြစ်ပွားစေသည့် အခြေခံအချက် သုံးချက်အရ လိမ်လည်လှည့်ဖြားမှု ကျူးလွန်ကောင်း ကျူးလွန် ကြပါကြောင်း၊ သို့ဖြစ်ရာ ယင်းအခြေအနေများ ကြောင့် တာဝန်ရှိသူများအနေဖြင့် စောင့်ကြည့် ထိန်းချုပ်ခြင်း၊ ဥပဒေပြုခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း မှုခင်းပညာရှင်များက ထောက်ခံအကြံပြုထားပါသည်။
အစားအစာ လိမ်လည်လှည့်ဖြားမှု ဖြစ်ပွားပါက Vulnerability assessment critical control point- VACCP အသုံးပြု၍ စိစစ်ရန်ဖြစ်ရာ အားနည်းချက်/ ပျော့ကွက်များကို ရှုထောင့်သုံးမျိုးမှ ဦးတည်စိစစ် ရန် လိုအပ်ပါသည်။ ထုတ်ကုန်တွင် ပါဝင်သော ပစ္စည်းဆိုင်ရာအချက်များ၊ လုပ်ငန်းအပေါ် သက်ရောက်သော အချက်များနှင့် သွင်းအားစုနှင့် လုပ်ငန်းထုတ်လုပ်မှု ကွင်းဆက်၏ မဟာဗျူဟာများ ကို ထိန်းချုပ်သည့်အချက်များတွင် ပျော့ကွက်များ ရှိ မရှိ စိစစ်ရန်ဖြစ်၍ ရှိပါက ပျော့ကွက် အနိမ့်/အမြင့်ကို ဆက်လက်စိစစ်ရန် ဖြစ်ပါသည်။
သို့မှသာ ပျော့ကွက်များ လျှော့ချ၍ လိမ်လည် လှည့်ဖြားမှုကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။ အစားအစာထုတ်လုပ်မှုမှာ ကွဲပြားခြားနားရာ ထုတ်ကုန်၏ အရေးကြီးသော ပါဝင်ပစ္စည်းတိုင်းကို လိုအပ်သလို စိစစ်ရန်ဖြစ်သည်။ VACCP စိစစ်ခြင်း တွင် ဖြစ်နိုင်ခြေရှိသော ပျော့ကွက်များကို သတ်မှတ် ရန်၊ မသမာသောအလေ့အထများ ဖြစ်နိုင်ခြေရှိမှု အကဲဖြတ်ရန်၊ ထိန်းချုပ်မှု အစီအမံများကို သတ်မှတ်ရန်၊ မှတ်တမ်းထားရှိရန်နှင့် ပြန်လည် သုံးသပ်ရန် စသည့်အဆင့်များပါဝင်ပြီး ယင်းတို့ကို ဆောင်ရွက်ရာတွင် တစ်ကြိမ်သာ ဆောင်ရွက်ရမည့် အစီအမံမဟုတ်ဘဲ အမြဲမပြတ် ဆန်းစစ်နေရန် လိုအပ်ပါသည်။
အစားအစာ လိမ်လည်လှည့်ဖြားမှု ဖြစ်ပွားမှု သည် ဆောင်ရွက်နေကျဖြစ်သော ပုံမှန်ကုန်သွယ် ရောင်းဝယ်မှုတွင်သာမက အီးကောမတ်စ်တွင်လည်း ဖြစ်ပွားရာ အစိုးရ၏ အီးကောမတ်စ်ဥပဒေ၊ နည်းဥပဒေများမှတ်ပုံတင်ခြင်းဆိုင်ရာ လိုအပ်ချက် များအပြင် အီးကောမတ်စ်ထိန်းချုပ်သော ပုဂ္ဂလိက ပလက်ဖောင်းများကို ထိန်းချုပ်ကွပ်ကဲရန် လိုအပ် မည် ဖြစ်ပါသည်။ အစားအစာ လိမ်လည်လှည့်ဖြားမှု ဖြစ်ပွားမှုဖော်ထုတ်ရာတွင် သိပ္ပံပညာအခြေခံ၍ အချက်အလက်အထောက်အထားဖြင့် သက်သေ ပြသမှသာ ထိန်းချုပ်အရေးယူနိုင်မည်ဖြစ်ရာ သာမန် နည်းပညာများဖြင့် လုံလောက်မှုရှိရန် မလွယ်ကူဘဲ ခေတ်မီနည်းပညာများကို အသုံးချရန်လိုအပ်သည် ဖြစ်ရာ နည်းပညာအရ ရှုပ်ထွေး၍ ငွေကုန်ကြေး ကျများပြားစွာ လိုအပ်ပါသည်။
သို့ဖြစ်ပါ၍ အစားအစာ လိမ်လည်လှည့်ဖြားမှု အန္တရာယ်မှ ကာကွယ်တားဆီးနိုင်မှသာလျှင် ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ပါဝင်ပတ်သက် သူများ၏ စီးပွားရေးပုံမှန်လည်ပတ်နိုင်မည်ဖြစ်ပြီး ယုံကြည်မှု ပျက်စီးပြိုလဲခဲ့ပါက ပြန်လည်ထူထောင် ရန် နှစ်ပေါင်းများစွာ ကြာမြင့်တတ်ပါသည်။ ထိုပြဿနာကိုဖြေရှင်းရန် နိုင်ငံအဆင့် အစားအစာ လိမ်လည်လှည့်ဖြားမှု အဓိပ္ပာယ်ဖွင့်ဆိုရန်၊ ယင်းကို (ပုံမှန်ကုန်သွယ်ရောင်းဝယ်မှုနှင့် အီးကောမတ်စ် အတွက်ပါ) ဖြေရှင်းနိုင်ရေး မူဘောင်တစ်ခုရေးဆွဲရန်၊ နိုင်ငံအဆင့် အစားအစာ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးများကို နိုင်ငံတကာ စံချိန်စံညွှန်းရေးဆွဲရေးအဖွဲ့များ၏ စံသတ်မှတ်ချက် များအပေါ် အခြေခံ၍ တန်ပြန်အစီအမံများ ချမှတ် ရန်၊ ခေတ်အမီဆုံးသော နည်းပညာအသုံးချမှု လိုအပ်ချက် ဖြည့်ဆည်းထားရန်နှင့် နည်းပညာခိုင်မာ စေရေး အဆင်သင့်ပြင်ဆင်ထားရန် ပညာရှင်များက ထောက်ခံအကြံပြုထားပါသည်။
အစားအစာ ကုန်သွယ်မှုတွင် လိမ်လည် လှည့်ဖြားမှု မကြာခဏ ဖြစ်ပေါ်လေ့ရှိရာ လယ်ယာ ထွက်ကုန်တင်ပို့သော မိမိတို့နိုင်ငံအတွက် အရေး ကြီးသော ကိစ္စတစ်ရပ် ဖြစ်ပါသည်။ နိုင်ငံတကာ စံချိန်စံညွှန်းများအပေါ် အခြေခံ၍ တန်ပြန်အစီအမံ များချမှတ်ရန်၊ နည်းပညာခိုင်မာစေရေး ခေတ်မီ နည်းပညာများ၊ စက်ကိရိယာများကို အသုံးချ၍ လိုအပ်ချက်များကို အဆင်သင့် ပြင်ဆင်ဆောင်ရွက် ထားရန်နှင့် ဥပဒေပြု၍ တားဆီးရုံမျှမက ဥပဒေ၏ အာဏာသက်ရောက်မှု ပြည့်ပြည့်ဝဝ ဆောင်ရွက် နိုင်မှသာ အထိအခိုက်၊ အကုန်အကျ နည်းပါး သက်သာစွာဖြင့် အစားအစာ လိမ်လည်လှည့်ဖြားမှု ပြဿနာကို ကာကွယ်တားဆီးနိုင်မည် ဖြစ်ပါ ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။ ။
ရင်းမြစ်-
The Consumer Protection law 2019 (Myanmar), IFT. org, foodfraud preventionthinktank.com and fraud triangle
ကိုးကား
(၁) စားသုံးသူကာကွယ်ရေးရာဥပဒေ (၂၀၁၉) the CP law of 2019
(၂) Prescreening Ingredients for a Food Fraud Vulnerability Assessment - IFT.org
(၃) Food Fraud in the WTO Report on Trade and Food Standards foodfraud preventionthinktank.com
(၄) fraud Triangle Components Explained by embroker
- Log in to post comments