အဘိဓမ္မာတရားကိုလေ့လာသင်ကြားနာယူ၍ သာသနာတော်ကို ကျေးဇူးဆပ်စေချင်

Type

ဒေါက်တာမြတ်မိုး

=======

 

ဘဝတွင် တန်ဖိုးမဖြတ်နိုင်သောမြတ်စွာဘုရား၏တရားတော်များအနက်  အဘိဓမ္မာတရားတော် လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ အဘိဓမ္မာ တရားကြောင့် မိမိခန္ဓာ မိမိကိုယ်တိုင်သိခွင့်ရသည့် အတွက် မိမိ၏ဓမ္မလမ်းကြောင်းကို မတိမ်းမစောင်း စေရန် မှန်မှန်ကန်ကန် ထိန်းကျောင်းပေးနိုင်သော တရားတော်တစ်ခုအဖြစ်   ဂုဏ်ယူမိပါသည်။ ထို့ကြောင့်လည်း  ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆုံးမထိန်းကျောင်းနိုင်အောင်  အသေးစိတ်လမ်းပြ ပေးသော တရားတော်ကြီးအဖြစ် တင်စားမိပါသည်။ 

အခြားသောဓမ္မတရားများထက် 
သာလွန်သော ဓမ္မထူး 


ကျေးဇူးရှင်မြတ်စွာဘုရားကိုယ်တော်တိုင် သဗ္ဗညုတဉာဏ်ကိုရရှိပြီး ၄၅ ဝါ ကာလပတ်လုံး ဟောကြားတော်မူသော အဆုံးအမ၊ စကား၊ တရား ဓမ္မအားလုံးတို့ကို  သိုလှောင်ရာ “ခြင်းတောင်း” သဖွယ် “ပိဋက”အားဖြင့်   ဝိနည်း၊  သုတ္တန်၊ အဘိဓမ္မာဟူ၍ အမျိုးတူရာစုစည်းပြီး သုံးမျိုးခွဲခြား သိမ်းဆည်းထားရာ အဘိဓမ္မာပိဋကတွင်  ပါဝင် သည့် တရားအပေါင်းအစု “ခန္ဓာ”ပေါင်းမှာ ၄၂၀၀၀ ရှိလေသည်။ 


ပိဋကတ်သုံးပုံတွင် အစစ်အမှန် ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ ရှိရာ အဘိဓမ္မာပိဋကတွင် ပါဝင်သောခန္ဓာ ပေါင်းမှာ ကျန်ပိဋကနှစ်ခုထက် အရေအတွက်အား ဖြင့် အများဆုံးဖြစ်သည်မှာ ထူးခြားချက်တစ်ခု ဖြစ်ပါသည်။ အဘိဓမ္မဟူသည့် အနက်အဓိပ္ပာယ် ကိုယ်တိုင်ကလည်း ထူးခြားနေပါသည်။ “အဘိ” ဆိုသည့်အနက်က “သာလွန်သည်၊ ထူးခြားသည်၊ အထက်၌သာရှိသည်”ဟူသည့် အဓိပ္ပာယ်ရသလို “ဓမ္မ” ဆိုသည့်အနက်တွင်  “ကုသိုလ်တရား၊ သစ္စာတရား၊ ကျေးဇူးတရား၊ ဝိနည်းမှကြွင်းသော ဘုရားစကား” စသည့် အဓိပ္ပာယ်များဖြင့် ပြည့်နှက် နေသည်ကိုတွေ့ရပါသည်။ 


နောက်ထူးခြားချက်တစ်ခုမှာ အခြားသုတ္တန္တ ပိဋကကဲ့သို့ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအားလုံးတို့၏ ဣန္ဒြေစရိုက်အကြိုက်နှင့်    ဆီလျော်အောင် ဟောကြားထားသော     တရားများမဟုတ်ဘဲ သတ္တဝါအားလုံးတို့၏စရိုက်ကိုလည်း   မလိုက်၊ ဟောသင့်ဟောထိုက်သလို ဓမ္မသဘောအတိုင်း အသေးစိတ်အကျယ်ချဲ့  ဟောကြားထားသော တရားဖြစ်သည်။  တာဝတိံသာနတ်ပြည်၌သာ  ဝေဖန်သောနည်း၊   အမေးအဖြေပုံစံများဖြင့် ဟောကြားထားပုံအရ  သုတ္တန္တ၊ ဝိနည်းဓမ္မတို့ထက် သာလွန်သောဓမ္မဖြစ်သည်ဟုဆိုပါသည်။ 


ကျေးဇူးဆပ်တရားတော်အဖြစ်
နတ်ပြည်တွင်သာဟောကြားခဲ့ခြင်း
မြတ်စွာဘုရားရှင်သည်     စတုတ္ထသတ္တာဟ “ရတနာဃရ”     ရွှေအိမ်တော်၌   ရရှိပြီးသော သဗ္ဗညုတဉာဏ်တော်ဖြင့် ဤအဘိဓမ္မာတရားတော် ကို ခုနစ်ရက်တိုင်တိုင်       ဆင်ခြင်တော်မူခဲ့သည်။  ဘုရားဖြစ်ပြီး ခုနစ်ဝါမြောက်တွင်  မြတ်စွာဘုရား သည် မယ်တော်မာယာဖြစ်ခဲ့ဖူးသည့်    သုတိသာ နတ်ပြည်ရှိ သန္တုဿိတနတ်သားကို ကျေးဇူးဆပ် အမှူးထား၍     စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့ကို   တာဝတိံသာနတ်ပြည်၌  ဝါတွင်း သုံးလပတ်လုံး နေ့ရောညပါ  အသံမစဲအဘိဓမ္မာ တရားကို ဟောကြားခဲ့သည်။ 


ဤသည်ကိုအကြောင်းပြု၍ မိဘကျေးဇူးဆပ် တရားဟုလည်း  အမည်တွင်ပါသည်။ ကျယ်ဝန်း နက်နဲလွန်းလှသော      ဤတရားတော်ကြီးကို  အစအဆုံးတစ်ထိုင်တည်း  ဝါတွင်းသုံးလကြာအောင် ကျယ်ကျယ်ပြန့်ပြန့်နှင့် အသေးစိတ်ဟောကြားနိုင် ခြင်းမှာလည်း ထူးခြားပါသည်။ ဝါတွင်းသုံးလ ရက် ၉၀ သည် တာဝတိံသာနတ်တို့၏  သက်တမ်းနှင့်မူ မိနစ်စက္ကန့်အပိုင်းအခြားသာဖြစ်သည်။ တာဝတိံသာ နတ်တို့၏ တစ်ရက်သက်တမ်းသည်  လူတို့၏ နှစ် ၁၀၀ သက်တမ်းနှင့်ညီမျှသည်ဖြစ်ရာ  နတ်များ အတွက်မူ  မပင်ပန်းရဘဲ   အချိန်လည်းများစွာ မယူရသည့်အတွက် နတ်ပြည်တွင်သာ ဟောကြားရ ခြင်း ဖြစ်ပါသည်။ 
နည်းသုံးနည်းဖြင့် 


ရှင်းလင်းစွာဟောတော်မူခဲ့သောတရား 


 နတ်ပြည်တွင် မြတ်စွာဘုရားက နတ်တို့အား ဟောကြားရာတွင် အကျယ်နည်းဖြင့်ဟောတော်မူ ခဲ့ခြင်းဖြစ်သည်။ မြတ်စွာဘုရား လူ့ပြည်သို့ပြန်၍ ဆွမ်းဘုဉ်းပေး၊ ရေချိုးသန့်စင်ပြီး စန္ဒကူးတောတွင် အနားယူခိုက် ဘုရားကို ဝတ်ကြီးဝတ်ငယ်ပြုစု နေသည့် အရှင်သာရိပုတ္တရာမထေရ်ကိုမူ အကျဉ်းဆုံး နည်းအားဖြင့် ဟောကြားခဲ့ခြင်းဖြစ်သည်။ 
တစ်ဖန် ကဿပဘုရားလက်ထက်က လင်းနို့ သား ၅၀၀ အဖြစ် အဘိဓမ္မာတရားကို ရဟန်းနှစ်ပါး ထံမှ       နေ့စဉ်နာကြားခဲ့ရသည့်ကျေးဇူးကြောင့် အကြိမ်ကြိမ်နတ်သားဖြစ်ခဲ့ကြပြီး    ဂေါတမ မြတ်စွာဘုရားလက်ထက်တွင် အရှင်သာရိပုတ္တရာ၏ တပည့်ရဟန်းဖြစ်လာကြသည့် ရဟန်း ၅၀၀ ကိုမူ အရှင်သာရိပုတ္တရာက ဘုရားရှင်၏လက်ခံအတည်ပြု ချက်ဖြင့် မကျဉ်းမကျယ်နည်းဖြင့် ပြန်လည်ဟော ကြားခဲ့သည်။ နည်းသုံးနည်းဖြင့် လူ့ပြည်၊ နတ်ပြည် နှစ်ဌာနစလုံးတွင် ဟောကြားခံခဲ့ရသောတရားတော် ဖြစ်ပါသည်။ ယနေ့ခေတ် လူပုဂ္ဂိုလ်များ အဘိဓမ္မာ သင်တန်းများတွင် သင်ကြားနာယူနေသောနည်းသည် မကျဉ်းမကျယ်နည်းဖြင့် ဟောကြားခဲ့သောတရားဖြစ် ကြောင်း သိရှိရပါသည်။ 
အဘိဓမ္မာတရားကို မြတ်စွာဘုရားက အသံမစဲ ဟောကြားနိုင်သည်ဟုဆိုရာတွင်    ဘုရား၏ စိတ်အလိုတော်အတိုင်း အလွန်လျင်လျင်မြန်မြန်ဟောနိုင်ခြင်းဟူသော ဂုဏ်ပုဒ်ကြောင့်ဖြစ်ပါသည်။ ဘုရားရှင်က မြန်စွာဟောသည်ကို နာယူသူများက လည်း သာယာနာပျော်ဖွယ် ရှင်းလင်းပြတ်သား စွာဖြင့် နာယူနိုင်ကြသည်ဟုဆိုပါသည်။    မည်မျှ မြန်ဆန်လွန်းသည်ဟုဆိုလျှင် သာမန်လူပုဂ္ဂိုလ် တစ်ခွန်းပြောတိုင်း ဘုရားရှင်က ၁၂၈ ခွန်းအထိ ပြောနိုင်စွမ်းရှိသည်ဟု သိရှိရသည်။ ဘုရားရှင်က မဂဓဘာသာစကားဖြင့်  ဟောကြားသော်လည်း နာယူသူက မိမိဘာသာစကားဖြင့်သာ  နာယူနိုင်သည် အထိ အစွမ်းရှိလှပါသည်။ 


ခုနစ်ကျမ်းသော   အဘိဓမ္မာ သင်္ဂါယနာတင်တိုင်းပါ  


မြတ်စွာဘုရားသည် သက်တော်ထင်ရှားရှိစဉ်ကာလအတွင်းတွင်လည်း အဘိဓမ္မာကို ကျယ်ကျယ် ပြန့်ပြန့် သင်ကြားပို့ချနိုင်ခဲ့ပါသည်။ အဘိဓမ္မာကျမ်း ကား ခုနစ်ကျမ်းရှိသည်။ ပရမတ္တတရားများကို အရေ အတွက်အားဖြင့် ပေါင်းစုပြသော “ဓမ္မသင်္ဂဏီကျမ်း”၊ အကျယ်ဝေဖန်သော “ဝိဘင်းကျမ်း”၊ ခန္ဓာ အာယတန ဓာတ်သစ္စာ အပြားအားဖြင့် ဝေဖန် သော“ဓာတုကထာ ကျမ်း”၊ ပညတ်အားဖြင့် “ပုဂ္ဂလပညတ်ကျမ်း”၊ အယူဝါဒအားဖြင့် “ကထာဝတ္ထုကျမ်း”၊ အစုံလိုက်ပရ မတ္တတရားအားလုံးကို “ယမိုက်ကျမ်း”၊ အကြောင်း အကျိုးဆက်၍ “ပဋ္ဌာန်းကျမ်း” ဟူ၍ ဖြစ်ပါသည်။ ကျမ်းများအလိုက်ဟောကြားသော ရက်များလည်း မတူကြပါ။     အနည်းဆုံး  ပုဂ္ဂလပညတ်ကျမ်းကို ငါးရက်မှ အများဆုံး  ပဋ္ဌာန်းကျမ်းအထိ ၂၅  ရက် ကြာမြင့်ခဲ့သည်ဟု မှတ်သားမိပါသည်။ 


အဘိဓမ္မာပိဋကများသည် ပထမသင်္ဂါယနာ တင်စဉ်ကတည်းက ပါဝင်ခဲ့သည်။ သို့သော် ကထာ ဝတ္ထုမှာမူ တတိယသင်္ဂါယနာကျမှ ပြည့်စုံစွာပါဝင် ခဲ့ပါသည်။ သာသနာနှစ် ၂၃၆ တွင်  သီဟိုဠ်၌ သာသနာပြန့်ပွားသွားရာတွင်  အဘိဓမ္မာအပါအဝင် ပိဋကတ်သုံးပုံစလုံး အပါအဝင်ဖြစ်ခဲ့ပြီး ထိုစဉ်က နှုတ်တက်အာဂုံဆောင်၍သာ သင်ကြားပို့ချနာယူ ခဲ့ကြရသည်။ စတုတ္ထသင်္ဂါယနာရောက်မှ အဘိဓမ္မာ ကျမ်းများကို ပေထက်အက္ခရာတင်နိုင်ခဲ့ခြင်းဖြစ် သည်ကိုတွေ့ရှိရသည်။ မြန်မာနိုင်ငံသို့မူ တတိယ သင်္ဂါယနာတင်ပြီးနောက်မှသာ အဘိဓမ္မာကျမ်းများ ရောက်ရှိခဲ့ရာ သုဝဏ္ဏဘူမိ   (သထုံခေတ်)မှစ၍ ဆဋ္ဌမသင်္ဂါယနာတင်ပြီး ယနေ့အချိန်ကာလအထိ ခေတ်အဆက်ဆက် နာယူပူဇော်ခွင့်ရရှိနေကြပြီ ဖြစ်ပါသည်။ 
ထင်ရှားကျော်ကြား ကျမ်းပြုမထေရ်အာဇာနည်များ 


အဘိဓမ္မာပထမဆုံး ကျမ်းပြုပုဂ္ဂိုလ်များကား အိန္ဒိယတိုင်းသားများဖြစ်ကြသော “အရှင်မဟာ ဗုဒ္ဓဃောသ” နှင့် “အရှင်ဗုဒ္ဓတ္ထ” တို့ဖြစ်ကြသည်။ ထို့နောက် “အရှင်အာနန္ဒာ” နှင့် “အရှင်ဓမ္မပါလ”တို့ ဆက်လက်ပေါ်ထွန်းခဲ့ကြသည်။     ထို့နောက် သီဟိုဠ်မြို့၌ ကျောင်းထိုင်သော “အရှင်အနုရုဒ္ဓါ”၊ “အရှင်သာရိပုတ္တရာ” နှင့် “အရှင်သုမင်္ဂလသာမိ” တို့ ဆက်တိုက်ပေါ်ထွန်းခဲ့သည်။   ယနေ့လူပုဂ္ဂိုလ် များ  သင်ကြားနာယူနေကြသော  အဘိဓမ္မာ သင်္ဂြိုဟ် ၉ ပိုင်းသည်   သီဟိုဠ်ဆရာတော် အရှင်အနုရုဒ္ဓါမထေရ်   ရေးသားပူဇော်ခဲ့သော အစီအစဉ်ဖြစ်ပါသည်။   မြန်မာနိုင်ငံသို့ ရောက်ရှိ ခဲ့သော အဘိဓမ္မာတရားကို လင်္ကာနည်းဖြင့် စတင် ဖော်စပ်ရေးသားခဲ့သောဆရာတော်သည် လယ်တီ ဆရာတော်ကြီးဖြစ်ပြီး       ဇယားနည်းဖြင့် ပြန်လည်ပြုစုရေးသားခဲ့သူမှာ  ခင်ဦးတောရ မူလပဋ္ဌာန်းဆရာတော်   ဦးနာရဒဖြစ်ကြောင်း မှတ်သားမိပါသည်။ 


အဘိဓမ္မာကိုသင်ကြားနာယူခွင့်ရ၍ သာသနာတော်ကြီးအဓွန့်ရှည်ပါစေ 


“မကောင်းမှုရှောင်၊   ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား”ဟု ဆိုလေတော့ ဘယ် အရာသည်  မကောင်းဘူးလဲ၊ ဘယ်အရာသည် ကောင်းသလဲဆိုသည်ကို လူကောင်းတစ်ယောက် ဖြစ်ချင်သူအတွက် သိကိုသိရပါမည်။ “သိ”အောင် “သင်”ရမည်၊“နာ”ရမည်။ သိမှ “ကျင့်” နိုင်ပါမည်။ ကျင့်မှလည်း “ရ”ပါမည်။ အဘိဓမ္မာတရားကို အနိမ့်ဆုံးနာယူဖူးသော    လင်းနို့သားများပင် နတ်သားများ အကြိမ်ကြိမ်ဖြစ်ကာ ရဟန္တာများ ဖြစ်ကြရပြီး အပါယ်မလားဘဲ  အိုနာသေဘေးမှ လွတ်ကြသည်မှာ သက်သေပင်ဖြစ်သည်။ 


ယခုအချိန်ကာလသည် သာသနာတော်အဓွန့် ရှည်တည်တံ့ပြန့်ပွားရန်နှင့် ခိုင်ခိုင်မာမာ ကာကွယ် စောင့်ရှောက်ရန်အတွက် ဗုဒ္ဓဘာသာဝင်တိုင်းတွင် တာဝန်ရှိနေပါသည်။ မမြဲသောတရားဖြစ်၍ ကွယ်ပ နိုင်သော်လည်း ပိဋကတ်သုံးပုံအပါအဝင် သာသနာ သုံးရပ်မကွယ်ပျောက်အောင်      အစဉ်အဆက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်သာဖြစ်ပါ သည်။ အဘိဓမ္မာသင်ကြားခြင်းသည် ဗုဒ္ဓ၏အဆုံး အမများကို လက်ဆင့်ကမ်းသယ်ဆောင်ခြင်းပင် ဖြစ်သည်။  အဘိဓမ္မာပညာသင်ကြားပြီးသည့်အခါ မိမိတို့ခန္ဓာကို   အဘိဓမ္မာအသိဖြင့်တိုက်ဆိုင်၍ ဆင်ခြင်ကျင့်ကြံနေထိုင်သွားနိုင်တော့မည်ဖြစ် သည်။ ခန္ဓာမှလာသောတရားကို ခန္ဓာဖြင့်ပြန် တိုက်ခြင်းပင်ဖြစ်၍ တရားစာသင်ကြားနေချိန် သည်   တရားကိုပူဇော်နေခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် အဘိဓမ္မာ တရားတော်များကို စနစ် တကျ လေ့လာသင်ကြားနာယူပူဇော်၍ ကျွန်တော် တို့၏ ဘာသာသာသနာကို ကျေးဇူးအထူးဆပ်ကြ ပါရန် အားပေးတိုက်တွန်းလိုပါသည်။ 


အဘိဓမ္မာပညာမှ ရရှိလာမည့်အသိတရားများ 


သို့ဆိုလျှင် အဘိဓမ္မာတရားသင်ကြားနာယူ ခြင်းမှ မည်သည့်အသိတရားများ ရရှိ၍ မည်သည့် အကျိုးများဖြစ်ထွန်းပါမည်နည်း။ အရှင်အနုရုဒ္ဓါ မထေရ် ရေးသားခဲ့သော သင်္ဂြိုဟ် ၉ ပိုင်းသည် အဘိဓမ္မာကျမ်းကြီး  ခုနစ်ကျမ်း၏ အနှစ်ချုပ်ပင် ဖြစ်သည်။ 
ပထမဆင့်  သင်္ဂြိုဟ် သုံးပိုင်းတွင် စိတ်၊ စေတသိက်နှင့်  ပကိဏ်းပိုင်းဟူ၍ သုံးပိုင်းပါဝင် သည်။ ပထမဆင့်စတင်သည်နှင့် စိတ်အကြောင်းကို သိခွင့်ရတော့မည်။              

အာရုံကိုရအောင်ယူခြင်းဖြင့် သိတတ်သောစိတ်၏ သဘောသဘာဝနှင့်အတူ   ဘယ်စိတ်များက အကုသိုလ်စိတ်၊ ဘယ်စိတ်များက ကုသိုလ်စိတ်ဟူ၍ သိရပေတော့မည်။ စိတ်အားလုံးပေါင်း အကျဉ်း- ၈၉၊ အကျယ်-၁၂၁ ပါးရှိပြီး လောဘ၊ ဒေါသ၊ မောဟ စသည့် အကုသိုလ်စိတ်က ၁၂ ပါး၊ ကုသိုလ်စိတ်က ၂၁ ပါး စသည်ဖြင့်  အရေအတွက်အတိအကျ သိရတော့မည်။  ပါဠိလိုလည်းသိရ၊ အနက်လည်း သိရ၊ ဂဏန်းအရေအတွက်အတိအကျဖြင့်လည်း  သရုပ်ခွဲ၍  လေ့လာခွင့်ရပါတော့မည်။ လောကီကံ တွေကြောင့် ဖြစ်နေရသော  လောကီစိတ်၊          လောကမှ  လွတ်မြောက်သွားသော လောကုတ္တရာ ကုသိုလ်စိတ်များကိုလည်း      သိရှိလာပါလိမ့် မည်။ 


စိတ်အကြောင်းကို အသေးစိတ်သိရသည့် နည်းတူ   ၎င်းစိတ်နှင့်ယှဉ်ပြီး  ထိုစိတ်ကိုပင် ခြယ်လှယ်နေသော စေတသိက် ၅၂ ပါးကိုလည်း လေ့လာခွင့်ရပါလိမ့်မည်။    စိတ်ကအာရုံကို သိတာပဲဖြစ်သည်။  ခြယ်လှယ်နေသော စေတသိက် များကြောင့်သာ စိတ်အရောင်ပြောင်းရပြီး ကုသိုလ် စိတ်အကုသိုလ်စိတ်တို့ဖြစ်ရကြောင်းနှင့် ဖဿ ဝေဒနာဝိတက် ဝိစာရ မောဟ ဒိဋ္ဌိ ဥဒ္ဓစ္စ ကုက္ကုစ္စ စသည့် ကုသိုလ်၊ အကုသိုလ်စေတသိက်များ၏ အဓိပ္ပာယ် များကိုလည်း  အသေအချာသိလာရပါမည်။
ထိုစိတ်စေတသိက်တို့ကိုပင်      ရောရော ပြွမ်းပြွမ်းပြလိုက်ပါက    ပကိဏ်းဖြစ်သွားသည်။ ဘယ်လိုရောပြွမ်းပြလိုက်ပါသလဲ၊၊ ဝေဒနာအလိုက်၊ ဟိတ်အလိုက်၊ စိတ်တို့ဆောင်ရွက်ရသည့် ကိစ္စများ အလိုက်၊ အာရုံများဝင်ရောက်ရာ  ဒွါရတံခါးပေါက် များအလိုက်၊  အာရုံအလိုက်၊  စိတ်တို့တည်မှီရာ ဝတ္ထုများအလိုက် ရောပြွမ်းပြလိုက်ခြင်းဖြစ်သဖြင့်   ပကိဏ်းနှင့်ပတ်သက်၍ နားလည်သဘောပေါက် သွားရပါတော့သည်။


ဒုတိယဆင့်    သင်္ဂြုဟ် သုံးပိုင်းတွင်  ဝီထိ၊ ဝီထိမုတ် ( ဘုံ ) ပိုင်းနှင့် ရုပ်ပိုင်းသင်ခန်းစားများပါဝင်ပါ သည်။ အာရုံနှင်ဒွါရတိုက်မှဖြစ်သော ဝီထိဟုခေါ်ဆို သည့် စိတ်အစဉ်အတန်းများအကြောင်းကိုလည်း ဝီထိပိုင်းတွင်သင်ရပါသည်။ စိတ်ဆိုတာ စိတ်အစဉ် အတန်း တစ်ခုနှင့်တစ်ခုမကျော်ဘဲ ဖြစ်နေတာပါလား ဆိုသည်ကို သိရသည့်အပြင်   စိတ်တို့၏အသက် ကိုလည်း   လေ့လာခွင့်ရပါသည်။   ကာမဇောနှင့် လောကုတ္တရာဇောများအကြောင်း  သိရပြီး ဒွိဟိတ်၊ တိဟိတ်ပုဂ္ဂိုလ်များ၊ ထိုပုဂ္ဂိုလ်များအလိုက်ဖြစ်သောစိတ်များ၊          ဘုံအလိုက်ဖြစ်သောစိတ်များနှင့် ပတ်သက်၍လည်း ဤအပိုင်းတွင်လေ့လာခွင့်ရပါသည်။ 


ဘုံဌာနပိုင်း ကံပိုင်းရောက်လျှင်တော့ မိမိဘဝ လည်းပြောင်းလဲသွားနိုင်ပါသည်။ ၃၁ ဘုံအကြောင်း၊ ကံပေါ်မူတည်၍ ပြောင်းလဲနေသောဘဝများ၊ ကံ နှင့်ကံ၏ သဘာဝကိုလည်းသိခွင့်ရသလို အတိတ်ကံ ၏အကျိုးပေးသောသဘာဝကိုလည်း လေ့လာခွင့်ရပါ သည်။     ဘုံပိုင်းကပေးသောအသိတရားကြောင့် ကောင်းမှု၊မကောင်းမှုကို ဉာဏ်ဖြင့်ဖြတ်နိုင်ပေတော့ မည်။ ထို့အပြင်သတ္တဝါတို့ ပဋိသန္ဓေနေပုံ၊ စုတိစိတ် ဖြစ်ပုံများကိုလည်း ဤဘုံပိုင်းတွင် လေ့လာခွင့်ရပါ လိမ့်မည်။
ရုပ်ပိုင်းသင်ခန်းစာတွင်မူ ရုပ် ၂၈ မျိုး အကြောင်း နှင့် ရုပ်ကိုဖြစ်စေသော  ကံ စိတ် ဥတု  အာဟာရ အကြောင်းတရားများကို သင်ခွင့်ရပေမည်။ ရုပ်ဖြစ် ကြောင်း အကြောင်းတရားများသိရလျှင် အကျိုးဖြစ် သော မိမိ၏ရုပ်ကြီးကို မိမိကိုယ်တိုင် ပြုပြင်တတ်လာ ပါလိမ့်မည်။ ရုပ်တို့၏ ဖြစ်ပုံပျက်ပုံများကို ကာလ အလိုက်သိခွင့်ရပြီး  နိဗ္ဗာန်နှင့်ပတ်သက်၍လည်း ဤအပိုင်းတွင် အသေးစိတ်သိလာရပါလိမ့်မည်။ 
တတိယဆင့်  သင်္ဂြိုဟ် သုံးပိုင်းတွင်မူ သမုစ္စည်း၊ ပစ္စည်းနှင့်  ကမ္မဋ္ဌာန်းပိုင်းများ  ပါဝင်ပါသည်။ ပရမတ္ထတရားများကို သဘောတူရာချင်း စုစည်းပြ သည့် သမုစ္စည်းအပိုင်းတွင်  အာသဝေါတရားများ၊ နီဝရဏတရားများ၊  ဥပါဒါန်တရားများ၊   ဗိုလ် အကြောင်း၊ ဣန္ဒြေအကြောင်းစသည်  သိခွင့်ရပြီး သစ္စာတရား လေးပါးတရားသည်လည်း  ဤအပိုင်း တွင်ပါဝင်ပါသည်။


ပစ္စည်းပိုင်းသင်ခန်းစာတွင်မူ ရုပ်နာမ်တို့၏ အကြောင်းတရားနှင့်  အကျိုးတရားများကို ပဋိစ္စ သမုပ္ပာဒ်နည်း၊  ပဋ္ဌာန်းနည်းများဖြင့် စုပေါင်းပြထား သည်ကို လေ့လာခွင့်ရပါမည်။


သာသနာ သုံးပါး၊     သိက္ခာ သုံးပါး စသည်တို့ပါဝင်သည့်ကမ္မဋ္ဌာန်းပိုင်းတွင်မူ သမထဘာဝနာနှင့် ဝိပဿနာဘာဝနာကွဲပြားပုံကို သေချာစွာသိခွင့်ရပါ မည်။ စရိုက်အလိုက် သမထကမ္မဋ္ဌာန်း အပါး ၄၀- နှင့်တကွ နိမိတ်များအကြောင်း၊ ဈာန်များအကြောင်း ကိုလည်း သိလာရမည်ဖြစ်ပြီး  ဝိပဿနာဉာဏ် ၁၀   ပါးဖြစ်ပုံနှင့်တကွ  အရိယာပုဂ္ဂိုလ်များနှင့် ပတ်သက်၍လည်း ဤအပိုင်းတွင် ရှင်းလင်းစွာ ပြသထားပါလိမ့်မည်။ 


ယနေ့အဘိဓမ္မာပညာ  သင်္ဂြိုဟ်  ၉ ပိုင်းကို ပါဠိများစွာမပါဘဲ    မြန်မာလို  လူပုဂ္ဂိုလ်တို့ အခက်အခဲမရှိ လွယ်လွယ်ကူကူ   သင်ခွင့်ရနေ သည်မှာ  ကုသိုလ်ထူးလှပါ၍   ဗုဒ္ဓဘာသာဝင် အားလုံးကို  စားကောင်းသောက်ကောင်းပမာ အရသာကောင်းတစ်ခုကို မြည်းစမ်းခွင့်ရစေချင်ပါ သည်။ ကိုရင်၊  သာမဏေ၊  ရှင်ရဟန်းတို့ကား ပါဠိလိုသင်ကြားကျက်မှတ်ရသည်။   ဗုဒ္ဓအဘိ ဓမ္မာသူတော်ကောင်းတရားက လူသားများကို နေတတ်ထိုင်တတ်ရန်လည်း   သင်ပေးသလို သေတတ်ရန်လည်းသင်ပေးသည်ကို သိစေချင်လှပါ သည်၊၊ အားလုံးကို ချမ်းသာစေချင်ပါသည်။ 


သေရမည်ကိုကြောက်သောသူများအတွက် ရလာသောအသိမှ မြတ်သောအကျင့်ကို ကျင့်ခြင်း ဖြင့် သေရမည်ကိုမကြောက်တော့သည့်အဖြစ်ကို ရောက်ရှိစေချင်သည့်စေတနာ အဓိကဖြစ်ပါသည်။ သံသရာဆွေမျိုးများပမာ ကျေးဇူးပြုလို၍ သာသနာ နှင့် ဆုံခိုက်၊ လူ့ဘဝရခိုက်၊ အသက်ရှည်ကျန်းမာခိုက် တွင် ဤအဘိဓမ္မာ မြတ်ဒေသနာကို မနှေးအမြန် နာယူပူဇော်နိုင်ကြပါရန် အထူးတိုက်တွန်းလိုက်ရ ပါသည်။     ။
“အိုနာသေမှလွတ်နိုင်သည့်   မဂ်ဖိုလ်နိဗ္ဗာန် လမ်းသို့ ချီတက်နိုင်ကြပါစေ”