
အကြိမ် (၃၀)မြောက် အာရှကုန်သွယ်မှုမြှင့်တင်ရေးဖိုရမ်(30th Asia Trade Promotion Forum-ATPF)၏ Working Level အစည်းအဝေးကို ဇူလိုင် ၂၆ ရက်မှ ၂၇ ရက်အထိ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲ ညွှန်ကြားရေးမှူးနှင့် ဘာသာရပ်ဆိုင်ရာအရာရှိများ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးသည် ATPF အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်မှုမြှင့်တင် ရေးဆိုင်ရာလုပ်ဆောင်ချက်များကို မြှင့်တင်နိုင်ရန်နှင့် ကိုဗစ်-၁၉ ကာလအလွန်တွင် ဆောင်ရွက်နေသည့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကိုမျှဝေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံအပါအဝင် အာရှဒေသမှ ATPF အဖွဲ့ဝင်နိုင်ငံပေါင်း ၂၁ နိုင်ငံ မှ ကိုယ်စားလှယ် ၅၀ ကျော် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းများဖြစ်သည့် JETRO၊ MATRADE ၊ TWTC တို့က သက်ဆိုင်ရာခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ကလည်း “New Initiatives After Covid-19 In Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။
အာရှကုန်သွယ်မှုမြှင့်တင်ရေးဖိုရမ်၏ (၃၅) ကြိမ်မြောက် CEO အစည်းအဝေးကိုလည်း အောက်တိုဘာ ၁၈ ရက်မှ ၂၀ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊